Home
မေးမြန်းခန်း
အမေရိကန်နဲ့တရုတ်တို့ရဲ့ လွန်ဆွဲပွဲကြားမှာ နေတတ်ထိုင်တတ်မှဖြစ်မယ် - ဒေါက်တာ လှကျော်ဇော
အေးနိုင်
·
August 12, 2016
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ လေးရက်ကြာမြင့်မယ့်ဒီခရီးစဉ်ကို တရုတ်အစိုးရက နိုင်ငံတော် အကြီးအကဲအဖြစ် ခမ်းခမ်းနားနားကြိုဆိုမယ်လို့ ဂလိုဘယ်တိုင်းမ်သတင်းက ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာမို့ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအောင်ပွဲငယ်တခုအဖြစ် သုံးသပ်ရေးသားဖော်ပြပါတယ်။ ဒီခရီးစဉ်ဟာ ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ သီတင်း ၂ ပတ်အလိုမှာဖြစ်ပါတယ်။ မနေ့ကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံအစိုးရက ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေး ပါဘူး။ တရုတ်နိုင်ငံနဲ့စပ်လျဉ်းပြီး လူအများစိတ်ဝင်စားနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ သမ္မတ ဦးထင်ကျော်က ဆက်လက်အကောင်အထည်ဖော်သင့်-မသင့် စိစစ်သုံးသပ်ရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာ အခြေစိုက် နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။ တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြီး အကဲအဆင့်ခေါင်းဆောင်တဦး အဖြစ် ကြိုဆိုမယ်လို့ တရုတ်ဂလိုဘယ်တိုင်းမ်သတင်းမှာ တွေ့တယ်။ မြန်မာခေါင်းဆောင်ရဲ့ ခရီးစဉ်ကို တရုတ်ခေါင်းဆောင်တွေက ဘယ်လောက်အရေးထားလဲခင်ဗျ။ “တရုတ်နိုင်ငံက ဒီလိုဖြစ်တယ်လေ။ အခု ခင်ဗျားလည်းကြားမှာပဲ တရုတ်ပြည်မှာက သူက အိမ်နီးနားချင်းတွေနဲ့ ပြဿနာတွေ တော်တော်များများတက်နေတယ်။ အေစီယံနိုင်ငံတွေနဲ့၊ ဥပမာ ဖိလစ်ပိုင်နဲ့ တောင်တရုတ်ပင်လယ်ကိစ္စပဲဖြစ်ဖြစ်၊ တောင်ကိုရီယားမှာ THAAD ဆိုတဲ့ ဒုံးပျံကာကွယ်ရေးစနစ်တတ်ဆင်ကိစ္စပဲဖြစ်ဖြစ် သူ့မှာ တော်တော်ပြဿနာတွေတက်နေတယ်။ အဲဒီတော့ သူက ကျန်တဲ့အိမ်နီးနားချင်းနိုင်ငံတွေကို အများကြီး ဘယ်လိုခေါ်မလဲ ဟန့်ပြီးတော့ပေါ့ ဆက်ဆံလိုပါတယ်။ အဲဒီတော့ ဗမာပြည်ကလည်း သူ့အတွက် အင်မတန်ကို အရေးကြီးတဲ့ နိုင်ငံတနိုင်ငံပဲလေ။ သူနဲ့က နယ်စပ်မျဉ်းတလျှောက်နည်းတာမဟုတ်ဘူး ဆက်စပ် နေတာ။ နောက်တခုကလည်း ဗမာနိုင်ငံက တရုတ်ပြည်ရဲ့ ရှေ့ သေနင်္ဂဗျူဟာခြေလှမ်းတွေဖြစ်တဲ့ ပိုးလမ်းမကြီးဖောက်တာတို့ဘာတို့ အားလုံးက ဗမာပြည်ကိုဖြတ်မှာဖြစ်တော့ ဗမာပြည်ဟာ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒီဟာတွေအားလုံးရဲ့ အခြေခံပေါ်မှာ ဗမာပြည်ကို တော်တော်အရေးထားပြီး