Homeမေးမွနျးခနျးရှင်းရှင်းပြောရရင် ကျနော်တို့ကို လိမ်နေတာ

ကျောင်းသားတပ်မတော် (အေဘီအက်ဒီအက်ဖ်) နဲ့ ဆက်သွယ်မှုနဲ့ ထောင် ၂၆ နှစ်ချခံခဲ့ရပြီး စက်တင်ဘာ ၁၂ ရက်နေ့က မော်လမြိုင်ထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသက်ဦးကို ထောင်က လွှတ်လွှတ်ချင်းမှာ လက်ရှိ မြန်မာ့နိုင်ငံအပေါ် သူရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။
ဦးသက်ဦးထောင်ထဲမှာ အကြာကြီးနေခဲ့ရတယ်လို့ ကျနော်တို့ နားလည်ပါတယ်။
“၂၆ နှစ်ပေါ့။ အခု ၁၅ နှစ်ပေါ့။ ၁၅ နှစ်ပြည့်ဖို့ ၂ လအလိုပါ။”
အခုထွက်ထွက်ချင်းမှာ မြန်မာပြည်နိုင်ငံရေးကို ဘယ်လိုများသုံးသပ်ပါလဲဗျ။
“အပြောင်းအလဲတော့ ရှိတော့ ရှိတယ်။ ဒါကို ကျနော်တို့က မယုံကြည်ဘူး။ သူ့ရဲ့သဘောထားက မပြောင်းလဲဘူးဆိုတာကို အခု ဒီကနေ့ လွှတ်တဲ့အချိန်မှာ အဖြေပေါ်တာပဲ။ နိုင်ငံတကာက တောင်းဆိုတယ်၊ တောင်းဆိုတာကို အခု လက်တလုံးခြားလိမ်ပြီး လုပ်သွားတာပဲ။”
အခု ၁၅ နှစ်ကာလလုံးက မော်လမြိုင်ထောင် တခုတည်းမှာ နေခဲ့ရတာလား။
“မဟုတ်ပါဘူး၊ စုစုပေါင်း ထောင် ၄ ခုမှာ နေခဲ့ရတယ်။”
ဘာကြောင့် အကြာကြီး ဖမ်းဆီးထားတာပါလဲ။ ကြားထဲမှာ ပြန်လွှတ်ပေးတာတွေ ရှိသေးလား။
“ကျနော့်အမှုတွဲမှာ ကျနော်က နံပါတ်တစ် တရားခံဖြစ်သွားတယ်ဗျ။ အေဘီအက်စ်ဒီအက်ဖ် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) နဲ့ ဆက်သွယ်မှုနဲ့ ကျနော့်ကို ချတယ်။ ကျနော့်အမှုတွဲမှာ တယောက်မှ မရှိတော့ဘူး၊ ကျနော်တယောက်ပဲ ကျန်တယ်။ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်တွေ လာတိုင်းမှာ ကျနော်မပါဘူး။ အခုတကြိမ်မှာ ကျနော်ပါတယ်ပေါ့ဗျာ။”
အခုလွှတ်လိုက်တဲ့အခါ သူတို့ပြောတာရှိတယ်။ နိုင်ငံတော် တည်ဆောက်ရေးမှာ ဝိုင်းဝန်းကူညီကြပါဆိုပြီး ကြေညာချက်မှာလည်းပါတယ်။ အဲ့အပေါ်မှာ ဘာများပြောချင်ပါသေးလဲ။
“နိုင်ငံတော် တည်ဆောက်ရေးမှာပါဝင်ကြပါလို့တော့ ပြောတယ်။ ကျနော်တို့ကလည်း ကျနော်တို့ နိုင်တဲ့အလုပ်၊ လုပ်သင့်လုပ်ထိုက်တာတွေလုပ်မယ်။ သူတို့နဲ့တော့ ပူးပေါင်းမှာမဟုတ်ဘူး။ သူတို့လုပ်သမျှကိုလည်း အထောက်အပံ့တော့ ပေးမှာမဟုတ်ဘူး။ ကျနော်တို့ လုပ်ချင်တဲ့ ဒီမိုကရေစီလမ်းကြောင်း ဖွံ့ဖြိုးမှုလမ်းကြောင်းကိုပဲ လုပ်ဖို့ရည်သန်ပါတယ်။ ပူးပေါင်းလုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။”
အခု အသက်ဘယ်လောက်ရှိပါပြီလဲ။
“အခု အသက် ၄၈ ပါ။ စဖမ်းတုန်းကတော့ ၃၃ နှစ်ပဲ။”
