မြန်မာ့ရေဘေးသင့်ပြည်သူများကို ကူညီရန် တိုကျိုတွင် အလှူငွေကောက်ခံ
ဇော်ဇော်လှိုင်
·
August 21, 2016
မြန်မာနိုင်ငံအတွင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အများဆုံးလာရောက်တဲ့ တိုကျိုမြို့ Takadnobaba (တခဒနောဘဘ) ဘူတာရှေ့ မှာ ဒီနေ့ အလှူငွေ ကောက်ခံခဲ့ကြပါတယ်။
Waseda တက္ကသိုလ်မဟာဝိဇ္ဇာ တန်းပညာတော်သင် ဒေါက်တာသန့် ဇင်က “မြန်မာနိုင်ငံရေဘေးကိစ္စက ရေရှည်စီမံကိန်းလုပ်ရမှာဖြစ်ပေမယ့် ကျနော်တို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့က လောလောဆယ် တတ်နိုင်တဲ့ဘက်က ကူညီချင်လို့ အခုလိုလာရောက်ပူးပေါင်းဆောင်ရွက်နေတာ” လို့ ပြောပါတယ်။
ကောက်ခံရရှိပြီးတဲ့ မြန်မာငွေ ကျပ်သိန်း ၃၀ နီးပါးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ပန်းရဲ့လမ်းတို့ကတဆင့် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၁၉ ရက်ထိ ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးမှုတွေကြောင့် အိမ်ထောင်စုပေါင်း ၁ သိန်း ၁ သောင်းကျော်၊ လူပေါင်း ၄ သိန်း ၈ သောင်းနီးပါး ရေဘေးသင့်ပြီး သေဆုံးသူ ၈ ဦးရှိနေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။