ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ဆက်မလုပ်ရန် တရုတ်သံရုံးကို အိတ်ဖွင့်ပေးစာ ပေးပို့
DVB
·
August 18, 2016
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကတဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ထံကို မြန်မာ့နိုင်ငံရေး လူမှုရေးအဖွဲ့အစည်းတွေက ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း ဆက်မလုပ်ဖို့ အိပ်ဖွင့်ပေးစာတစောင်ကို ဩဂုတ်လ ၁၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
အိပ်ဖွင့်ပေးစာထဲမှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကြီး ဆက်လုပ်ရေး မလုပ်ရေးရဲ့အဖြေဟာ ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့အဖြေဖြစ်ရမယ်ဆိုတဲ့ အခြေခံမူကို ကိုင်စွဲပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖြေရှင်းဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့် ထားကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့စီမံကိန်းတွေမှာလည်း ပြည်သူလူထုရဲ့သဘောထားကို ထည့်စဉ်းစားပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့တရုတ်စီးပွားရေး လုပ်ငန်းတွေကိုလည်း ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးဖို့အရေးကိုလည်း အလေးထား တိုက်တွန်းတောင်းဆိုထားပါတယ်။ ပေးစာကို မြန်မာ့နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းပေါင်း ၆၁ ဖွဲ့ကပေါင်းပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။