မြန်မာပြည်နိုင်ငံရေး ပြဿနာပေါ့လေ။ နိုင်ငံရေးတောက်လျှောက် လုပ်လာကြတယ်။ ထောင်တွေလည်း နှစ်တွေအများကြီးကျနေကြတယ်။ အခုထိပြေလည်မှုမရသေးဘူး။ လွှတ်တော့လည်း တချို့လွှတ်တယ်။ တချို့လည်းမပါဘူး။ မြန်မာပြည် ပြဿနာက အခုထိကို ပြေလည်မယ့်ပုံမပေါ်သေးဘူး။ တယောက်နဲ့တယောက်လည်း ညှိလို့မရသေးဘူး။ ဘာကြောင်လို့ သုံးသပ်မိပါလဲ။
“ဘာကြောင့်လဲဆိုတော့ မရိုးသားမှုပေါ့ဗျာ။ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မရိုးသားမှုတွေပေါ်မှာ မူတည်ပြီးတော့ ဖြစ်နေတယ်လို့ ယူဆတယ်။ နိုင်ငံရေးမှာ ရိုးသားဖို့ အဓိကကျတယ်၊ ယုံကြည်မှုပေါ့ဗျာ။ တဦးကို တဦး ယုံကြည်မှုပေါ့ဗျာ။ ကျနော်တို့ဘက်က ယုံကြည်ချင်သော်ငြားလည်း သူတို့ဘက်ကနေ ကျနော်တို့ကို သံသယရှိစွာနဲ့ အမြဲကြည့်နေတဲ့ ပြဿနာပေါ့ဗျာ။ ကျနော်တို့ကလည်း မှန်းထားပြီးသားပါ။ ကျနော်တို့ကို အလုံးအရင်းနဲ့ မလွှတ်နိုင်ဘူးဆိုတာ။ ယူဆထားတယ်။ ကျနော်တို့ကို စိုးရိမ်မှုတော်တော်များနေတယ်။ သံသယများနေတယ်။ အဲ့အတွက်ကြောင့် ပြဿနာကမပြေလည်နိုင်ဘူး။ တိုင်းရင်းသားကိစ္စလည်း ဒါပဲ။ သံသယကိစ္စတွေကြောင့် မပြေလည်နိုင်ဘူး။ သူတို့ အပေါ်စီးရယူထားတာတောင် ကျနော်တို့ကို ဘာကြောင့်ကြောက်နေလဲဆိုတာကို နားမလည်နိုင်ဘူး။ တွေ့ကြ ဆုံကြ ပြောဆိုဆွေးနွေး လုပ်ကိုင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ အကျဉ်းသားလွတ်မြောက်ရေးအတွက်က ဘာမှ တစုံတခု အတိုင်းအတာတခုထိ မထူးဘူး။ အခုဆိုရင် ထောင်ထဲမှာ အများကြီးကျန်နေတယ်။ ၈၈ အုပ်စုမှာဆို တော်တော်များများ ကျန်နေတယ်။ ထောင်ထဲမှာ စွန့်လွှတ် အနစ်နာခံ ငတ်ပြတ် ဆင်းရဲဒုက္ခ အနစ်နာခံမှုတွေကို ထောင်ထဲရောက်တဲ့သူပဲ ကိုယ်ချင်းစာနိုင်မှာပဲ။ ထောင်ထဲရောက်တဲ့သူတွေရဲ့ ခံစားချက် နာကြည်းချက်ကို ကျနော်တို့က ဘယ်လိုကုစားမလဲဆိုတာ အားလုံး ဝိုင်းဝန်းပြီး စဉ်းစားရမယ်။ ဒါကို မကုစားနိုင်သေးဘူးဆိုရင် မြန်မာပြည်နိုင်ငံရေးပြဿနာက ပြေလည်ဦးမှာမဟုတ်ဘူး။ အဓိကတော့ ရိုးသားဖို့အရေးကြီးတယ်။ တိုင်းပြည်မှာ သွားတဲ့အခါ တဖက်နဲ့ တဖက် အမြင်မတူတာတွေ ပြောမယ် ဆိုမယ်။ ပါးစပ်ကပြောနေရုံနဲ့ မပြီးဘူး။ အလုပ်လက်တွေ့လုပ်ဖို့ကလည်း အရေးကြီးတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတွေ့ဆုံဆွေးနွေးတာရော ကြားပါလားခင်ဗျ။ ဘယ်လိုသုံးသပ်ပါလဲ။
“ကြားပါတယ်။ ဘယ်လိုသုံးသပ်လဲဆိုရင် မူအားဖြင့်လက်ခံပါတယ်။ ပထမ (စစ်အစိုးရလက်ထက်) ၉ ကြိမ်တွေ့ခဲ့ပြီးပြီ။ အခု (အစိုးရသစ်လက်ထက်) ၃ ကြိမ်မြောက်တွေ့တယ်။ ၃ ကြိမ်မြောက်တွေ့တဲ့ ရလဒ်ဟာ အခုဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အကောင်အထည်ဖော်ပြီတဲ့။ အစိုးရ သွားနေတဲ့ လမ်းကြောင်းဟာ ကျနော်မြင်တာတော့ ဒီ ၂၀၁၄ အတွက်ကြောင့်လို့ သွားမြင်တယ်။ ဒီ ၂၀၁၄ အတွက်ကို ဒါလေးကို လုပ်ပြတာပေါ့။”
