Home
မြန်မာသတင်း
ကေအိုင်အေဌာနချုပ်အနီးကို မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
August 19, 2016
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်လိုင်ဇာနဲ့ တပ်မဟာစခန်းတွေရှိရာဘက်ကို  မြန်မာ့တပ်မတော်က  လက်နက်ကြီးတွေနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ကေအိုင်အို ပြန်ကြားရေးက ပြောပါတယ်။ သြဂုတ် ၁၈ ရက် မနက် ၉ နာရီ နဲ့ ၁၁ နာရီကြားမှာ ဆက်တိုက်လို အပစ်ခံရတာဖြစ်ပြီး  ကျည်တွေက တောတောင်ထဲမှာ ကျတဲ့အတွက် လူနဲ့ အဆောက်အဦတွေ ထိခိုက်မှုမရှိဘူးလို့  ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ “ဌာနချုပ်လိုင်ဇာနဲ့ ၂ မိုင် ၃ မိုင်လောက် ဝေးတဲ့နေရာမှာ လက်နက်ကြီး ကျပါတယ်။  အဲဒီတ၀ိုက်မှာ အကြိမ် တဆယ်ကျော်ပစ်တယ်၊ ဘာမှအပျက်အစီးမရှိဘူး၊ ရွာတွေလည်း ဘာမှ မဖြစ်ဘူး၊ တောတွေတောင်တွေမှာဘဲ ကျသွားတာ၊  ခြိမ်းခြောက်ပစ်ခတ်တယ်လို့ ထင်ပါတယ်။ ပစ်တာတော့ အများကြီးပါ၊ ဒေါ့ဖုန်းယန် လက်နက်ကြီးတပ်ကနေ ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေဘက်ကိုလည်း ပစ်တယ်။ နောက်ပြီးတော့ ခရာဘွမ်ဘက်ကနေပြီးတော့ မုန်လိုင်ချင်ဆိုတဲ့ ရွာနားမှာပေါ့၊ လိုင်ဇာရဲ့ မြောက်ဘက် ကျတယ်၊ အဲဘက်မှလည်း ပစ်တယ်။ တပ်မဟာ ၃ ဘက်မှာလည်း ဒွမ်ဘောင်ဘွမ်ဆိုတဲ့ သူတို့တပ်မတော်စခန်းထိုင်တဲ့နေရာကနေ ကျနော်တို့ တပ်ရင်း ၁၅ နယ်မြေ တပ်မဟာ ၃ ရဲ့ လုံခြုံရေးစခန်းဘက်ကို  ၂ ခေါက် ၃ ခေါက်ပစ်တယ်၊ အဲဒါလည်း တောထဲတောင်ထဲကျတော့ ရွာတွေလည်း မထိဘူး၊ လူလည်းမထိဘူး၊ ဆုံးရှုံးတာ ဘာမှမရှိဘူး။” အဝေးကနေ အပစ်ခတ်ခံရတာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်တာ မရှိကြောင်း၊ ဒါပေမယ့် တပ်မတော်ဘက်က စစ်ဆင်ရေးလုပ်တယ်ဆိုရင် ကေအိုင်အေဘက်ကလည်း ကိုယ့်နေရာနဲ့ကိုယ် သတိအနေအထားနဲ့ တပ်လှန့်နေနေရတယ်လို့လည်း ပြောပါတယ်။ ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့တပ်မတော်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စစ်တပ်ပိုင် မြ၀တီကတော့  ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က ကာမိုင်းမြို့၊ နန့်ယားရွာက အလယ်တန်းပြဆရာမတဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တဦးတို့ ကေအိုင်အေလက်နက်ကိုင်အဖွဲ့က ပစ်တဲ့လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကု သမှုခံယူနေရတယ်လို့ ရေးသားဖော်ပြပါတယ်။ နိုင်ငံတော်အစိုးရက ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံလုပ်ဖို့၊ နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းနေတဲ့ အချိန်မျိုးမှာ အခုလို တပ်မတော်ဘက်က စစ်ဆင်ရေးလုပ်လာတာကတော့ ညီလာခံကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ယူဆကြောင်း  ကေအိုင်အိုက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024