ဆက်ဆံတာဖြစ်တယ်။” “နှစ်အချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သူတို့က၊ တရုတ်မှာ သံခင်းတမန်ခင်းလုပ်နည်းတခုရှိတယ်ဗျ ကျမ သတိထားမိတာ။ သူက မိရိုးဖလာအစဉ်အဆက် ရင်းနှီးခဲ့တဲ့ လူတွေရဲ့ သားတွေ၊ သမီးတွေဆို သူတို့ တော်တော်ဂရုစိုက်တယ်။ ဥပမာ ရာဂျစ်ဂန္ဓီ သားသမီးတွေတို့၊ သီဟိုက မစ္စစ်ဘန္ဒရာနာရကေးတို့ မိသားစုတို့ အဲဒါမျိုးတွေကို သူတို့ တော်တော်ဂရုစိုက်တယ်။ ကျမသိသလောက်လည်း ၀န်ကြီးချုပ်ချူအင်လိုင်းခေတ်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်အမေ သံအမတ်ဖြစ်စဉ်က သူတို့ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိခဲ့တယ်လို့ ကြားတယ်။ အဲဒီဟာတွေရဲ့ အဆက်အစပ်လည်း ပါပုံရတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစား ကောင်းကောင်းမွန်မွန် ဆက်ဆံကြိုဆိုတာ တွေ့ရတယ်။” မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့လည်း မြန်မာပြည်မှာ တအုံနွေးနွေးဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာတွေဖြစ်နိုင်တယ်လို့ထင်လဲ။ “ဒီိလိုရှိတယ် အဲဒီမြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကို ဗီယန်ကျင်းမှာတုန်းက ဗမာနိုင်ငံက သတင်းထောက်လေးတယောက်မေးတာကြားတယ်။ မြစ်ဆုံကိစ္စဆွေးနွေးသလား ဆိုတော့ ၀မ်ရီကတော့ ဒီလိုပြောတယ်။ ‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါမှာ ဗမာပြည်နဲ့ ကုန်သွယ်ရေးအခြေအနေအရပ်ရပ်ကိုသာ ယေဘုယျဆွေးနွေးဖူးတယ်’ တဲ့။ ‘စီမံကိန်းတခုချင်းတခုချင်း အသေးစိတ် မဆွေးနွေးဖူးပါဘူး’ တဲ့ ‘နောင်ကျမှ၊ ဖြေးဖြေးကျမှ ဒါတွေဟာ ဆွေးနွေးမှာပါ’လို့ ပြောတယ်။ အဲဒီတော့ မြစ်ဆုံကိစ္စကိစ္စနဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ ခံစားချက်ကိုလည်း တရုတ်က နားလည်ပုံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဒီလိုကိစ္စမျိုး ဒီတစ်ခုတည်းကြုံတာမဟုတ်ဘူး။ နိုင်ငံအများမှာလည်း ကြုံတတ်တာတွေ ရှိတယ်။ နောက် သူ့နိုင်ငံမှာလည်း ကြုံဖူးတာတွေရှိတယ်။ သူက လုပ်လေ့လုပ်ထရှိတာကတော့ ဒီလို၊ အဲလို လူထုရဲ့ခံစားမှုတွေကြီးနေရင် သူတို့က နည်းနည်း နောက်ပြန်ဆုတ်တယ်။ ဆုတ်ပြီးတော့ လူထုက ဘာကိုပူပင်တာလဲ၊ ဘာကို မကြိုက်တာလဲဆိုတာကို ရအောင်ရှာပြီးတော့ အဲဒီဟာတွေကို ပြုပြင်ပြောင်းလဲပြီးတော့ လုပ်နိုင်လည်း လုပ်မယ်၊ မလုပ်နိုင်လည်း အပြီးအပြတ်ဆုတ်သွားတာတွေ ရှိတတ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း ရှိတာ တွေ့ရပါတယ်။” နယ်နိမိတ်ရှည်လျားလှတဲ့ မြန်မာ-တရုတ်နယ်စပ်တကြောမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း အများအပြားရှိကြတယ်။ တရုတ်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေပြောနိုင်၊ ဆွေးနွေးနိုင်လဲ။ “ကျမ ၂၀၁၅ ခုနှစ်လေ၊ ကိုးကန့်အရေးအခင်းဖြစ်စဉ်ကတည်းက တရုတ်ပြည်မှာ ဗမာပြည် အရေးနဲ့ပတ်သက်လို့ သူတို့ အပြန်အလှန်ဆွေးနွေးပွဲတွေရှိတယ်ဗျ။ အဲဒီမှာကတည်းက သူတို့ ပြောနေတာက ဗမာပြည်ရဲ့ပြည်တွင်းစစ်၊ နှစ်ပေါင်း ၆၀ ကြာတဲ့ပြည်တွင်းစစ် ရပ်မှဖြစ်မယ်လို့ သူက ပြောတယ်။ မရပ်ဘဲနဲ့ တကယ်လို့ ဗမာပြည်ရဲ့ပြည်တွင်းစစ်ကြီးရေရှည်နေမယ်ဆိုရင် ဗမာပြည်ကြီးဟာ ကျဆုံးနိုင်ငံကြီးဖြစ်သွားနိုင်တယ်တဲ့။ သူတစ်နိုင်ငံတည်းကျဆုံးမှာမဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်နိုင်ငံတွေပါ ဆွဲချသွားနိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် နိုင်ငံတကာက၊ ဥပမာ ကုလသမဂ္ဂလိုမျိုးက၊ ဥပမာ အာဆီယံလို အဖွဲ့အစည်းမျိုးက ၀ိုင်းဝန်းကူညီပြီးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ရေးထားဖူးတာရှိတယ်။ အဲဒီတော့ တရုတ်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တော်တော်တက်တက်ကြွကြွ ပါဝင်မယ်လို့ ကျမထင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတနဲ့လည်းတွေ့မယ်၊ တရုတ်ဝန်ကြီးချုပ်နဲ့လည်း တွေ့မယ်ဆိုတော့ ဒီထိပ်တန်းခေါင်းဆောင်တွေနဲ့ အဓိက ဘာတွေ ဆွေးနွေးနိုင်မယ်လို့ တရုတ်မီဒီယာတွေက ပြောနေရေးနေကြလဲ။ “ကျမကြည့်တာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီတခေါက်မှ၊ ဒီတခေါက် သူအာဏာရမှ၊ နိုင်ငံတော်အတိုင်ပင်ခံဖြစ်မှ ဒီလိုထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့တာမဟုတ်ပါဘူး။ သူ အတိုက်အခံပါတီ ခေါင်းဆောင်တယောက်အနေနဲ့တုန်းကတောင်မှ တကယ့်ထိပ်တန်း ခေါင်းဆောင်တွေ တွေ့တာပါ။ အဲဒါကြောင့်မို့လို့ အခုဒီတခေါက်တွေ့တာဟာ သူ့ရဲ့အစိုးရကို ထောက်ခံတဲ့သဘောမျိုးပေါ့။ မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံတဲ့ အနေအထား ပြသတာပါ။ ဗမာပြည်ကြီး ပိုမိုဖွံ့ဖြိုးလာဖို့၊ တိုးတက်လာဖို့ သူတို့တတ်နိုင်သမျှ ကူမယ်ဆိုပြီးတော့ လုပ်တဲ့သဘောပါပဲ။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရတာနဲ့ ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ကို သူ့နိုင်ငံကို ပထမဆုံးလာလည်ဖို့ ဖိတ်တယ်။ ဒေါ်စု မသွားဖြစ်ခဲ့ဘူးပေါ့။ အခု တရုတ်ပြည်၊ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ ဆက်သွားဖို့ စီစဉ်ထားတာတွေ့ရတယ်။ အမေရိကန်ထက် တရုတ်ကို