Live
Home
မေးမြန်းခန်း
ဈေးကွက်ကြီးတခုလုံးက ဗဟိုဘဏ်လက်ထဲမှာ မရှိဘူး - ဦးရဲမင်းဦး
DVB
·
August 20, 2016
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အန်အယ်လ်ဒီအစိုးရအဖွဲ့က တိုင်းပြည်ရဲ့ စီးပွားရေးမူဝါဒကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီစီးပွားရေးမူဝါဒ အပေါ်မှာ လုပ်ငန်းရှင်အများစုကတော့ ယေဘုယျဆန်တယ်လို့ ပြောထားတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ စီးပွားရေးလေ့လာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးရဲမင်းဦးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - မြန်မာနိုင်ငံရဲ့ အဓိကဖြစ်တဲ့ စီးပွားရေးပေါ်လစီကို အစိုးရဘက်ကနေပြီး တရားဝင် ထုတ်ပြန်တာမျိုး တွေ့ရပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်တွေကလည်း တော်တော်တော့ ကောင်းပါတယ်ခင်ဗျ။ ဒါပေမယ့် ထပ်မေးချင်တာက သူတို့ရဲ့ စီးပွားရေးပေါ်လစီ ထုတ်တဲ့အထဲမှာ ကဏ္ဍက စုံသွားပြီးတော့ ယေဘုယျဆန်တာမျိုး သွားတွေ့တယ်ခင်ဗျ။ အဲဒီအပေါ်မှာ လုပ်ငန်းရှင်တွေ တော်တော်များများကလည်း ပြောကြတယ်ခင်ဗျ။ ကျနော်တို့က အများဆုံး မျှော်လင့်နေတာပေါ့နော် အစိုးရရဲ့ စီးပွားရေးပေါ်လစီဟာ Satisfied ဖြစ်တဲ့ဟာမျိုး၊ Specific ဖြစ်တဲ့ဟာမျိုးကို လူတွေက လိုချင်ကြတယ်။ ဒီအပေါ်မှာ လူတွေအနေနဲ့ အားမလိုအားမရ ဖြစ်တဲ့ဟာမျိုး ကျနော်တို့ သွားတွေ့ရတယ်။ အဲဒီအပေါ်မှာ ပထမဦးဆုံး အစ်ကို့ရဲ့ သုံးသပ်ချက်လေးကို သိချင်ပါတယ်ခင်ဗျ။ ဖြေ - ၂၉ ရက်နေ့က ကြေညာတာပေါ့။ ၂၉ ရက်နေ့က နေပြည်တော်မှာ ဒီ စီးပွားရေးမူဝါဒများ ကြေညာခြင်း အခမ်းအနားဆိုပြီးတော့ အခမ်းအနားကြီး လုပ်ပြီးတော့ကို ကြေညာတာပေါ့။ ကြေညာတော့ အဲဒီအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အဖွင့်အမှာစကား လာပြောတယ်။ ဒီစီးပွားရေးမူဝါဒကို အဓိက တာဝန်ယူ ရေးဆွဲပေးရတဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကိုယ်တိုင်ကလည်း တချက်ချင်းကိုပေါ့ အသေးစိတ် သူရှင်းပြတယ်။ ကျနော်က အဲဒီအခမ်းအနားလေးကို လုပ်ငန်းရှင်တွေရဲ့ ဖိတ်စာရလို့ တက်ခဲ့ရတော့ ကျနော်က နားထောင်ခွင့်ရခဲ့တယ်။ ရခဲ့တော့ အပြင်မှာပြောနေကြတဲ့သူတွေရဲ့ သဘောကိုလည်း ကျနော်သဘောပေါက်တယ်။ သူတို့က ဒီမူဝါဒထွက်လာခဲ့ရင်၊ မူဝါဒအသစ်ပေါ်လာရင် ဘာလုပ်ငန်းတွေ လုပ်ကြမယ်။ ဘယ်လိုစီးပွားရေးတွေကို