စုငွေများကို အိမ်မွေးခွေးလေးအတွက် လွှဲပြောင်းပေးလိုသည့် အဖိုးအိုဆန္ဒ ငြင်းပယ်ခံရ (ဓာတ်ပုံ)

တရုတ်နိုင်ငံမှ အသက် ၇၁ နှစ်အရွယ် အဖိုးအို ၀မ်ဂျန်ဝူဟာ သူသေဆုံးသွားပြီးတဲ့နောက်မှာ သူပိုင်ဆိုင်တဲ့ စုငွေတွေအားလုံးကို သူမွေးထားတဲ့ အိမ်မွေးခွေးလေးအတွက် ပေးလှူချင်ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ သြဂုတ် ၁၄ ရက်နေ့က ဖော်ပြပါတယ်။ အဖိုးအို ၀မ်ဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေလောင်ဂျန်းခရိုင်၊ ဟာဘင်မြို့မှ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတခုဆီ သူပိုင်ဆိုင်တဲ့ စုငွေ ယွမ် ၈ သောင်း (အမေရိကန်ဒေါ်လာ ၁၂,၀၀၀) ကို သူသေဆုံးတဲ့အချိန်မှာ ခွေးကလေး အားဖူအတွက် လွှဲပြောင်းပေးခဲ့ချင်ကြောင်း အကူအညီ တောင်းခံခဲ့တာပါ။ ၀မ်ရဲ့ ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်ခဲ့ပြီး သားဖြစ်သူဟာလည်း ကားမတော်တဆမှုတခုနဲ့ ကွယ်လွန်ခဲ့ချိန်မှာ အားဖူက သူ့ရဲ့အဖော်အဖြစ် ကာလကြာရှည် ရှိနေခဲ့တာပါ။ ခွေးကလေး အားဖူဟာ အဖိုးအိုဝမ်နဲ့အတူ နေထိုင်လာခဲ့တာ ၁၁ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ခုချိန်မှာတော့ အဖိုးအိုဝမ်ဟာ အသက်အရွယ်လည်း အိုမင်းလာပြီး ရောဂါတွေ ခံစားလာရချိန်မှာ ခွေးကလေးအတွက် ပြုစုစောင့်ရှောက်ပေးနိုင်မယ့်သူ လိုအပ်နေပြီး စုငွေတွေကို သေတမ်းစာနဲ့တကွ လွှဲပြောင်းပေးချင်ခဲ့တာလို့ ဆိုပါတယ်။ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာကတော့ အဖိုးအိုရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီး ခွေးကလေးကိုတော့ ပြုစုစောင့်ရှောက်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up