တောင်ကြီးမြို့နယ် တောင်နီကျေးရွာတွင် သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား
DVB
·
August 22, 2016
တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ ကျေးရွာအုပ်စု တောင်နီကျေးရွာမှာ သုံးလောင်းပြိုင် လူသတ်မှုတခုဖြစ်ပွားခဲ့ပါတယ်။
အသတ်ခံရတဲ့ မိသားစုဝင်နေအိမ်ကို လူအဝင်အထွက် မရှိတာ ၃ ရက်ခန့်ကြာပြီး အိမ်တံခါးတွေပိတ်ထားလို့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် ရဲစခန်းကိုအကြောင်းကြားတဲ့ အခါမှာတော့ အခုလို လူသတ်မှုဖြစ်ပွားခဲ့တာကိုတွေ့ရှိခဲ့တာပါ။
အသတ်ခံရတဲ့အမျိုးသမီး ဒေါ်ရွှေရည်ချို (၃၈) နှစ်ကတော့ နေအိမ်ရဲ့အဝင်ဝမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ကလေးနှစ်ဦးဖြစ်တဲ့ မဝါဝါထွေး (၁၂)နှစ် ခြောက်တန်းကျောင်းသူ နဲ့ မောင်အားကျူ (၁၀ နှစ်) နှစ်တန်းကျောင်းသားကတော့ နေအိမ် အိပ်ခန်းအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့ပါတယ်။
အသတ်ခံရတဲ့အမျိုးသမီးဟာ ရှမ်းခေါက်ဆွဲရောင်းသူဖြစ်ပြီး သြဂုတ်လ ၂၀ ရက်နေ့ ပတ်ဝန်းကျင်လောက်က အသတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
သတ်သွားတဲ့သူတွေကတော့ နေအိမ်ထဲမှာရှိတဲ့ ပစ္စည်းတစုံတရာ ယူဆောင်သွားတာမျိုးမရှိဘဲ ဘေးပတ်ဝန်းကျင်ကလည်း အခုလို ရဲတွေလာမှ အသတ်ခံရမှန်းသိတယ်လို့လည်းဆိုကြပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ကြီးမြို့မ ရဲစခန်းကတော့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး အမှုဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဓာတ်ပုံ - ခွန်ရာဇာ