တိုးချဲ့မယ်။ ဒါမျိုး မျှော်လင့်တာပေါ့။ အခုက ဘယ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံရမှန်း မသိဘူး။ ဘယ်ကဏ္ဍကို တိုးချဲ့ရမယ်မှန်း မသိဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ်က ဘယ်ဟာကို ဦးစားပေးချင်မှန်း သူတို့မသိဘူးပေါ့။ အဲဒီအတွက် အားလုံးက စောင့်နေကြတာပေါ့။ စောင့်နေကြတော့ သူတို့က ဒီစီးပွားရေးမူဝါဒ ကြေညာမယ်ဆိုတဲ့ အချိန်မှာ မျှော်လင့်တာက အဲလိုမျိုး မျှော်လင့်ကြတာ။ ဥပမာ နိုင်ငံတော်သည် ခရီးသွားလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ဆုံးဖြတ်ရင် ဟိုတယ်တွေ ဖွင့်ကြတော့မယ်၊ ကားတွေဝယ်တော့မယ်။ ဒါမျိုးပေါ့လေ။ ဒါမျိုးတွေ စဉ်းစားတာပေါ့။ အခုကျတော့ အဲလိုမျိုး အသေးစိတ်မပါတဲ့အခါကျတော့ ပြင်ပလုပ်ငန်းရှင်တွေက ပြောတာက အပေါ်ယံပဲ ပြောသွားတယ် ဆိုတာမျိုးပေါ့။ ဒါ သူတို့ရဲ့အမြင်ပေါ့။ သူတို့ရဲ့အမြင် သူတို့ခံစားချက်ကို ပြောတာပေါ့။ ဒါပေမယ့် တဘက်ကျတော့ ကျနော်တို့က နားလည်တာကြတော့ ကျနော်တို့ ခံစားမိတာပေါ့။ သဘောပေါက်တာက အစိုးရဆိုတာက သူက တနိုင်ငံလုံးအတွက် ခြုံစဉ်းစားတာပေါ့။ တနိုင်ငံလုံးကိုခြုံပြီး မူဘောင်တခုကို ကြေညာတဲ့အချိန်မှာ သူက Detail အကုန်လုံးကို တပြိုင်တည်းကြေညာလို့ မဖြစ်ဘူး။ သူက တဆင့်ချင်းသွားရမှာ။ အရင်ဆုံး သူဘာလုပ်ချင်လဲဆိုတဲ့ ခေါင်းစဉ်ကို စပြောရမှာ။ ပြီးရင် အဲဒီခေါင်းစဉ်နဲ့ဆိုင်တဲ့ တဆင့်ချင်း တဆင့်ချင်းကို ပြောရမယ်ပေါ့။ အဲတော့ လက်ရှိအစိုးရ ဆောင်ရွက်မှုက အဲလိုလုပ်တယ်လို့ ကျနော်တို့က နားလည်တယ်။ ဒါကြောင့် အခု သူက ၁၂ ချက်ကို ရည်ရွယ်ချက် ၄ ချက်ရယ်၊ မူဝါဒ ၁၂ ချက်ရယ် ကြေညာတဲ့အချိန်မှာ ဒါတွေအားလုံးက ခေါင်းစဉ်ပဲ။ ဒီခေါင်းစဉ်ကိုယူပြီးတော့မှ အောက်က အသေးစိတ်ကို သူနဲ့သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက စဉ်းစားရမှာပေါ့။ ဘယ်လိုမူဝါဒတွေ ဆက်လုပ်မလဲ၊ ဘာတွေ အကောင်အထည် ဖော်မလဲပေါ့။ ဥပမာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်အမှာစကားမှာကို ပါတယ်။ Investment ကိစ္စတွေ၊ Energy ကိစ္စတွေ ဒီထဲမှာ မပါဘူး။ ဘာကြောင့်မပါလဲဆိုတော့ သီးခြားထွက်ပါလိမ့်မယ်။ သီးခြားကြေညာဖို့ရှိတယ်၊ အသေးစိတ်ကို။ ဒါကြောင့် ဒီထဲမှာ အဲလိုမျိုးပေါ့။ အစိုးရက သူ့မှာ ပလန်ရှိတယ်။ သူ့မှာ ပလန်ရှိတော့ သူက တဆင့်ချင်း ကြေညာမယ်ဆိုတဲ့ သဘောမျိုး