
စစ်ကိုင်းတိုင်း ခန္တီးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မစုစုနွေးဟာ သူပြန်လွတ်လာပေမယ့် ထောင်တွင်းကျန်နေသူတွေအတွက် စိုးရိမ်ရတယ်လို့ ပြောပါတယ်။
ခန္တီးထောင်မှာ သူ့ကို သီးသန့်တဦးတည်း ချုပ်နှောင်ထားပြီး တခြားအဆောင်သူ အဆောင်သားတွေနဲ့လည်း ဆက်သွယ်ခွင့်မပြုခဲ့ဘူးလို့ မစုစုနွေးက ပြောပါတယ်။
သတင်းစာဂျာနယ်နဲ့ စာအုပ်တွေကိုတော့ ဖတ်ခွင့်ပေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူလွတ်တာကို ထောင်အာဏာပိုင်တွေက လာပြောပေမယ့် ပြစ်ဒဏ်ကြွေး ကျန်ရှိကြောင်း ခံဝန်ချက်လက်မှတ် ထိုးခိုင်းခဲ့ပေမယ့် သူ့အနေနဲ့ မထိုးခဲ့ဘဲ ငြင်းဆိုခဲ့ပါတယ်။
နောက်ဆုံး မနက် ၉ နာရီခွဲလောက်မှ လက်မှတ်မထိုးလည်း လွှတ်ပေးမယ်လို့ ပြောပြီး လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ မစုစုနွေးကို မေးမြန်းထားပါတယ်။
အခု ပြန်လွတ်လာလာချင်း ပထမဆုံး ဘာများပြောချင်လဲ။
“ကျန်နေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။ ပထမဆုံး အဲဒါပြောချင်ပါတယ်။”
အခု ကျန်းမာရေးအခြေအနေ ဘယ်လိုနေလဲ။
“ကျန်းမာရေးတော့ ကောင်းပါတယ်။ အပြင်မှာလိုပဲ နှလုံးရောဂါနဲ့ သွေးတိုးရောဂါက အမြဲတမ်းဆေးစားနေရတယ်။ တလတကြိမ်လည်း ထောင်ထဲမှာ ဆေးသွင်းနေရတယ်။ အားဆေးလည်း မနက်တလုံး ညတလုံးပုံမှန် သောက်ရတယ်။ ပုံမှန်တော့ အပြင်မှာ ဆေးချိတ်သလို ချိတ်နေရတယ်။ အားဆေးလည်း သောက်နေရတယ်။ ထောင်ထဲမှာ ဖြစ်တဲ့ ငှက်ဖျားတို့ဘာတို့တော့ မဖြစ်ပါဘူး။ ကျန်တဲ့ သူတွေတော့ ငှက်ဖျားဖြစ်ကြတယ်။”
ထောင်ထဲမှာ ခန္တီးထောင်ဟာ တော်တော်ဆိုးတယ်လို့ ကြားတယ်။ ထောင်တွင်း စောင့်ရှောက်မှု အခြေအနေကလည်း ဘယ်လိုရှိလဲ။
“ထောင်တွင်းအခြေအနေရတော့ ကျမကို တယောက်တည်းထားတာလေ။ ဘယ်သူနဲ့မှလည်း မပတ်သက်ရဘူး။ လုပ်ဖော်ကိုင်ဖက် ယောကျာ်းလေးတွေနဲ့လည်း ပတ်သက်လို့မရဘူး။ ဒီဘက်က အကျဉ်းသူတွေနဲ့လည်း ပတ်သက်လို့ မရဘူး။ အထဲမှာ ဝန်ထမ်းတွေ ချထားတယ်ဆိုပေမယ့်လည်း ရင်းရင်းနှီးနှီး ဆက်ဆံခွင့်မရှိဘူး။ တယောက်တည်းထားတာဆိုတော့ ထောင်ထဲက အချက်အလက်တွေကိုတောင် သိပ်မသိဘူး။”
သူတို့က ဘာလို့ တယောက်တည်းထားတာလဲ။
“တယောက်တည်းကို ဘယ်သူနဲ့မှ မဆက်သွယ်ရဘူး။ ဟိုဘက်ဒီဘက် တံခါးပိတ်ထားတယ်။ ထမင်းပို့တဲ့အချိန် ပစ္စည်းပို့တဲ့အချိန်လောက်ပဲ ဆရာမတွေ သူတို့ဘာသူတို့ ဖွင့်ပြီးသွားယူတယ်။”
