Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်-မသင့် စိစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်း
DVB
·
August 12, 2016
ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မယ့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံ ကိန်းတွေကို ဆက်အကောင်အထည်ဖော်ဖို့သင့်-မသင့် လေ့လာစိစစ်တင်ပြနိုင်ဖို့ ကော်မရှင်တရပ်ကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ကြေညာပါတယ်။ ဒီကနေ့ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာပါ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်မှာ ကော်မရှင်အဖွဲ့ဝင် ၂၀ ပါရှိပါတယ်။ ကော်မရှင်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌ၊  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက  ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာပါ။ အဖွဲ့ဝင်တွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင်တဦး၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး၊ အမျိုးသားရေအရင်းအမြစ် ကော်မတီ  အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးတဦး (ငြိမ်း)၊ ကချင်ပြည်နယ် ဥပဒေချုပ် (ငြိမ်း)၊  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Myanmar Environmental Institute နာယက၊ မြန်မာနိုင်ငံ တမံကြီးများအသင်း ဥက္ကဋ္ဌနှင့် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဝင်တဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ကြပါတယ်။ ကော်မရှင်ရဲ့ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမှာဖြစ်ပါတယ်။ ကော်မရှင်ရဲ့ တာဝန်တွေအဖြစ် - ကော်မရှင်ဟာ ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနဲ့စပ်လျဉ်းပြီး အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် သင့်လျော်တဲ့ နည်းလမ်းတွေရရှိစေဖို့ အောက်ပါအချက်တွေကို လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်တွေနဲ့အတူ အစီရင်ခံ တင်ပြရမှာဖြစ်ပါတယ်။ (က) စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာပြဋ္ဌာန်း ချက်တွေ၊ ပြည်တွင်းဥပဒေတွေနဲ့ ဆောင်ရွက်သင့်တဲ့ နည်းပညာတွေကို  အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ- မရှိ။ (ခ) စီမံကိန်းတွေကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနဲ့ ဆိုးကျိုးသက်ရောက်မှုတွေ၊ (ဂ) စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ရဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ (ဃ) စီမံကိန်းတွေကို ဆောင်ရွက်မှုကြောင့် ဧရာဝတီမြစ်ညာပိုင်း(Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း (Down Stream)၊ မြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေနဲ့ မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊ (င) မြန်မာနိုင်ငံရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (စ) စီမံကိန်းတွေကို ဆောင်ရွက်မှုကြောင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကျိုး ဖြစ်ထွန်းနိုင်မှု အခြေအနေနဲ့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မယ့်အခြေအနေ၊ (ဆ) စီမံကိန်းတွေ ဆက်လက် ဆောင်ရွက်ဖို့ သင့်-မသင့်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (ဇ) စီမံကိန်းဆိုင်ရာ စာချုပ်တွေအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ စတာတွေ ပါဝင်ပါတယ်။ ကော်မရှင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးစီးပွား တိုးတက်ရေးတို့အပေါ် အခြေခံပြီး အကြံပြုချက်တွေနဲ့ သုံးသပ်ချက်တွေကို ပြုစုတင်ပြရမှာဖြစ်ပါတယ်။ တင်ပြရာမှာ ဒေသခံ ပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားတဲ့ ခံစားချက်တွေအပါအ၀င် သဘောထားအမြင်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ကော်မရှင်ရဲ့ အုပ်ချုပ်မှု ကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက်ပေးဖို့နဲ့ လုံခြုံရေး ကိစ္စရပ်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကော်မရှင်ဟာ လေ့လာစိစစ်သုံးသပ်မှုတွေ ဆောင်ရွက်ရာမှာ တည်ဆဲဥပဒေတွေမှာပါရှိတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ  လိုအပ်တဲ့ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး မေးမြန်းဆွေးနွေးတာ၊ စာရွက်စာတမ်းတွေ တောင်းယူတာ၊ လိုအပ်တဲ့ နေရာဒေသတွေဆီ  သွားရောက် လေ့လာစစ်ဆေးတာ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်း တိုင်ပင်တာ၊ ခန့်ထားတာ တွေကို ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ သဘောတူညီချက်နဲ့ ကျွမ်းကျင်မှု ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေကို ဖွဲ့စည်း တာဝန်ပေးအပ်နိုင်ပါတယ်။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရုတ်ကုမ္ပဏီနဲ့ အကျိုးတူလုပ်ကိုင်ခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းဟာ ဝေဖန်ကန့်ကွက်မှုတွေကြောင့် အရင် သမ္မတဦးသိန်းစိန်က သူ့ရဲ့ သက်တမ်းအတွင်းမှာ ခေတ္တရပ်တန့်ထားခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024