ဗုံးပေါက်ကွဲမှုများကြောင့် ထိုင်းကိုလာမည့် ကမ္ဘာလှည့်ခရီးသည် ၂ သိန်းထိ လျော့နိုင်ချေရှိ

ထိုင်းတွင် ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရသူများကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အခုနှစ် လာရောက်လည်ပတ်ကြမယ့် ကမ္ဘာလှည့်ခရီးသည်ဦးရေ ၂ သိန်းထိ လျော့ကျသွားနိုင်ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၉၃ သန်း ဆုံးရှုံးနိုင်ချေရှိတယ်လို့ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေက သြဂုတ် ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။ ဗုံးပေါက်ကွဲမှုတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အဓိက လာရောက်လည်ပတ်ကြတဲ့ မြို့တွေဖြစ်တဲ့ ဟွာဟင်းနဲ့ ဖူးခက်ကျွန်းတွေလို နေရာတွေ ဖြစ်တာမို့ ဒါဟာ ခုနောက်ပိုင်းနှစ်တွေမှာ ခရီးသွားလုပ်ငန်းကဏ္ဍ မတည်ငြိမ်မှုရဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရသူ ယူသဆက်ခ် ဆူပက်ဆွန်က ဒီတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကနေ အဓိက ၀င်ရောက်လာမယ့် ခရီးသွားတွေနဲ့ ၀င်ငွေတွေကို ကာလရှည် ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ပြောပါတယ်။ “ဒီခရီးသွားရာသီအဆုံးထိ လာရောက်မယ့် ခရီးစဉ်အရေအတွက် ၁ သိန်းကနေ ၂ သိန်းလောက်ထိ ဖျက်သိမ်းမှုတွေ ရှိခဲ့တယ်။ ဒါဟာ ဘတ်ငွေ ၅ ဒသမ ၀၈ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄၆ သန်း) နဲ့ ဘတ်ငွေ ၁၀ ဒသမ ၁၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၉၃ သန်း) ကြား ဆုံးရှုံးခဲ့ရတာပါ။” ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြပေမယ့် ဘယ်အုပ်စုကြောင့် ဖြစ်ရတယ်ဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။ ရဲတွေကတော့ ဗုံးဖောက်ခွဲမှု သံသယရှိသူ တရားခံတဦးကို သူတို့အနေနဲ့ ဖမ်းဆီးထားနိုင်ခဲ့ပြီလို့ သြဂုတ် ၁၅ ရက်နေ့က ပြောလိုက်တာပါ။ ထိုင်းအဲဝေးလေကြောင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိ နာရွန်ချိုင် ဝေါင်သနာဗီမော့ခ်က ခုလို ဗုံးပေါက်ကွဲမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရပြီး ၀ယ်သူရဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ပြောလိုက်ပါတယ်။ ထိုင်းသံရုံး တာဝန်ရှိသူတွေကတော့ နိုင်ငံသားတွေကို ဗုံးသတိရှိဖို့လိုတယ်လို့ ပြောခဲ့ပြီး ထပ်ပြီး တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက်နေ့တုန်းကလည်း ဘန်ကောက်မြို့က ဧရာဝဏ် နတ်ကွန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၂၀ သေဆုံးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up