အရင်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။ “ကျမကြည့်တာဒီလိုဗျ။ အခုဟာ ခင်ဗျားတို့လည်းသိမယ်။ အရှေ့တောင်၊ အာရှပစိဖိတ်ဒေသမှာ နိုင်ငံကြီးနှစ်နိုင်ငံရဲ့လွန်ဆွဲပွဲရှိတယ်။ အမေရိကန်နဲ့တရုတ်၊ အဲဒီနှစ်နိုင်ငံရဲ့လွန်ဆွဲပွဲကြားမှာ ကျမတို့က နိုင်ငံငယ်လေးဖြစ်တယ်။ အဲဒီတော့ အဲဒီကြားထဲမှာ နေတတ်ထိုင်တတ်မှဖြစ်မယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကိုပဲဖြစ်ဖြစ်၊ အမေရိကန်ကိုပဲဖြစ်ဖြစ် အရင်မသွားတဲ့ အကြောင်းရင်းက အမေရိကန်နဲ့ရော၊ ဂျပန်နဲ့ရောက သူယုံကြည်တဲ့ လစ်ဘရယ်ဒီမိုကရေစီနဲ့ နီးစပ်ပြီးသားဖြစ်တယ်။ အဲဒီတော့ သူ့အနေနဲ့က ဒီနိုင်ငံတွေနဲ့ ဘာမှ သိပ်ခက်ခက်ခဲခဲ၊ ဆက်ဆံဖို့ ခက်ခဲစရာလမ်းမရှိဘူး။ ဒီတရုတ်ပြည်ကျတော့ သူ့ယုံကြည်ချက်နဲ့၊ သူယုံကြည်တဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ တစုံတရာကွဲပြားတယ်။ အဲဒီတော့ အဲဒီလိုနိုင်ငံမျိုးနဲ့ ပိုပြီးတော့ ရင်းနှီးအောင်ဆက်ဆံဖို့ အရင်လုပ်သင့်တယ်လို့ သူက တွက်ပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုသူ့ခြေလှမ်းတွေ ကြည့်ရတာ နိုင်ငံကြီးတွေအကြားမှာ သူ လိမ်လိမ်မာမာ ကစားပြီးတော့ ဗမာပြည်အတွက် အကျိုးရှိမယ့်အရာတွေကို သူရှာကြံပြီး ရှာဖွေလိမ့်မယ်လို့ ထင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်မှာ နိုင်ငံအကျိုးအတွက် ဘာတွေဆောင်ရွက်သင့်တယ်လို့ အန်တီမှတ်ချက်စကားပြောပေးပါခင်ဗျ။ “ဒီလိုရှိတယ်၊ တရုတ်ပြည်နဲ့ အရင်တုန်းက ဆက်ဆံနေတဲ့အခါမှာ ကျမအကြိမ်ကြိမ်လည်း ပြောခဲ့ဖူးတယ်။ သက်ဆိုင်ရာအစိုးရက ပြည်သူလူထုအကျိုးစီးပွားကို ဘယ်လောက် ကိုယ်စားပြုလဲဆိုတာမှာ မူတည်တယ်။ တရုတ်ကလည်း ခင်ဗျား သူက သူအစကတည်းက ပြောဖူးတယ်။ သူတို့ ဆိတ် မဟုတ်ဘူးတဲ့။ အပြန်အလှန်အကျိုးရှိဖို့ပဲ သူက စဉ်းစားတာ၊ သူ အနစ်နာခံမယ်လို့ သူမစဉ်းစားဘူး။ ထို့အတူပဲ ဗမာပြည်ဘက်က စဉ်းစားရင်လည်း ကိုယ့်ပြည်သူလူထု ဘယ်လောက်အကျိုးရှိမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲဒီတော့ ခေတ် အဆက်ဆက်က၊ န၀တ၊ နအဖ ခေတ်အဆက်ဆက်က ဗိုလ်ချုပ်ကြီးများ ရသမျှကိုယ့်အိတ်ထဲထည့်ဖို့ပဲ သူတို့က စဉ်းစားခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေ ဘယ်လောက်နာနာဆိုပြီး သူတို့ လုပ်ခဲ့ကြတာ။ ဒါပေမယ့် ဒေါ်စု ကျတော့ ပြည်သူလူထုက ရွေးကောက်ပြီးတင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် ပိုမိုအကျိုးရှိတဲ့ ရရှိချက်တွေ ရနိုင်တယ်လို့တော့ ကျမက ထင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024