အကျဉ်း​သား​လွတ်​မြောက်မှုအ​ပေါ် ပြည်တွင်း​အမြင်သ​ဘောထား​အချို့

သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​အရ ​အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူး​နေ့​ သီတင်း​ကျွတ်လ ပြည့်​နေ့​မှာ လွတ်​မြောက်လာတဲ့​ အကျဉ်း​သား​ပေါင်း​ ၆,၃၅၉ ဦး​ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​ သား​ ၂၀၀ ​ကျော် ပါလာပါတယ်။ ဒီနိုင်ငံ​ရေး​အကျဉ်း​သား​တွေထဲမှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ စတဲ့​ ထင်ရှား​တဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​သူ​တွေ ပါမလာပါဘူး​။ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ပြည်တွင်း​ က လွှတ်​တော်မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​အဆို တင်ခဲ့​တဲ့​ ကိုယ်စား​လှယ်၊​ ၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ အနိုင်ရပါတီတချို့​နဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင်နိုင်ငံ​ရေး​ပါတီတချို့​တို့​ရဲ့​ သ​ဘောထား​တွေကို စုစည်း​တင်ဆက်လိုက်ပါတယ်။ ဦး​သိန်း​ညွန့်​(သင်္ဃန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်) ဦး​သိန်း​ညွန့်​က လွှတ်​တော်မှာ သူတင်ခဲ့​တာဟာ အ​ထွေ​ထွေလွတ်ငြိမ်း​ချမ်း​သာခွင့်​ ဖြစ်​ကြောင်း​၊​ အခု ထွက်​ပေါ်လာတာက လွတ်ငြိမ်း​ချမ်း​သာခွင့်​ဖြစ်​နေ​ကြောင်း​ ​ပြောပါတယ်။ “ယုံကြည်ချက်အရ အကျဉ်း​ကျ​နေတဲ့​ လူ​တွေရဲ့​ ဂဏန်း​နဲ့​ ပတ်သက်ရင် အ​ရေအတွက်နဲ့​ ပတ်သက်ရင် ဘက် ၂ ဘက်မှာ တ​ယောက်နဲ့​ တ​ယောက်နဲ့​ တ​ယောက် သတ်မှတ်ထား​တဲ့​ အ​ရေအတွက် မတူဘူး​ပေါ့​။ ဒါက​တော့​ အ​ရေအတွက် ပြဿနာ​ပေါ့​။ သို့​သော် တိုင်း​ပြည်က အား​လုံး​သိတဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ ခံ​နေရတဲ့​ ပုဂ္ဂိုလ်​တွေ လွတ်လာဖို့​ပေါ့​ ​ကျောင်း​သား​ထဲကဆိုရင် မင်း​ကိုနိုင်တို့​၊​ ကိုကိုကြီး​တို့​ပေါ့​။ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေထဲကိုဆိုရင် ခွန်ထွန်း​ဦး​တို့​၊​ စိုင်း​ညွန့်​လွင်တို့​ပေါ့​နော် အဲဒီလို ပုဂ္ဂိုလ်​တွေ အကုန်လုံး​ ပြန်လွတ်လာ​အောင် ဆက်လက်ပြီး​ လွတ်​အောင် ကျ​နော်တို့​ လွတ်နိုင်မယ့်​ လမ်း​ကြောင်း​ရော၊​ ပုဂ္ဂိုလ်​ရေး​အရ ​မေတ္တာရပ်ခံတာ​တွေ​ရော ကျ​နော်တို့​ ​ရှေ့​ဆက် လုပ်ရမှာ​ပေါ့​။” ပူကျင့်​ရှင်း​ထန်(စီအာပီပီ ​ကော်မတီဝင်) ၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ အနိုင်ရ ကိုယ်စား​လှယ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ စီအာပီပီ (ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီဝင် ပူကျင့်​ရှင်း​ထန်က နိုင်ငံ​ရေး​အကျဉ်း​သား​​တွေကို မလွှတ်ဘဲနဲ့​ ဒီမိုက​ရေစီနိုင်ငံ ဘယ်လိုထူ​ထောင်နိုင်မှာလဲလို့​ ​မေး​ခွန်း​ထုတ်ပါတယ်။ “အမှန်မှာ​တော့​ဗျာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ဆိုတာ သိပ်မဟုတ်ဘူး​။ အခု လွှတ်တဲ့​လူ​တွေ နိုင်ငံ​ရေး​သမား​ ဆို​ပေမဲ့​လည်း​ ဒီလူ​တွေက လွတ်ဖို့​ ရက်ရှိ​နေတဲ့​ လူ​တွေ​လောက်ပဲ ဖြစ်​နေတယ်။ အဲဒါ​ကြောင့်​ ဒီဥစ္စာ လွတ်ငြိမ်း​ချမ်း​သာခွင်​လောက်​တော့​ မဟုတ်ဘူး​။ အဲဒါ​ကြောင့်​ ဒီမိုက​ရေစီ တည်​ဆောက်​တော့​မယ် ဒီမိုက​ရေစီအစိုး​ရဆိုတာ လုပ်​တော့​မယ်ဆို​တော့​ အဲဒီ သ​င်္ကေတ​တွေ အပြည့်​အဝ ဘာမှ မဖြစ်​သေး​ဘူး​ဆိုတာ ​ပြောလိုပါတယ်။ တကယ်လို့​များ​ ခင်ဗျား​တို့​ ​ပြောတဲ့​အတိုင်း​ လုပ်မယ်ဆိုလို့​ရှိရင် လွှတ်ပါ။ ဒီလူ​တွေနဲ့​ ​ဆွေး​နွေး​ပါ အဲဒါမှာ ဒီမိုက​ရေစီကျမယ်။ ခင်ဗျား​တို့​ ဒီမိုက​ရေစီဘက်မှာ လှုပ်ရှား​နေတဲ့​ လူ​တွေကို ရသူထား​ပြီး​တော့​ ဒီ​လောက်​တောင် ရက်ရက်စက်စက် ချုပ်ထား​တယ်ဆို​တော့​ ဘယ်လိုလုပ် ဒီမိုက​ရေစီနိုင်ငံ တည်​ထောင်နိုင်မလဲ။” ဦး​ခင်​မောင်​ဆွေ(အန်ဒီအက်ဖ်ပါတီ​ခေါင်း​ဆောင်) ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် အန်ဒီအက်ဖ်(အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ)ရဲ့​ ​ခေါင်း​ ​ဆောင် ဦး​ခင်​မောင်​ဆွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ဆိုတာ သူတို့​ပါတီ ရဲ့​ ထိပ်တန်း​ဦး​စား​ပေး​လုပ်ငန်း​ဖြစ်ပါတယ်လို့​ ​ပြောကြား​ပါတယ်။ “နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ထဲမှာ အကုန်ပါရမယ် ဆိုတဲ့​ သ​ဘောထား​က ပါတီ​ထောင်စဉ်ကာလကလည်း​ ရှိသလို လွှတ်​တော် ​ပေါ်တဲ့​အခါမှာလည်း​ ကျနော်တို့​ ဒီအတိုင်း​ပဲ ရပ်တည်ပါတယ်။ အခုလည်း​ပဲ ဒီရပ်တည်ချက်ကို မ​ပြောင်း​ပါဘူး​။ ဒါကြောင့်​မို့​ ​ထောင်ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​လုံး​ လွတ်​မြောက်​ရေး​က ကျ​နော်တို့​ ပါတီရဲ့​ အဓိက လိုလား​ချက် ဖြစ်သလို တိုင်း​ပြည်အတွက်လည်း​ အင်မတန်ပဲ အ​ရေး​ကြီး​တဲ့​ အချက် တချက် ဖြစ်​နေတယ် ဆိုတာကို ကျ​နော်တို့​ သိ​နေတဲ့​ အတွက်​ကြောင့်​ ရပ်တည်ချက်အတိုင်း​ပဲ ရပ်တည်ပြီး​တော့​ ​တောင်း​ဆိုသွား​ဦး​မှာပဲ ဖြစ်ပါတယ်လို့​ပဲ ​ယေဘုယျ ​ပြောနိုင်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up