မြပုဏ္ဏမာ လက်ဆင့်ကမ်း သီးလေးသီး အငြိမ့်ပွဲ ဒီဇင်ဘာ ကရန်စီစဉ်
ရွှေအောင်
·
October 14, 2011
နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သူကိုယ်တိုင်အငြိမ့်မကသေးဘဲ အငြိမ့်ပွဲတပွဲဖြစ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလမှာ ကဖို့စီစဉ်နေတဲ့ မြပုဏ္ဏမာလက်ဆင့်ကမ်းသီးလေးသီး အငြိမ့်အတွက် ပြက်လုံးတွေနဲ့သီချင်းတွေ သူလုပ်ပေးမှာဖြစ်ပြီး သူတော့ ပါဝင်မက သေးဘူးလို့ပြောပါတယ်။
[caption id="attachment_16517" align="alignleft" width="300" caption=" ကြယ်သီး၊ မြစပယ်ငုံ၊ ပန်းသီး"]
[/caption]
“စင်ပေါ်တတ်ပြီး ကျနော်မကချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော့်မှာ အခြားအရေးကြီးတာတွေ လုပ်စရာရှိနေသေးတဲ့အတွက် စင်ပေါ်မှာကတာကို အာရုံစိုက်မိသွားခဲ့ရင် အခြားအလုပ်တွေ ကျနော်လွတ်သွားမယ်ဗျ။ ကတဲ့ကိစ္စက အချိန်တော်တော်ပေးရမှာဗျ။ ကဖို့အတွက်က တလလောက် ကျနော်ဇာတ်တိုက်ရလိမ့်မယ်။”
သီတင်းကျွတ်လပြည့်နေ့က မြစ်ကြီးနားထောင်ကလွတ်လာလာချင်း မီဒီယာတခုရဲ့အမေးကို ကိုဇာဂနာ ဖြေကြားစဉ်မှာ သီးလေးသီးမစုံဘဲ သီးလေးသီးအငြိမ့်ကမှာကို သူကန့်ကွက်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အခု ဒီဇင်ဘာမှာကဖို့ စီစဉ်နေတယ်ဆိုတဲ့ မြပုဏ္ဏမာ လက်ဆင့်ကမ်း သီးလေးသီးအငြိမ့်မှာ ပြန်ကဖို့ အစီအစဉ်ရှိ မရှိ ပြည်တော်မပြန်သေးဘဲ ကျန်နေရစ်တဲ့ လူရွှင်တော်ကြယ်သီးကို မေးကြည့်ရာ သူက ခုလိုပြောပါတယ်။
“ကိုဇာဂနာဆိုတာက ကျနော်တို့ရဲ့ အစ်ကိုဆိုလည်း ဟုတ်တယ်။ သီးလေးသီးရဲ့ မိဘလို့လည်း ပြောလို့ရတယ်။ သူစီစဉ်တာကို ကျနော်တို့ ငြင်းစရာမရှိပါဘူး။ လက်ဆင့်ကမ်းပွဲပြန်ထုတ်တာ ဖြစ်တဲ့အတွက် မငြင်းပါဘူး ကမယ်။ ဒီမှာလည်း လုပ်စရာလေးတွေရှိတယ်။ အဲ့ပွဲ ကနိုင်ဖို့အတွက် အလုပ်လေးတွေ ဖြတ်ရတော့မယ်။”
မြပုဏ္ဏမာအငြိမ့်မှာ လူရွှင်တော်ဇာဂနာ၊ အရိုင်း၊ ညောင်ညောင်၊ ကင်းကောင်၊ ဖိုးဖြူတို့နဲ့ မင်းသမီးဝင့်သိင်္ဂီ စတဲ့သူတွေပါဝင်ပြီး သီးလေးသီး အငြိမ့်မှာတော့ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ဇီးသီး၊ မင်းသမီး ချောစုမျိုးနဲ့ မီးသီး (မြစပယ်ငုံ) တို့ ပါဝင်ကြပါတယ်။
သီးလေးသီးအဖွဲ့ဟာ ၂ဝဝရခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ညက ကန်တော်ကြီး မျှော်စင်ကျွန်းမှာ နောက်ဆုံးကပြခဲ့ပြီး ပြည်ပကို ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ မင်းသမီး ချောစုမျိုးတို့ မြန်မာပြည် ပြန်သွားကြပါတယ်။