အာဆီယံ ဥက္ကဋ္ဌကိစ္စပေါ့။
“ဟုတ်တယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကိစ္စနဲ့ နိုင်ငံတကာ ဖိအားတွေ လျှော့ချချင်တဲ့အတွက် ဒါတွေလုပ်ပြတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဆိုတာလည်း ဘာမှလုပ်နိုင်တဲ့ အခွင့်အရေးရှိမှာလည်း မဟုတ်ဘူး။ လုပ်နိုင်မှာလည်း မဟုတ်ဘူး။ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ယုံကြည်မှုလည်း မရှိဘူး။ ကျနော်တို့ ဘယ်လောက်ပြောပြော အရေးယူမှုတွေ မရှိခဲ့ဘူး။ ထောင်တွင်းဖိနှိပ်မှုတွေ ကျနော်တို့ တိုင်ကြားခဲ့တယ်။ လုပ်ခဲ့တယ်။ အရေးယူမှု တခုမှမရှိခဲ့တဲ့ အစိုးရတခုကို ကျနော်တို့က ဘယ်လိုယုံကြည်မလဲ။ အဲ့လိုအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ လက်တွေ့အကောင်အထည်ဖော်ပြနိုင်မှ တဖက်ကလည်း ယုံကြည်မှာပေါ့ဗျ။ ဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသင့်တာတွေ လွှတ်ဗျာ။ ကုန်ကုန်ပြောမယ် အားလုံးလွှတ်ပေးရမယ် ဒါမှသာ ယုံကြည်မှုကို တည်ဆောက်လို့ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာကို မူအားဖြင့်လက်ခံတယ်။ ဒါပေမယ့် ၂၀၀၂ခုနှစ်တုန်းကလို ပြန်ဖြစ်မှာကို ကျနော်တို့က စိုးရိမ်တယ်။ ၂၀၀၂ တုန်းက ဒီလို သမိုင်းစာမျက်နှာကို ဖွင့်လှစ်ခဲ့ပြီလို့ ပြောတယ်။ ၂၀၀၃ မှာ ဒီပဲယင်းဖြစ်တယ်။ အားလုံး ထောင်ထဲရောက်သူရောက်တယ်။ ပြည်ပထွက်ခွာသူတွေ ရှိတယ်။ သေတဲ့သူသေတယ်၊ နာတဲ့လူ နာတယ်။ ဒီလို အလားတူမျိုးကိုပဲ ဟန်ပြလုပ်နေတယ်။ ကျနော်တို့က မယုံကြည်ဘူး။ ဒီနေ့လုပ်သွားတာဆိုရင် ယုံကြည်စရာ ဘယ်လိုရှိမလဲ။ ယုံကြည်စရာမရှိတဲ့လူတွေနဲ့ ကျနော်တို့က စကားပြောတဲ့နေရာမှာ ဒါတွေထည့်ပြောဖို့ လိုအပ်တယ်။ ခေါင်းဆောင်တွေက။ ဘာလို့လဲဆိုတော့ သူတို့က ကျနော်တို့ကို ရှင်းရှင်းပြောရရင် လိမ်နေတာလေ။ ကျနော့်အမြင်ကို ပြောတာပါ။”
အစိုးရက အခုပြုပြင်ပြောင်းလဲရေးလို့ ပြောနေတာနဲ့ ပတ်သက်ပြီး အစိုးရ ဘယ်တွေလုပ်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါလဲ။
“လက်ရှိ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နံပတ်တစ် လွှတ်ပေးရမယ်။ တဖက်ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့ရယ်။ တိုင်းရင်းသားဒေသတွေမှာ နယ်စပ်ဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ ရပ်ဆိုင်းပြီးတော့ ငြိမ်းချမ်းရေးလုပ်ဖို့ လိုပါတယ်။