Home
မေးမြန်းခန်း
ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စုကလည်း မဖြစ်ပေါ်လာသေးဘူး - ပဒိုဒေးဗစ်သာကပေါ်
DVB
·
August 25, 2016
ကေအန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ပြီး အဲဒီနေ့ရောက်တိုင်း ဂုဏ်ပြုအခမ်းအနားတွေ ကျင်းပလေ့ ရှိပါတယ်။ ကေအန်ယူ ခေါင်းဆောင် စောဘဦးကြီးကို ကရင်အာဇာနည် သူရဲကောင်းတဦးအဖြစ် သတ်မှတ်ခဲ့သလို သူ ချမှတ်ခဲ့တဲ့ မူလေးချက်ကိုလည်း အခုလက်ရှိအထိ ကေအန်ယူအနေနဲ့ ကိုင်စွဲနေဆဲ ဖြစ်ပါတယ်။ ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ ပတ်သက်တာ၊ ကရင် အာဇာနည်နေ့နဲ့ ပတ်သက်တာ၊ ကေအန်ယူရဲ့ လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ ကေအန်ယူ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ပဒိုဒေးဗစ်သာကပေါ်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး - စောဘဦးကြီးကို ဘာဖြစ်လို့ ကရင့်အာဇာနည်အဖြစ် သတ်မှတ်ခဲ့သလဲ။ ဖြေ - စောဘဦးကြီးဟာ ကရင်အမျိုးသားအစည်းအရုံးပေါ့လေ၊ ကေအန်ယူရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ အမြင့်ဆုံး ခေါင်းဆောင်တယောက်ပေါ့လေ။ သူက ကရင်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု တိုက်ပွဲမှာ အနိုင်မခံ အရှုံးမပေးဘဲ အသက်ပေးလှူသွားတဲ့အတွက် အဲဒါ သူ့ကို အာဇာနည်အဖြစ် ကျနော်တို့သတ်မှတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းပေါ့လေ။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ကျင်းပလေ့ရှိပါတယ်။ အာဇာနည်နေ့။ မေး - ဟုတ်ကဲ့ ကရင့်အရေးအတွက် စောဘဦးကြီးက ဘာတွေလုပ်ဆောင်ခဲ့သလဲ။ ဘာတွေလုပ်ပေးခဲ့သလဲပေါ့နော်။ ဖြေ - ဘာတွေလုပ်ဆောင်ပေးသလဲဆိုတော့ ကရင်အမျိုးသားတွေက ဒီ လွတ်လပ်ရေး မရခင်မှာပေါ့လေ။ ကျနော်တို့ တိုင်းရင်းသားအသီးသီးက၊ ပြည်နယ်တွေရှိတယ်။ ပြည်နယ်တွေရှိတဲ့အခါမှာ ကရင်ကလည်း လူမျိုးတမျိုးအနေနဲ့ပေါ့။ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ ပြည်နယ်ရှိသင့်တယ်ဆိုပြီးတော့ ပြည်နယ်ရရှိရေးအတွက် ဦးဆောင်ပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အဲလိုလှုပ်ရှားတဲ့အခါမှာ ကျနော်တို့ အမျိုးမျိုးပေါ့လေ၊ အခြေအနေအမျိုးမျိုးကြောင့်ပေါ့။ တော်လှန်ရေးစခဲ့ရတယ်။ တော်လှန်ရေးစတဲ့အချိန်မှာလည်း သူ့အနေနဲ့က ဦးဆောင်မှုပေးခဲ့ရတာပဲ။ သူကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ဖို့ပဲ။ ဒါပေမယ့် တဘက်က လက်နက်ကိုင်တိုက်ပွဲနဲ့ စတင်ပြီးတော့ နှိမ်နင်းတဲ့အခါကျတော့ မဖြစ်မနေပေါ့လေ။ လက်နက်ကိုင်တိုက်ပွဲကို ကရင်အမျိုးသားတွေကစတယ်။ သူ့အနေနဲ့က ကေအန်ယူဥက္ကဋ္ဌ အနေနဲ့ဆိုတော့ အဲဒီတိုက်ပွဲကို ဆက်လက်ပြီးတော့ ဦးဆောင်မှုပေးခြင်းဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့။ ကရင့်ပြည်သူအတွက် စောဘဦးကြီးက မူတွေချပေးတယ်လို့ ကြားသိရတယ်ပေါ့နော်။ အဲဒီမူက ဘာတွေလဲပေါ့။ ဖြေ - စောဘဦးကြီးချခဲ့တဲ့ မူလေးချက်ကတော့ အခြေခံမူလေးချက်ဖြစ်တယ်။ ပထမဆုံး အချက်အနေနဲ့က အရှုံးပေးတဲ့စကား လုံးဝမပြောရဘူး၊ အတွေးအခေါ်တွေ လုံးဝမရှိရဘူးဆိုတဲ့ မူချခဲ့တယ်။ နံပါတ်နှစ်အနေနဲ့ ကရင်အမျိုးသားတွေအတွက် လက်နက်က ကရင့်လက်ထဲမှာ ကရင့်လက်နက် ရှိရမယ်။ ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက်က လက်နက်အားကိုးနဲ့ ကရင်အမျိုးသားတွေက အဖိနှိပ်ခံခဲ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ ကရင်ပြည်နယ် အသိအမှတ်ပြုခြင်း၊ ပြီးပြည့်စုံရမယ်တဲ့။ အဲတော့ ကရင်အမျိုးသားထုရဲ့ အဲဒီအတိုင်းအတာနဲ့ ကိုက်ညီတဲ့နယ်မြေပေါ့လေ။ နောက်ပြီးတော့ ပြည်နယ်တခုရဲ့ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေအားလုံး ပြည့်ပြည့်စုံစုံရှိရမယ်ဆိုတဲ့ သဘောပါပဲ။ နောက်ဆုံးတချက်ကတော့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်တဲ့။ ဆိုလိုရင်းက ကိုလိုနီကျွန်သဘောမျိုး မဖြစ်ဖို့ပေါ့။ ကိုယ့်ကိုယ်ကိုယ်အုပ်ချုပ်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပေါ့၊ လွတ်လပ်ရေးမှာ၊ ကရင်ဟာ ကရင်အုပ်ချုပ်ရမယ်။ ရှမ်းက ရှမ်းအုပ်ချုပ်မယ်။ ဒါဟာ လွတ်လပ်ရေးပဲ၊ ဒါဟာပြည်ထောင်စုဖြစ်တယ်။ အစရှိသဖြင့်ပေါ့လေ။ အဲဒီသဘောထားအတိုင်းပါပဲ။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်ဆိုတာ ကရင်က ကရင်အုပ်ချုပ်မယ်။ ပြည်ထောင်စုအတွင်းမှာပဲ အားလုံးစုပေါင်းနေမယ်ဆိုတဲ့ သဘောလည်း ရှိပါတယ်။ မေး - ဟုတ်ကဲ့ ကရင့်ပြည်သူအတွက် စောဘဦးကြီးက မူလေးချက် ချမှတ်ပေးလိုက်တယ်ပေါ့နော်။ အဲဒီမူလေးချက်ကလည်း အခုလက်ရှိ ကရင့်တော်လှန်ရေးသမားလည်း ကိုင်စွဲနေဆဲပဲလို့ သိရတယ်ပေါ့နော်။ အရင်က စောဘဦးကြီး ချပေးလိုက်တဲ့ မူလေးချက်ဟာ မှန်တယ်လို့ ထင်သလားခင်ဗျ။ ဖြေ - မူလေးချက်က မှန်ပါတယ်။ အခုလည်း မှန်နေတာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခြေအနေအရပေါ့လေ။ လူမျိုးရေးပေါ် အခြေခံပြီးတော့ ဖိနှိပ်ချုပ်ချယ်မှုတွေက ရှိနေတုန်းပဲ။ အဲဒီတော့ လူမျိုးရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ ကင်းရှင်းတဲ့အချိန် ဆိုရင်တော့ ကျနော်တို့ အားလုံး ဆက်ကိုင်ဖို့ လိုချင်မှ လိုမယ်ပေါ့လေ။ ဥပမာ အရှုံးပေးတာတို့ ဘာတို့ဆိုတာ မရှိတော့ဘူးပေါ့။ သာတူညီမျှမှု အခြေခံနဲ့ အားလုံး ညီအစ်ကိုစိတ်ဓာတ်နဲ့ပေါ့။ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာမယ်ဆိုရင် ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိတယ်ဆိုတာထက် ပြည်ထောင်စုအတွင်းမှာ အားလုံး စုပေါင်းကိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်မယ်။ အဲဒီသဘောတွေပေါ့လေ။ မေး - ဟုတ်ကဲ့ စောဘဦးကြီးချပေးလိုက်တဲ့ မူလေးချက်က အခုလက်ရှိ ကိုင်စွဲနေဆဲပဲပေါ့နော်။ မျိုးဆက်သစ်လူငယ်တွေရော ဒီမူလေးချက်ကို ရှေ့ဆက်ပြီးတော့ ဘယ်လို ဆောင်ရွက်သင့်သလဲပေါ့နော်။ ဖြေ - မျိုးဆက်သစ်အနေနဲ့က ဒါကို ဆက်ကိုင်ထားရမှာပဲ။ မကိုင်လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စုကလည်း မဖြစ်ပေါ်လာသေးဘူး။ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ်ဆိုတာလည်း ပီပီပြင်ပြင် ဖြစ်ပေါ်လာတာမရှိဘူး။ အဲတော့ ဒီတိုက်ပွဲဟာ ရေရှည်ဖြစ်နိုင်တယ်လေ။ နှစ်ခြောက်ဆယ်ကျော်သည့်တိုင်အောင် ရေရှည်ဆိုတာက နောက် ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ် စသဖြင့် ဖြစ်သွားနိုင်သေးတယ်။ ဆိုတော့ ဒါက ကရင်လူငယ်တွေက ဒါကို ဆက်ပြီးတော့ ဆွဲကိုင်ထားရမှာဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့ လက်ရှိအခြေအနေမှာဆိုရင် အန်စီအေတော့ ဖွဲ့စည်းထားတာ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ၂၁ ရာစုပင်လုံလည်း အစည်းအဝေး စတင်တော့မှာပေါ့နော်။ ဟုတ်ကဲ့ စောဘဦးကြီးချပေးလိုက်တဲ့ မူလေးချက်နဲ့ သက်ဆိုင်မှုရှိပါလားခင်ဗျ။ ဖြေ - စောဘဦးကြီး ချပေးတဲ့မူနဲ့ သက်ဆိုင်တာပေါ့။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်လေ။ အခုဟာက အန်စီအေဆိုတာကတော့ ထားလိုက်ပါ။ ဒါက ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှုကော၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာကို ဖြေရှင်းရေး။ ကျနော်တို့ တောက်လျှောက်တိုက်လာတာ မတိုက်ပါနဲ့၊ ရပ်ပါ။ ရပ်ပြီးတော့ ကျနော်တို့ နိုင်ငံရေးအရ ဖြေရှင်းမယ်။ အားလုံးသာတူညီမျှမှု