သွားတာပေါ့။ အဲတော့ လက်ရှိမူဝါဒကြေညာတာက ခေါင်းစဉ်အရင် စကြေညာတာ။ ဒီခေါင်းစဉ်မှာ ဘယ်လောက်ပြည့်စုံသလဲကို ကျနော်တို့က ကြည့်ရမှာပေါ့။ ဒီခေါင်းစဉ်မှာ ဘယ်အချက်အလက်တွေ ကျန်ခဲ့သလဲ။ ဒီခေါင်းစဉ်မှာ ဘယ်အချက်အလက်တွေ ပါသင့်တာတွေ ပါနေသလဲ။ ပါသင့်တာ တော်တော်များများ ပါတယ်ဆိုရင် ကျနော်တို့က လက်ခံရမယ်။ ကြိုဆိုရမယ်ပေါ့။ ပြီးတော့မှ နောက်ထပ် Detail Plan ကို ဘယ်ဝန်ကြီးဌာနက ဘယ်လိုဆက်ရေးမှာလဲ။ အဲဒါဆက်ထွက်လာရင် ကျနော်တို့ အဲဒါကို ဆက်လေ့လာရမှာ။ ချက်ချင်းကြီးတော့ အခုဟာက အားလုံးအပြည့်အစုံကို ပြောချင်တာက စီးပွားရေးမူဝါဒ ကြေညာပါတယ်ဆိုမှ စာမျက်နှာ ၁၀၀ လောက်ရှိတဲ့ စာအုပ်ကြီး ထွက်မလာတာတော့ သေချာတယ်ပေါ့။ ဒီလိုအချက်အလက်နဲ့ပဲ သူက ထွက်လာမှာပဲ။ တမျက်နှာ ဒါမှမဟုတ် နှစ်မျက်နှာ အလွန်ဆုံးပဲပေါ့။ ထွက်လာတဲ့ အချက်အလက်ကို ကြည့်ပြီးတော့မှ နောက်ထပ်ဆက်စပ်ပြီး လုပ်နိုင်မယ့် အလုပ်တွေက ဆက်ထွက်လာပါလိမ့်မယ်။ ဆက်ထွက်လာမယ်လို့လည်း ကျနော်တို့က မျှော်လင့်ပါတယ်။ မေး - ဟုတ်ကဲ့ အဲဒီတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန အစိုးရအဖွဲ့တွေကနေပြီးတော့ ပေါ်လစီနဲ့ ပတ်သက်လို့ ဘယ်ဌာနကတော့ သူတို့ချမှတ်ထားတဲ့အတိုင်း ဘယ်တော့ စလုပ်မယ်၊ ဘယ်လိုပုံစံနဲ့ စထွက်မယ်ဆိုတဲ့ တိုင်းမ်ဖရိန်မျိုးကလည်း မရှိဘူး၊ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်မယ်ဆိုတာ မရှိတဲ့အပေါ်မှာ နည်းနည်းလေး ကွဲနေတယ်ပေါ့နော်။ အဲဒီအပေါ်မှာကော သူတို့ဘက်က ဘယ်လိုမျိုးတွေ ရှိမလဲပေါ့။ ဖြေ - တိုင်းမ်ဖရိန်ရှိခြင်း မရှိခြင်းက ကျနော်တို့မသိဘူး။ ဒါက အစိုးရအဖွဲ့ရဲ့ အစည်းအဝေးထဲမှာ ပြောဆိုဆွေးနွေးထားတာ ရှိမှာပေါ့။ ကျနော်တို့က မသိဘဲနဲ့ တိုင်းမ်ဖရိန်မရှိဘူးလို့တော့ မပြောချင်ဘူး။ ကျနော်တို့မြင်တာက အခု ၀န်ကြီးဌာနတွေမှာ သူတို့လုပ်မယ့်အလုပ်တွေ ရှိတယ်။ ရက်တရာတုန်းကလည်း ရက်တရာစီမံကိန်းပေါ့။ ရက်တရာ ပြီးသွားရင်လည်း ရေတိုဘာလုပ်မယ်၊ ရေရှည်ဘာလုပ်မယ်ဆိုတာ ၀န်ကြီးဌာနတွေမှာ ပလန်းနင်းဆိုတာ ရှိပြီးသားပါ။ အဲတော့ အဲဒီပလန်တွေ ဆွဲတဲ့အချိန်မှာ နောက်ထပ် အကောင်အထည်ဖော်မယ့် ပရောဂျက်တွေကို စဉ်းစားတဲ့အခါမှာ ဒီမူ ၁၂ ချက်ကို ထည့်သွင်းပြီး စဉ်းစားရမှာ။ ဒီ ၁၂ ချက်ထဲက ဟာတွေနဲ့ ကိုက်ညီရဲ့လား။ သူတို့ဆက်လုပ်မယ့်ဟာတွေက ဒီမူဝါဒကို ဆန့်ကျင်တာမျိုး ဖြစ်နေလား။ ဆန့်ကျင်ရင် သူတို့ ပြန်ပြင်ရမှာပေါ့။ သူတို့ဟာသူတို့ ဆက်ပြီး  လုပ်ပါလိမ့်မယ်။ ကျနော်တို့မြင်တာကလေ။ တိုင်းမ်ဖရိန်ရှိခြင်း မရှိခြင်းက အစိုးရအဖွဲ့ထဲက ကိစ္စဆိုတော့ ကျနော်တို့ မသိနိုင်ဘူး။ ရှိချင်လည်းရှိမှာပေါ့။ ဒိတ်ပေးပြီးသား တခုလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ မကြေညာသေးတာလည်းပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ခုနပြောသလို တကယ်မရှိတာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ကျနော်တို့ မသိနိုင်ဘူး။ မသိနိုင်တော့ ကျနော်တို့က နောက်ပိုင်း အခု မီဒီယာတွေမှာ ပါလာပြီ။ မီဒီယာတွေကလည်း ရေးနေကြပြီဆိုတော့ သူတို့လည်း တခုခုတော့ လုပ်နေကြမှာပါ။ လုပ်နေကြတော့ တိုင်းမ်ဖရိန်တခု ကြေညာမလား၊ မကြေညာဘဲနဲ့ ဒီတေးပလန် တန်းပြီးထွက်လာမလားဆိုတာ အဲဒီအချိန်မှာ ကျနော်တို့ သိရပါလိမ့်မယ်။ မေး - ဟုတ်ကဲ့ပါခင်ဗျ။ နောက်တချက်ကတော့ ကျနော်တို့ ငွေရေးကြေးရေးကဏ္ဍနဲ့ ပတ်သက်လို့ နည်နည်းလောက် မေးချင်ပါတယ်။ အခုဆိုရင် ကျနော်တို့ ဒီ မူဝါဒထဲမှာ ပြည်တွင်းငွေရေးကြေးရေးနဲ့ ပတ်သက်လို့ပေါ့နော်။ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲဆိုတာ လူတွေကလည်း စိတ်ဝင်စားတယ်။ ဥပမာ ဗဟိုဘဏ်အနေနဲ့ ဒီအစိုးရ ငါးနှစ်သက်တမ်းမှာ ဗဟိုဘဏ်အနေနဲ့ ကျနော်တို့နိုင်ငံမှာရှိတဲ့ ဒီ Foreign Reserve Money ကို လက်ရှိဆို ဘယ်လောက်ဘီလီယံ၊ ဘီလီယံတောင် မရှိပါဘူး၊ ကျနော်တို့မှာ မီလီယံလောက်ပဲ ရှိပါတယ်။ အဲတော့ ဒီငါးနှစ်တွင်းမှာ ဘယ်လောက်ထိ ကျနော်တို့ နိုင်ငံတော်အရန်ငွေရအောင် လုပ်နိုင်လိမ့်မလဲ။ ပြီးတော့ ပြည်တွင်းငွေကြေးကိုလည်း ဒီထက်ပိုပြီး ခိုင်မာအောင် ဗဟိုဘဏ်အနေနဲ့ ဘာတွေလုပ်မလဲ၊ ဗဟိုဘဏ်ရဲ့ လမ်းစဉ်တွေလည်း မရှိဘူး။ အဲတော့ ဗဟိုဘဏ်က ဘာလုပ်လဲဆိုတော့ လောလောဆယ် Exchange Rate တခုလေးလောက်ပဲ ထိုင်လုပ်နေတဲ့ သဘောမျိုးလည်း ဖြစ်နေမလားပေါ့။ ဖြေ - အဲဒီလိုတော့ မဟုတ်ဘူးဗျ။ ဗဟိုဘဏ်သည် Exchange Rate တခုတည်းကို ထိုင်လုပ်နေတာတော့ မဟုတ်ဘူး။ ဗဟိုဘဏ်လုပ်ရမယ့် အလုပ်တွေ အားလုံးကိုတော့ ဗဟိုဘဏ်က လုပ်နေတယ်။ လူတွေမြင်ရတာနဲ့ မမြင်ရတာပဲ ကွာတာပေါ့။ သူက တခုပဲ ဗဟိုဘဏ်က Independent သီးခြား Institute တခုအဖြစ် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကတည်းက စတင်ဖွဲ့စည်းခဲ့တာပေါ့။ ဒီအစိုးရလက်ထက်မှာ အဲဒီအတိုင်းပဲ သူက လွတ်လပ်တဲ့ သီးခြားအဖွဲ့အစည်းတခု ဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကျတော့ ထူးခြားချက်ပေါ့လေ၊ ကျနော်တို့နိုင်ငံရဲ့ ထူးခြားချက်ပေါ့။ ကျန်တဲ့ အစိုးရကြီးတဖွဲ့လုံး ပြောင်းသွားတယ်။ ၀န်ကြီးဌာနတွေမှာ ၀န်ကြီးတွေအားလုံး ပြောင်းသွားတယ်။ ဗဟိုဘဏ်တခုပဲ လူလည်းမပြောင်းဘူး၊ မူလည်းမပြောင်းဘူး၊ အရင်တိုင်း ဆက်သွားနေတယ်ပေါ့။ ဒီဟာကတော့ ထူးခြားချက်ပေါ့။ အဲတော့ သူက အစိုးရအသစ်ရဲ့ အခု စီးပွားရေးမူဝါဒတွေလည်း ထွက်လာပြီ။ အစိုးရသစ်ရဲ့ လုပ်ချင်ကိုင်ချင်တဲ့ ကိစ္စတွေ အသစ်တွေ အများကြီး ရှိလာပြီဆိုတော့ ဗဟိုဘဏ်က သူ့ရဲ့ မူဝါဒပိုင်းဆိုင်ရာမှာတော့ ဒီကို လာညှိရမှာပေါ့။ အခုကြေညာလိုက်တဲ့ စီးပွားရေးမူဝါဒနဲ့ ကိုက်ညီတဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ၊ ဆောင်ရွက်ချက်တွေ ဖြစ်ရမှာပေါ့။ အဲဒါကိုတော့ ဗဟိုဘဏ်က ပြန်ထိန်းညှိရလိမ့်မယ်။ ပြန်ပြီးပြင်ဆင်ရတာတွေ ရှိကောင်းရှိလိမ့်မယ်။ ဖြေလျှော့တာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက သူတယောက်တည်း လူဟောင်းမူဟောင်းနဲ့ ကျန်ခဲ့တာ ဖြစ်နေတယ်။ အဲတော့ သူက ပိုပြီးတာဝန်ကြီးတယ် သူများထက်စာရင်။ ဒီအတွက် သူက သူများထက်ပိုပြီး အလုပ်လုပ်မှ ရလိမ့်မယ်ပေါ့။ ဒါကြောင့် ဗဟိုဘဏ်က Exchange Rate တခုတည်း လုပ်နေတာတော့ မဟုတ်ဘူး။ အလုပ်တွေအားလုံးကို လုပ်နေတယ်။ ဒါပေမယ့် အရင်လုပ်နေကျအတိုင်းပဲ ဆက်လုပ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်လူတွေပဲ ဖြစ်နေပြီး အရင်မူတွေ၊ အရင်ဥပဒေတွေအတိုင်းပဲ ဖြစ်နေတယ်။ အဲတော့ ဗဟိုဘဏ် ပြုပြင်ပြောင်းလဲရေးက၊ ဗဟိုဘဏ်တွင်းမှာ ကိုယ့်ဟာကိုယ်ပဲ ဆောင်ရွက်ရမှာဆိုတော့ အဲဒါလေး ဆောင်ရွက်ပြီးတော့ မူဝါဒပိုင်းကိုပါ လက်ရှိအစိုးရသစ်ရဲ့ မူဝါဒနဲ့ ကိုက်ညီတဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ဆောင်ရွက်ရမယ်လို့ ကျနော်မြင်တယ်။ မေး - ဟုတ်ကဲ့ပါခင်ဗျ။ တခုထပ်မေးချင်ပါတယ်။ အဲဒါကတော့ စီးပွားရေးသမားတွေပေါ့။ ဒီ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ ဒီ Exchange Rate အပေါ်မှာ မူတည်ပြီး သူတို့လုပ်ရကိုင်ရတဲ့ အခါမျိုးမှာ ခုနပြောသလို ဗဟိုဘဏ်အနေနဲ့ ဒီ Exchange Rate ကို Stable ဖြစ်အောင် သူလုပ်ထားနိုင်မယ်၊ ငွေကြေးတွေလည်း တော်တော်လေး ဖြစ်လာမယ်ဆိုရင် လုပ်ငန်းရှင်တွေက