ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစွမ်းကုန်ကူမယ်လို့ တရုတ်ကတိပြု
DVB
·
August 15, 2016
မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက အစွမ်းကုန်ကူညီမယ်လို့ တရုတ်အစိုးရက ထပ်မံကတိပြု ပြောဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံ ရေးဝန်ကြီး Mr.Song Tao ခေါင်းဆောင်တဲ့အဖွဲ့နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) က ထိပ်ပိုင်းခေါင်းဆောင်တွေ သြဂုတ်လ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးမှာ တွေ့ဆုံကြစဉ် ပြောဆိုခဲ့တာပါ။
အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က “အဓိကထားဆွေးနွေးကြတာကတော့၊ ငြိမ်းချမ်းရေးဆွေးကိစ္စပါပဲ။ ငြိမ်းချမ်းရေးကိစ္စကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့အခါမှာလည်း ပြောထားပြီးသားပါ။ သူတို့ပြောတာကတော့ ငြိမ်းချမ်းရေးကိစ္စကို သူတို့ တကယ်အကူညီပေးမယ်၊ တက်နိုင်သလောက် အကူညီပေးမယ် ဆိုတာကိုတော့ အကြိမ်ကြိမ်ကျနော်တို့ကို ကတိပေးတယ်၊ အကြိမ်ကြိမ်ပြောခဲ့တာ ကျနော်တို့ သိရပါတယ်။” လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အပစ်အခတ်ရပဲစဲရေး တွေ့ဆုံညှိနှိုင်းတဲ့ပွဲတွေမှာ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သလို တနိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် လက်မှတ်ရေးထိုးရာမှာ အသိသက်သေအဖြစ်ပါ ၀င်လက်မှတ်ထိုးခဲ့ပါတယ်။
ဒါ့အပြင် ပါတီအချင်းချင်းဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ဆက်ဆံရေးတိုးမြှင့်ဖို့ ကိစ္စတွေကိုလည်း အဓိကဆွေးနွေးခဲ့ကြတယ်လို့ ပြောပါ တယ်။
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံ ရေးဝန်ကြီး Mr.Song Tao ရဲ့ ခရီးစဉ်ဟာ လာမယ့် သြဂုတ်လ ၁၇ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ တရားဝင်အလည်အပတ်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်း လာရောက်တာဖြစ်ပါတယ်။
သူ့ရဲ့ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိပ်ပိုင်းခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။
သတင်း - အောင်ဆန်းဦး