မစုစုနွေးအနေနဲ့ ထောင်ထဲမှာလည်း မကြာခနဆိုသလို ဆန္ဒပြတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။
“ဆန္ဒပြတာတော့မဟုတ်ဘူး။ ယောကျာ်းလေးတွေဘက်က သူတို့အခွင့်အရေး သူတို့တိုက်တာတွေပါ။ မောင်လေးတွေနဲ့တွေ့တော့ သူတို့ပြန်ပြောပြတာ သိရတယ်။ ဒါပေမယ့် ကျမတယောက်တည်းနေတဲ့အချိန်မှာတော့ သူတို့ဘက်က ဖြစ်နေတာတွေ အားလုံးကို ကျမမေးလို့လည်း မရဘူး။ သူတို့ကို မေးရင်လည်းမသိဘူးလို့ ပြောတယ်။ ဟိုဘက်က ပါဆယ်ပို့ပေးလို့ မရဘူး။ ဟိုဘက်က အမကို ပို့ပေးခိုင်းလိုက်ရင် ဘယ်သူဘယ်ဝါ မောင်ဖြူ၊ မောင်နီ ပို့ခိုင်းတယ်လို့ မပြောဘူး။ ဟိုဘက်နဲ့ အဆက်အသွယ်လုပ်မှာကို ကြောက်ကြတယ်။ ဒီဘက်ကနေ မောင်နီဆီကို ပို့ခိုင်းရင်တော့ မစုစုနွေးပို့ခိုင်းတယ်လို့ ပြောတယ်။ ဆန္ဒပြတာတော့ မဟုတ်ဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူတာ။ ဆန္ဒပြတယ်ဆိုတာက အကြောင်းအရာတခုကို ဒါကိုမရရင် ဘယ်နေ့ထိ မဖြုတ်ဘူး။ ဒါကိုရမှဖြုတ်မယ်ဆိုပြီး အဲဒီလိုလုပ်တာမျိုး မဟုတ်ဘူး။ ကိုယ့်အခွင့်အရေးကို တောင်းဆိုတယ်။ တောင်းဆိုလို့ မရရင် မစားဘူး ဘာညာလုပ်တယ်။ သူတို့ဘက်က ချက်ချင်းဖြေရှင်းပေးတာ ရှိပါတယ်။”
အခုအပြင်ထွက်လာတော့ ဘယ်လိုခံစားရလဲ။
“လွှတ်တယ်ဆိုတာတောင် လွှတ်တယ်လို့ပြောပြီး ချက်ချင်းလွှတ်တာ မဟုတ်ဘူးလေ။ လက်မှတ် ထိုးခိုင်းသေးတာလေ။”
ထိုးခိုင်းတဲ့နေရာမှာ ဘာတွေပါလဲ။
“သူတို့ဖတ်ပြတာတော့ သူတို့ဘက်ကနေ အကျင့်စာရိတ္တကောင်းတဲ့လူတွေ အကုန်လုံးကို လွှတ်ပေးတယ်။ မစုကိုလည်း သူတို့ဘက်ကနေပြီးတော့ နောက်တခါ ဒီအပြစ်ကိုကျူးလွန်ခဲ့ရင် အခုလွှတ်ပေးတာကို ခံဝန်ချုပ်သဘောမျိုးပေါ့၊ အဲလိုမျိုးဖတ်ပြတယ်။ အဲဒါကို ဖတ်ပြတော့ မစုက မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်။ လက်မှတ်ထိုးမှ လွှတ်မယ်ဆိုရင်တော့ မထွက်ဘူး။ နောက် ၁၀ နှစ်တိုးပါ။ ၁၀ နှစ်ထပ်ပြည့်သွားလို့ လက်မှတ်ထိုးခိုင်းရင်လည်း မထွက်နိုင်ဘူး။ အဲဒီလိုပြောလိုက်တော့ ပြန်သွားတယ်။ ပြန်သွားပြီးတော့ နောက် ၉ နာရီ ၄၅ မိနစ်လောက်ကျမှ လက်မှတ်မထိုးလည်း လွှတ်ပေးပါတယ်ဆိုပြီး လာပြောတယ်။”
ထောင်တွင်းမှာ သတင်းတွေဘာတွေကော ဖတ်လို့ ကြားရတာမျိုး ရှိလား။ ဂျာနယ်တွေဘာတွေ ရောက်လား။