ဒါဆိုရင် သူ့ငွေကြေးရဲ့တန်းကို သိနေပြီဆိုရင် သူ့ ပို့မလား သွင်းမလား၊ သူ လုပ်ငန်းပိုပြီး ချဲ့ထွင်လာမယ့် အလားအလာမျိုးတွေ ပိုပြီး ရှိလာမှာပေါ့။ ဒါပေမယ့် အခုလောလောဆယ်က လူတွေက သိပ်မလုပ်ရဲကြတဲ့ အပိုင်းတွေမှာပဲ ကျနော်တို့ တွေ့နေရတယ်ဆိုတော့ ဘာပဲပြောပြော ဗဟိုဘဏ်အနေနဲ့ လုပ်တဲ့ကိုင်တဲ့နေရာမှာ နည်းနည်းတော့ အားများလျော့နေလားပေါ့နော်။ ဖြေ - သူက တချို့ဟာတွေက အားလျော့နေတာ မဟုတ်ဘူး။ ဗဟိုဘဏ်အနေနဲ့က။ တချို့ကိစ္စတွေက ဗဟိုဘဏ်လက်ထဲမှာကို မရှိတာ။ ဥပမာ ဈေးကွက်ကြီးတခုလုံးက ဗဟိုဘဏ်လက်ထဲမှာ မရှိဘူး။ ကျနော်တို့က မြင်နေရတဲ့ ဈေးကွက်ပေါ့။ ဒီ ဒေါ်လာအရောင်းအ၀ယ်တို့၊ ကျပ်ငွေတို့ မြင်နေရတဲ့ ဈေးကွက်ပေါ့။ ဒါ ပုံမှန်ရှိနေတဲ့ဈေးကွက်၊ Formal Market၊ အဲဒီလိုပဲ ကျနော်တို့နိုင်ငံမှာ မမြင်ရတဲ့ ဈေးကွက်တွေရှိတယ်။ မှောင်ခိုလုပ်နေတဲ့ ဒေါ်လာကို တရားမ၀င် ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေရှိတယ်။ ဒီလိုပဲ သွင်းကုန်ပို့ကုန်ကိုလည်း တရားမ၀င် နယ်စပ်မှာ ၀င်နေထွက်နေတဲ့ ကိစ္စတွေရှိတယ်။ အဲဒါတွေက မမြင်ရတဲ့ဈေးကွက်တွေ။ ပုံမှန်မဟုတ်တဲ့ ဈေးကွက်တွေ၊ သုံးရင် Informal Market ပေါ့။ Formal Market ကိုတော့ ဗဟိုဘဏ်က မြင်နေရတယ်။ သူ့ရဲ့ပလန်တွေမှာ ဒီပေါ်မှာမူတည်ပြီး သူစဉ်းစားတယ်ပေါ့။ ဒါပေမယ့် တဘက်က Informal Market က သူမမြင်ရဘူး။ အဲဒီမှာ ဘာတွေဖြစ်နေမှန်း သူမသိဘူး။ အဲဒါကိုကျတော့ သူက မှန်းပြီးတော့ ကိုင်တွယ်နေရတာ။ အဲတော့ တချို့သောကိစ္စတွေမှာ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုတွေက ကျေနပ်အားရဖွယ်မရှိဘူးလို့ လူတွေက ပြောကြတာ အဲဒါတွေလည်းပါတယ်။ သူ့မှာ ဒါတွေကို လုပ်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိတယ်။ အဲတော့ Informal Market ကြီးကလည်း အခုမှပေါ်လာတာ မဟုတ်ဘူး။ ဒီ Informal Market ကြီး ရှိနေတာက နှစ်သုံးဆယ်လောက် ရှိနေပြီ။ ဒီ နှစ်သုံးဆယ်လောက်ရှိခဲ့တဲ့ Informal Market ကြီးကို ချက်ချင်းပျောက်သွားအောင်က ဘယ်လိုမှ လုပ်လို့မရဘူး။ မရတော့ ဥပဒေတွေ ဖြည်းဖြည်းချင်း ကြပ်ပြီးတော့၊ လူတွေကို ထိန်းကျောင်းပြီးတော့၊ လုပ်ငန်းရှင်တွေကို ထိန်းကျောင်းပြီးတော့ ဒီဘောင်အတွင်းကို ၀င်အောင် အရင်သွင်းရမှာ။ တရားမ၀င် မလုပ်ပါနဲ့၊ တရားဝင်လုပ်ပါဆိုတဲ့ ဘောင်ထဲကို ရောက်အောင် အရင်သွင်းရမှာ။ အရင်သွင်းပြီး