A d v e r t i s e m e n t With Us

မျှော်လင့်​လို့​ အများ​ကြီး​ရပါ​သေး​တယ်၊ (သမ္မတ နိုင်ငံ​ရေး​အကြံ​ပေး​ ​နေဇင်လတ်နှင့်​ ​မေး​မြန်း​ချက်)

ဒီ​နေ့​ လွှတ်တဲ့​အထဲမှာ မပါ​ပေမယ့်​ ကျန်​နေသူ​တွေအတွက် ​မျှော်လင့်​ချက်​တွေ အမျာကြီး​ရှိ​သေး​တယ်လို့​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ဝင် ဦး​နေဇင်လတ်က ဒီဗွီဘီကို​ပြောပါတယ်။ လွတ်ငြိမ်း​ချမ်း​သာခွင့်​တော့​ ထွက်လာတယ်။ ဒီ​နေ့​ထွက်လာတဲ့​အခါကျ​တော့​ လွတ်လာတဲ့​နိုင်ငံ​ရေး​သမား​တွေက သူတို့​ပြောကြတာရှိပါတယ်။ မ​နေ့​ကထိ​တော့​ အို​ကေ​ပေါ့​။ ဝမ်း​သာတယ်။ ဂျာနယ်​တွေဖတ်ရ​တော့​လည်း​ အ​ပြောင်း​အလဲ​တွေ မြင်​နေရတယ်။ ဒါ​ပေမယ့်​ ဒီ​နေ့​သူတို့​ကိုယ်တိုင် ထွက်လာ​ပေမယ့်​ နည်း​နေတယ်ဆိုတာမျိုး​ ​တွေ့​တော့​ စိတ်ပျက်တယ်ဆိုတာမျိုး​ ​ပြောကြတာရှိပါတယ်။ “သူတို့​ကို ကျ​နော်အား​ပေး​စကား​တော့​ ​ပြောချင်ပါတယ်။ တခြား​လွှတ်တဲ့​အခါမှာ အ​ရေအတွက်နဲ့​ ပတ်သက်ပြီး​တော့​ သိပ်​တော့​မ​ပြောလိုဘူး​။ လွန်ခဲ့​တဲ့​ ၅ လ​လောက်တုန်း​က ​ဖြေထား​တယ်။ ​မျှော်လင့်​ချက်​တွေ အများ​ကြီး​ရှိပါတယ်လို့​ ​ဖြေထား​တယ်။ သင့်​တယ်လို့​ ယူဆတဲ့​အချိန်မှာ​တော့​ ဒါ​တွေက တခါတည်း​နဲ့​ ပြတ်သွား​တဲ့​ကိစ္စမဟုတ်ဘူး​လေ။ သူ့​ဟာနဲ့​သူ​တော့​ ​မျှော်လင့်​လို့​ အများ​ကြီး​ရပါ​သေး​တယ်။” ဆရာတို့​အကြံ​ပေး​တဲ့​ဆီမှာ​ရော ဘယ်​လောက်အတိုင်း​အတာထိ အကြံ​ပေး​ခဲ့​ပါသလဲ။ “ကျ​နော်တို့​က သမ္မတကြီး​ကို အကြံ​ပေး​တာ​တော့​ အတိအကျ ​ပြောလို့​တော့​ မရဘူး​။ သို့​သော်လည်း​ ​ယေဘုယျသ​ဘောအရ ​ပြောမယ်ဆိုရင်​တော့​ ဒါ​တွေက​တော့​ လွှတ်သင့်​ပါတယ်ဆိုတဲ့​သ​ဘောမျိုး​တော့​ ​ပေး​ထား​ပါတယ်။ ကျန်တာ​တော့​ ဘယ်လိုလုပ်မလဲဆို​တော့​ အကုန်လုံး​တော့​ မမြင်နိုင်ဘူး​ပေါ့​။ လုံခြုံ​ရေး​ကိစ္စနဲ့​ ပတ်သက်တာ၊​ အခြား​ကိစ္စရပ်​တွေနဲ့​ ပတ်သက်တာ၊​ ကျ​နော်တို့​မှာ အဲဒီ facility မရှိဘူး​။ အကုန်လုံး​ကို ခြုံငုံလုပ်ပြီး​တော့​ ကြည့်​နိုင်တဲ့​အမြင်က သူ့​ဆီမှာပဲရှိတာကို။ ဒါ​တွေက​တော့​ လွှတ်သင့်​တယ်လို့​တော့​ ကျ​နော်တို့​က ​ပေး​ထား​တယ်။ သို့​သော်လည်း​ ဘယ်အချိန်မှာ လွှတ်မလဲ၊​ ဘယ်​လောက်လွှတ်မလဲဆိုတာ ကျ​နော်တို့​က ဆုံး​ဖြတ်ပိုင်ခွင့်​မရှိဘူး​လေ။” မျှော်လင့်​ချက်ရှိနိုင်​သေး​သလား​လို့​ ကျန်တဲ့​သူ​တွေအတွက်​ပေါ့​။ “ရှိပါတယ်။ အဓိက ကျ​နော်တို့​ သိရတာ​တော့​ သမ္မတကြီး​က သူ့​ပြည်သူ​တွေ အများ​ရဲ့​ ဆန္ဒကို ဖြည့်​ဆည်း​ပေး​ချင်တယ်ဆိုတာကို သိရတယ်။ ​နောက် သင့်​တော်တဲ့​အချိန်မှာ သူလုပ်သွား​ပေး​ဖို့​ သူ့​စိတ်ထဲမှာလည်း​ အမြဲတမ်း​ရှိတယ်။ အဲဒီဟာကို ကြည့်​ခြင်း​အား​ဖြင့်​ အလား​အလာ အများ​ကြီး​ရှိတယ်လို့​ပဲ ​ပြောလို့​ရမယ်​ပေါ့​။”

A d v e r t i s e m e n t With Us

More News
Up