“ဂျာနယ်တွေဘာတွေပေးဖတ်တယ်။ သတင်းစာလည်း ပုံမှန်ပေးဖတ်တယ်။ သတင်းကတော့ မပြတ်ပါဘူး။ စာအုပ်တွေဘာတွေလည်း ပေးဖတ်တယ်။ တယောက်တည်းထားပေမယ့် စာဖတ်ခွင့်တော့ ရှိပါတယ်။ ဟိုဘက်တွေနဲ့ ဆက်သွယ်ခွင့် မရှိတာ။ ဆက်သွယ်ခွင့် စကားပြောခွင့် အဲဒါတော့ ပိတ်ထားတယ်။”
တီဗွီတွေဘာတွေကော ကြည့်ခွင့်ရှိလား။
“တီဗွီကတော့ ကြည့်လို့မရဘူး။”
အခုဂျာနယ်တွေလည်း တချို့ဟာတွေ ရေးလာတာတွေရှိလာတော့ အစ်မအနေနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ်မှာကော ဘယ်လိုမြင်ပါလဲ။
“နိုင်ငံရေးကတော့ ကျမတို့ သတင်းစာနဲ့ ဂျာနယ်နဲ့ ဖတ်နေတဲ့အပေါ်မှာ ကျမတို့ဘက်က ထင်မြင်ချက်ကတော့ လွှတ်တော်နိုင်ငံရေးပုံစံဖြစ်နေတယ်လို့ ထင်ပါတယ်။”
ဒီအပေါ်မှာကော ဘယ်လိုမျိုး ပြောချင်လဲ။
“အခုချိန်မှာတော့ ဘာမှတော့ မပြောချင်ပါဘူး။ ကျမတို့လည်း ထောင်ကလွတ်လာတာ အခုရန်ကုန်လည်း မရောက်သေးဘူး။ ခန္တီးမှာပဲ ရှိသေးတာဆိုတော့ အပြင်ရဲ့ လုပ်ဆောင်နေတာကို ဘာမှလည်း သေသေချာချာ မသိရသေးဘူး။ ဂျာနယ်တွေနဲ့ သတင်းစာပေါ်မှာ ကြည့်ပြီးတော့ ကောင်းတယ်၊ ဆိုးတယ် ဘာမှမပြောချင်ပါဘူး။”
ရန်ကုန်ကို ဘယ်တော့ပြန်မလဲ။
“တနင်္ဂနွေနေ့မှာ ပြန်မယ်။”
တခြား ဘာများပြောချင်တာ ရှိဦးမလဲ။
“ကျန်နေခဲ့တဲ့ အကျဉ်းသူ အကျဉ်းသားတွေအပေါ်မှာ စိုးရိမ်တယ်။ နေခဲ့ရတဲ့ ထောင်တွင်းအခြေအနေတွေနဲ့ ကျမတို့ပြန်လွတ်လာတဲ့အချိန်မှာ ကျန်နေခဲ့တဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းသူတွေ လွတ်စေချင်တယ်။ ကျမတို့ထောင်ထဲမှာ တော်တော်ခါးခါးသီးသီးနဲ့ ဖြတ်သန်းခဲ့ရတယ်။ တိုက်ခိုက်မှုမျိုးစုံတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ အဲဒါကြောင့် ကျမတို့ လွတ်လာတဲ့အခါမှာ ကျမတို့နောက်မှာ ကျန်နေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို စိုးရိမ်တယ်။”
ပြန်လွတ်လာပြီဆိုတော့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်ဖို့ စိတ်ကူးထားလဲ။
“ဒီအချိန်မှာ စောပါသေးတယ်ရှင်။”
မစုစုနွေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့ဝင် တဦးဖြစ်ပြီး လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူပါ။
၂၀၀၇ ခု စက်တင်ဘာ သံဃာ့အရေးအခင်းနဲ့ပတ်သက်ပြီး စစ်အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့တာပါ။