လူတွေအားလုံး တရားဝင်လုပ်တဲ့ ဘောင်ထဲကို ရောက်သွားပြီဆိုရင် သူတို့ရဲ့ ငွေကြေးတွေက ဘဏ်တွေကို ဖြတ်ပြီ။ ဒါဆိုရင် ဘဏ်တွေကို စောင့်ကြည့်နေတဲ့ ဗဟိုဘဏ်က မြင်ရပြီပေါ့။ အခုက ဗဟိုဘဏ်က သူမမြင်ရဘဲနဲ့ သွားနေကြတာကိုး။ သူမမြင်ရဘဲနဲ့ သွားနေတဲ့ ငွေကြေးစီးဆင်းမှုကြီးကို သူ ၀င်ထိန်းကျောင်းဖို့ဆိုတာ တော်တော်လေးခက်တယ်။ ဒါ ပထမ အခက်အခဲပေါ့။ ဒုတိယအခက်အခဲကတော့ ဗဟိုဘဏ်က ဒါကြီးတခုလုံးကို ကိုင်တွယ်ဖို့ ဒေါ်လာဈေးကို တက်စေဖို့၊ ဒေါ်လာဈေးကိုကျစေဖို့ သူကကော ပိုက်ဆံဘယ်လောက် ချမ်းသာလဲပေါ့။ ငွေကြေးချမ်းသာရင် သြဇာအာဏာရှိတာကိုး။ သူ့မှာ အဲလောက် လုံလောက်တဲ့ ငွေကြေးသြဇာ မရှိဘူးဆိုရင် သူက ထိန်းကျောင်းဖို့ ခက်တာပေါ့။ အဲတော့ ဒီအခက်အခဲနှစ်ခု ဗဟိုဘဏ်မှာရှိတယ်။ ရှိတော့ ခုန လုပ်ငန်းရှင်တွေပြောတယ် အားမရကြဘူး။ စိုးရိမ်ကြတယ်ဆိုတာ ဒါစိုးရိမ်ကြမှာပေါ့။ အားမရတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဗဟိုဘဏ်က သူ့ဘောင်ထဲကနေ သူ ချဲ့ပြီးတော့တော့ သူကြိုးစားပြီး လုပ်နေတယ်။ ဒီကိစ္စသည် ဗဟိုဘဏ်တယောက်တည်း ခေါင်းပေါ်တော့ ပုံချလို့မရဘူး။ တခြားသောကိစ္စတွေ အားလုံးကိုလည်း ကျနော်တို့ ရအောင် ဆွဲညှိရမယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရှိရင် အဲဒီဝန်ကြီးဌာနနဲ့ ညှိရမယ်။ ဥပမာ ဖမ်းတဲ့ဆီးတဲ့ကိစ္စတွေ ပါလာရင် ပြည်ထဲရေး ပါလာပြီပေါ့၊ ရဲပါလာပြီ။ သွင်းကုန်ထုတ်ကုန်တွေ ပါလာရင် ကာစတန်ပါလာပြီ။ အဲဒါဆိုရင် ဘဏ္ဍာအခွန် ပါလာပြီ။ မဟုတ်ဘဲ သွင်းတဲ့ကိစ္စတွေကို လိုင်စင်ထုတ်ပေးတဲ့ ကိစ္စတွေ လွယ်လွယ်ကူကူ လုပ်ပေးမှ ဖြစ်တော့မယ်ဆိုရင် စီးပွားကူးသန်းပါလာပြီ။ ဒါမျိုးပေါ့နော်။ သူက ၀န်ကြီးဌာနတွေ အကုန်လုံးနဲ့ဆိုင်တော့ အားလုံးဝင်ပါမှသာ ဒီကိစ္စက ကိုင်တွယ်လို့ ရလိမ့်မယ်။ ဗဟိုဘဏ်တယောက်တည်း ဒေါ်လာဈေးကို ကိုင်ထားတော့ သူမမြင်ရတဲ့ကိစ္စတွေကို သူဘယ်လိုမှ ကိုင်ထားလို့ မရဘူး။ သူ့မှာလည်း ဒီအခက်အခဲတော့ ရှိတယ်။ မေး - ဟုတ်ကဲ့ပါခင်ဗျ နောက်တချက်ကတော့ စီးပွားရေးမူဝါဒ ၁၂ ချက်ထဲက တခုကို ထပ်မေးချင်ပါတယ်။ ဒါကတော့ သူတို့ ၁၂ ချက်ထဲမှာပေါ့နော်။ အိမ်ထောင်စုတွေရဲ့ ၀င်ငွေတွေ၊ ပြီးတော့ လူနေမှုစနစ်တွေ တိုးလာဖို့အတွက်ဆိုပြီးတော့ သူတို့ရဲ့ Vision တွေတော့ ချထားတာပေါ့။ ဒါမျိုးလုပ်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာစနစ်တွေ ကောင်းမွန်ဖို့ဆိုပြီး ပြောထားတယ်ဆိုတော့ ဒါက ဘယ်လိုစနစ်နဲ့၊ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ပြီး လုပ်မယ်ဆိုတာ လူတိုင်းကလည်း စိတ်ဝင်စားတယ်ဆိုတော့ သူတို့အနေနဲ့ ဘယ်လိုအခင်းအကျင်းတွေ လုပ်လာဖို့ ရှိမလဲပေါ့။ ဖြေ - ၀န်ကြီးဌာနတွေမှာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် သူတို့က အတွင်းလည်း ပြင်ရမယ်၊ အပြင်လည်းပြင်ရမယ်။ အတွင်းပြင်ရမယ်ဆိုတာ သူတို့ဌာနအတွင်းမှာ သုံးစွဲနေတဲ့ စနစ်တွေက တကယ်အလုပ်ဖြစ်တဲ့စနစ် ဟုတ်ရဲ့လား။ မလိုအပ်တာတွေ လုပ်နေကြရလား။ အချိန်တွေကုန် လူတွေပင်ပန်းပြီးတော့ အကျိုးရှိတာတွေ မလုပ်ရဘူးလား။ ဒါမှမဟုတ်ရင် ကွန်ပျူတာနဲ့ လုပ်ရင် လွယ်ကူမယ့်ကိစ္စတွေ လူတွေ လက်နဲ့ အများကြီး ပင်ပင်ပန်းပန်းနဲ့ လုပ်နေကြရလား။ ကွန်ပျူတာမှာ ရှာလိုက်ရင် အလွယ်တကူတွေ့မယ့် အချက်အလက်ကို လူတွေအများကြီးက စာအုပ်စာတမ်းပုံထဲမှာ ခေါင်းစိုက်ပြီး ရှာနေရသလား။ စိစစ်နေရသလား။ အဲဒီအတွင်းတွေ သူတို့ပြင်ရမယ်။ အဲဒီအတွင်းတွေကို ပြင်ဖို့အတွက်ကိုလည်း နိုင်ငံတကာက အကူအညီ လာပေးနေတာတွေ ရှိတယ်။ ဥပမာ ဘဏ္ဍာအခွန်ဝန်ကြီးဌာနနဲ့ ဘဏ်တွေနဲ့ ဗဟိုဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ စနစ်ကြီးတွေအားလုံးကို ကွန်ပျူတာစနစ်ဖြစ်ဖို့ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ လာကူညီနေတာရှိတယ်။ ကမ္ဘာ့ဘဏ်ကနေ သူတို့ ငွေကြေးစိုက်ထုတ်ပေးမယ်။ ဒါတွေကို လုပ်ပါပြင်ပါပေါ့။ ဗဟိုဘဏ်ဆိုလည်း ဂျပန်ကနေ ဂျိုက်ကာက အကူအညီပေးမယ်။ လုပ်ပါလို့ လာ Offer ပေးထားတာရှိတယ်။ ဆောင်ရွက်နေဆဲတွေလည်း ရှိတယ်။ ဒါ အတွင်းမှာ ပြင်နေတာပေါ့။ အဲလိုပဲ အပြင်မှာကျတော့ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုရှိမယ်။ လုပ်ငန်းရှင်ရှိမယ်။ တခြားဌာနတွေရှိမယ်။ အဖွဲ့အစည်းတွေရှိမယ်။ ဒီလူတွေနဲ့လည်း သူတို့က ဘယ်လိုပုံစံ အဆင်ပြေအောင် လုပ်မလဲပေါ့။ ဒါလည်းပြင်ရမယ်။ ကျနော်တို့ ဒါ အမြဲတမ်း ဆိုရှယ်လစ်ခေတ်ကနေ ပြောင်းလာတဲ့နိုင်ငံဆိုတော့ အစိုးရ၀န်ထမ်းဆိုရင် အရာရှိက မျက်နှာမာတာပေါ့။ သူက ဆားဗစ်ပေးနေတဲ့သူ မဟုတ်ဘူး။ ဒီလူကို သူက ၀န်ဆောင်မှုပေးနေတာ မဟုတ်ဘူး။ ဒီလူတွေက သူ့ဆီမှာ အကူအညီလာတောင်းနေတယ်ဆိုတဲ့ အချိုးမျိုး သူက ကျင့်သုံးတာပေါ့။ ဒါမျိုးတွေက ပြင်ရမှာပေါ့။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024