ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားအားလုံးအတွက် ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ပေးရေးကို ထိုင်းနဲ့ မြန်မာ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးနေတာ အောင်မြင်မှုရနေပြီလို့ မြန်မာအလုပ်သမားဝန်ကြီးဌာန ဒု- ဝန်ကြီး ဦးမြင့်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
အလုပ်သမား ဒု- ဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာနနဲ့ ဒီလ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ တွေ့ဆုံဆွေးနွေးအပြီးမှာ ခုလိုပြောကြားတာဖြစ်ပါတယ်။
“ဒီနိုင်ငံထဲမှာ ကျနော်တို့ လာပြီးတော့ အလုပ်သမား နိုင်ငံသား စိစစ်တာတို့၊ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာတို့ကို ထိုင်းနိုင်ငံထဲအထိ ဝင်ပြီးတော့ လုပ်ပေးနိုင်အောင်လို့ လာညှိတာပါခင်ဗျာ။ ဗီဇာခတို့၊ အလုပ်ရဖို့ကိစ္စတို့ နောက်ပြီးတော့ နောက်ဆုံးအခြေအနေအရဆိုရင် အခု ရေကြီးတဲ့အချိန်မှာ ကျနော်တို့ အလုပ်သမားတွေ ရေဘေးဒုက္ခဖြစ်နေတာတွေကိုလည်း ထိုင်းအစိုးရ ကနေပြီး ကူညီပေးဖို့အထိ သူတို့ကို မေတ္တာရပ်ခံထားပါတယ်။ သူတို့လည်း အကူအညီ ပေးမယ်လို့ ပြောပါတယ်။”
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂သန်းလောက်ရှိပြီး အားလုံးကို ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေးနိုင်အောင် မြန်မာတာဝန်ရှိသူတွေက ထိုင်းနိုင်ငံတွင်းက မြန်မာလုပ်သားအများစုရှိတဲ့ နေရာတွေမှာ ရုံးဖွင့်ပြီး ဆောင်ရွက်ပေးရေးအစီအစဉ်ဖြစ်ပါတယ်။
အဲဒီလို ဆောင်ရွက်နိုင်ရေးအတွက် ရုံးခန်းဖွင့်တဲ့ အခြေအနေကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါတဲ့ အလုပ်သမားရေးဌာန ညွန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ရှင်းပြပါတယ်။
“အခုလက်ရှိအပြင် ၅ ခု ထပ်ခွဲဖို့ ကျနော်တို့ ဒီမှာ ညှိနှိုင်းပါတယ်။ မဟာချိုင်တို့၊ စမူစခွန်တို့ ထားဖို့၊ နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နဲ့ မြို့တော် ပတ်ဝန်းကျင်မှာ ထားဖို့။ ထိုင်းနိုင်ငံမြောက်ပိုင်းဘက်နဲ့ တောင်ပိုင်းမှာ ထားဖို့ မျှော်မှန်းပါတယ်။”
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာအစိုးရကို လောလောဆယ် အခွန်ဆောင်ဖို့ မလိုသေးပေမဲ့ နောက်ပိုင်းမှာ မြန်မာအစိုးရက ဘယ်လို စီစဉ်ဆောင်ရွက်မယ်ဆိုတာကိုတော့ မသိသေးဘူးလို့လည်း ဦးချစ်ရှိန်က ပြောပါတယ်။
အခု ထိုင်းခရီးစဉ်မှာ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ ပိုမို အဆင်ပြေလာဖို့အတွက် ထိုင်းအစိုးရနဲ့ညှိနှိုင်းရာမှာ အောင်မြင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့မှာ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့တွေနဲ့ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက ဝပ်ထစ်ဘုန်းကြီးကျောင်းဆောင်မှာ တွေ့ဆုံပါတယ်။
မြန်မာဒု- ဝန်ကြီးနဲ့အဖွဲ့ကို တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ရေးအဖွဲ့တခုဖြစ်တဲ့ HRDF လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက တာဝန်ခံတဦးဖြစ်သူ ဦးစိန်ဌေးက နိုင်ငံသားစိစစ်ရေးရုံးတွေကို မြန်မာဘက်က လာဖွင့်ရင် မြန်မာအလုပ်သမားတွေအတွက် အကျိုးရှိမယ်လို့ပြောပါတယ်။
“အဆင်ပြေမှုတွေကတော့ တော်တော်ဖြစ်လာမယ်လေ။ ဟိုးနယ်စပ်အထိ သွားစရာ မလိုဘဲနဲ့ ကြိုက်ရာမှာ လုပ်နိုင်တဲ့အတွက် စရိတ်တွေတော့ သက်သာလာမယ်။”
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံသားတွေကို ထိုင်းပိုင်နက်အတွင်း လာရောက်ပြီး အလုပ်သမားစိစစ်ရေးလုပ်ဖို့ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေကို ထိုင်းအစိုးရက ကမ်းလှမ်းခဲ့ပြီးနောက် လာအိုနဲ့ ကမ္ဘောဒီးယားအစိုးရတို့က လက်ခံဆောင်ရွက်ပေမယ့် မြန်မာက မဆောင်ရွက်ဖြစ်ခဲ့ပါဘူး။
အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ မြန်မာအလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးနဲ အဖွဲ့က ထိုင်းအစိုးရနဲ့တွေ့ဆုံဆွေးနွေးရာမှာတော့ ထိုင်းအစိုးရရဲ့အဆိုတင်တဲ့အတိုင်း မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးတွေကို ထိုင်းနိုင်ငံမှာ စတင်ဖွင့်လှစ်ဖို့သဘောတူညီမှုရသွားကြတာဖြစ်ပါတယ်။