အခြေခံအရပေါ့လေ။ ညီရင်းအစ်ကိုစိတ်ဓာတ်ပေါ့။ ပြည်ထောင်စုသားစိတ်ဓာတ်နဲ့ အဲဒါ ဆက်ပြီးတော့ အခု ဒီ ကျနော်တို့ ၂၁ ပင်လုံညီလာခံဆိုတာက ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်ရေးအတွက် ကျနော်တို့ကတော့ ပြည်ထောင်စုစစ်တယ်၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်။ အုပ်စုတစုတည်းကပဲ ကြီးစိုးအုပ်ချုပ်နေတဲ့နိုင်ငံ မဖြစ်ဖို့ပေါ့။ တိုင်းရင်းသားလူမျိုးတွေအားလုံး သာတူညီမျှ အခြေခံအရ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတဲ့ ပြည်ထောင်စုကြီးပေါ့လေ။ စုပေါင်းဖန်တီးတဲ့ အဆင့်ရှိသလို တိုင်းရင်းသားအသီးသီးကလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတာမျိုးလည်း ရှိသင့်တယ်ပေါ့လေ။ အဲလိုပြည်ထောင်စုမျိုး ဖြစ်ပေါ်လာဖို့အတွက် ဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့ ကရင့်အမျိုးသားတွေက အဲဒီအချိန်က လူမျိုးရေး၊ မုန်းတီးရေး ဆိုပြီးတော့ တိုက်ပွဲဖြစ်လာတယ်လို့ သိရတယ်ပေါ့နော်။ အဲဒီအချိန်မှာဆိုရင်ပေါ့နော်။ အခုဆိုရင် စစ်အစိုးရလို့ ဆိုကြတာပေါ့နော်၊ စစ်အစိုးရမုန်းတီးရေး၊ စစ်အစိုးရကလည်း တိုင်းရင်းသားတွေကို သည်းသည်းမည်းမည်း တိုက်တာခိုက်တာ ရှိခဲ့တယ်။ အရင် စောဘဦးကြီးခေတ်ကတည်းကဆိုရင် လူမျိုးရေးမုန်းတီးတာဟာ ဘယ်လောက်အထိ ကြီးကြီးမားမားရှိလဲ အဲဒီအချိန်က။ ဖြေ - အဲဒီတုန်းကတော့ လူမျိုးမုန်းတီးရေးဆိုတာက အာဏာမက်တဲ့လူတွေပေါ့။ ကျနော့်အမြင်ကတော့ အခွင့်အရေးတိုက်ပွဲက ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတခုဖြစ်တယ်။ ဆန္ဒပြတာတောင်မှ အသံတိတ်ဆန္ဒပြတာဖြစ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဖဆပလနဲ့ စစ်တပ်အတွင်းမှာပေါ့။ အာဏာမက်မောတာတွေက ရှိတယ်။ ဥပမာ ဗိုလ်ချုပ်နေ၀င်းပေါ့ဗျာ။ ဗိုလ်ချုပ်နေ၀င်းကစပြီးတော့ ကရင်တွေကို တိုက်ခဲ့တာပဲ။ ကရင်တွေကို အမျိုးမျိုးစွပ်စွဲတယ်ပေါ့။ အင်္ဂလိပ်အလိုတော်ရိ၊ နယ်ချဲ့အလိုတော်ရိ အစရှိသဖြင့်ပေါ့ အဲလိုစွပ်စွဲပြီးတော့ တိုက်တာပဲ။ တိုက်တာ ပထမဦးဆုံး ခါးပိုက်ဆောင်တပ်တွေကို သုံးပြီးတော့ တိုက်ခိုက်ခဲ့တယ်။ အဲတော့ ကျနော်တို့ သာမန်လူတွေကတော့ ဗမာက ကရင်ကို ချတယ်ပေါ့။ ဗမာဘက်ကလည်း ကရင်က ဗမာကိုချတယ် စသဖြင့် အဲလိုအတွေးအခေါ်တွေ ဖြစ်လာတာပေါ့။ အဲဒါက လူမျိုးရေး အခြေခံကတော့ ဖြစ်နိုင်တာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခြားနိုင်ငံတွေ ယူဂိုဆလားဗီးယားနိုင်ငံတို့ ဘာတို့မှာလည်း ဒီလိုပါပဲ။ ဘာသာရေးအခြေခံ၊ လူမျိုးရေးအခြေခံနဲ့ အဲလို လူမျိုးရေးမုန်းတီးမှုတွေများတော့ တိုက်ပွဲတွေဖြစ်တယ်။ အဲဒီမှာ ပြည်ထောင်စုတောင် ပြိုကွဲသွားတယ်ပေါ့။ ဒါပေမယ့်လို့ အခုအချိန်မှာတော့ လူမျိုးမုန်းတီးရေးဆိုတာ ကျနော်တို့ ဗမာလူထုဘက်ကလည်း ဒါ လူမျိုးမုန်းတီးရေးမဟုတ်ဘူး၊ အာဏာရူးတစုရဲ့ လုပ်ရပ်ဖြစ်တယ်။ ကရင်ဘက်မှာလည်း ဗမာတွေက အားလုံးဆိုးတာမဟုတ်ဘူး။ ဗမာအုပ်စု အစွန်းရောက် လူမျိုးရေးဝါဒကို ကျင့်သုံးတဲ့အုပ်စုတစုပဲ ဆိုးရွားနေတာဖြစ်တယ် ဆိုတာတွေကို သိရှိ နားလည်လာပါတယ်။ မေး - စောဘဦးကြီးက ဘယ်လိုမျိုး လူပုံစံလဲပေါ့။ အနေအထား အပြောအဆိုပေါ့နော်။ ဖြေ - စောဘဦးကြီးက သိမ်မွေ့တဲ့ပုဂ္ဂိုလ်ပါ။ ပညာတတ်တယောက်ပါ။ သူ့အနေနဲ့က ဒီ တက္ကသိုလ်ဘွဲ့ရပြီးတော့ ထပ်ဆင့် Barrister at Law လို့ခေါ်တယ်။ ဒါ ရှေ့နေပေါ့လေ။ ၀တ်လုံတော်ရရှေ့နေ၊ အဲဒီပညာရပ်ကို အင်္ဂလန်မှာတောင် သွားပြီးတော့ သင်ကြားတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်သွားဖို့ မူချခဲ့တာပဲ။ ဒါပေမယ့်လို့ စတင်ပြီးတော့ တိုက်တာက ကရင်က စတိုက်တာမဟုတ်ဘူး။ နေ၀င်းက သူ့ခါးပိုက်ဆောင်တပ်ကို သုံးပြီးတော့ ကရင်တွေကိုတိုက်တာ။ ဟိုး ရန်ကုန်မြို့လယ်မှာရှိတဲ့ ကရင်ရပ်ကွက်၊ ကျနော်တို့ အလုံမှာရှိတဲ့ ကရင်ရပ်ကွက်ကို မီးရှို့တယ်၊ သမိုင်းမှာရှိတဲ့ ကရင်ရပ်ကွက်ကို ပစ်ခတ်တိုက်ခိုက် မီးရှို့တယ်။ အင်းစိန်ကိုလာပြီး ပစ်လားခတ်လား၊ ကြိမ်းလားမောင်းလား လုပ်တဲ့အခါကျမှ ကရင်က လက်နက်ကိုင် ပြန်ပြီးတော့ ခုခံတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ၀ါဒဖြန့်ချိရေးတောက်လျှောက်မှာ ကရင်ကပဲ စသလိုလို၊ အဲသလို အတွေးအခေါ်တွေ၊ အဲသလို အပြောအဆိုတွေ ရှိတယ်။ ဒါ မမှန်မကန်တဲ့ ၀ါဒဖြန့်ချိမှုပဲ ဖြစ်ပါတယ်။ အခြားတိုင်းရင်းသားတွေလည်း ဒီလိုပါပဲ။ ဖိနှိပ်တာကို ပြန်ပြီးတော့ ခုခံတဲ့စစ်ဖြစ်တယ်။ ခုခံတော်လှန်တဲ့စစ်ပေါ့လေ။ ဒီ ကွန်မြူနစ်တော်လှန်ရေးလို မဟုတ်ဘူး။ ဟိုက ၀ါဒရေးရာအရ စနစ်တခုလုံး ပြောင်းလဲသွားအောင် ဒါ တော်လှန်တာ။ ဒီကတော့ ခုခံရင်းနဲ့ စနစ်ပါ ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ဘက်ကို ကျနော်တို့ အဲဒီလှုပ်ရှားမှုက ဦးတည်ချက် အဲဒီဘက်ကို ရောက်သွားတာပေါ့လေ။ တွေ့ဆုံမေးမြန်းသူ - စောဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024