Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်ချေးငွေ ၀န်ထမ်းလစာတိုးရန်မဟုတ်ဟု အစိုးရရှင်းလင်း
DVB
·
August 10, 2016
ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးယူမယ့် အစီအစဉ်ဟာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့မဟုတ်တဲ့အကြောင်း ဗဟိုဘဏ်နဲ့ အစိုးရတာဝန်ရှိသူတွေက ရှင်းလင်းပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ချေးယူလိုကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ တင်ပြအတည်ပြုချက် တောင်းခံထားတာပါ။ ဒီချေးငွေတွေထဲက ဒေါ်လာသန်း ၆၀ ကို ၀န်ထမ်းလစာ၊ စရိတ်ချီးမြှင့်ငွေလုပ်ငန်း တိုးချဲ့ဖို့ သုံးစွဲမှာဖြစ်ပြီး နိုင်ငံပိုင်ဘဏ်တွေ ပြုပြင်ပြောင်းလဲရေး၊ အသေးစားငွေကြေးလုပ်ငန်းနဲ့ အာမခံလုပ်ငန်းတွေ အဆင့်မြှင့်ရေး စတဲ့လုပ်ငန်းတွေအတွက် အသုံးပြုမယ်လို့  လွှတ်တော်ကိုပေးပို့တဲ့ သမ္မတရဲ့ စာမှာ ဖော်ပြထားပါတယ်။ သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဒီချေးငွေတွေဟာ ၀န်ထမ်းတွေအတွက် လစာတိုးပေးဖို့ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ “၀န်ထမ်းလစာတိုးဖို့ မဟုတ်ဘူးဗျ၊ အဲဒီထဲမှာ ကျနော်တို့က အာလုံးပေါင်း သန်း ၁၀၀၊ သန်း ၁၀၀ မှာမှ ၀န်ထမ်းလစာချီးမြှင့်ငွေ အဆောင်အယောင်စရိတ်တွေအတွက် သန်း ၆၀၊ နောက် ဘဏ္ဍာရေးကဏ္ဍမှာ ငွေရေးကြေးရေးတွေ စွမ်းရည်မြှင့်တင်ရေးတွေ နည်းပညာအထောက်အကူတွေ အဲဒါတွေ ပေါင်းလိုက်ရင် သန်း ၄၀ ရှိတယ်။ ၀န်ထမ်းလစာဆိုပေမယ့် လစာတိုးဖို့ မဟုတ်ဘူး။ ကျနော်တို့ ဘတ်ဂျတ်ကို  cushion (သက်သာအောင်ကြားခံ) လုပ်တာပေါ့၊ ဒီချေးငွေနဲ့၊ ဒီကောင်က နှစ်ရှည်ချေးငွေ အတိုးမဲ့ချေးငွေဖြစ်တဲ့အတွက် ဘတ်ဂျက်ထဲမှာကျတော့ အရထဲမှာဝင်သွားရင် ကျနော်တို့ လစာပေးဖို့အတွက် သုံးနေတဲ့ ဘတ်ဂျက်ငွေက တခြားတိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေမှာ သုံးလို့ရ မယ်ပေါ့ အဲဒီသဘောနဲ့လုပ်တာ။” ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမယ့်ကိစ္စနဲ့ စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု  ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက သြဂုတ် ၉ ရက်နေ့က  ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းပြောရာ  ချေးငွေကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၇၅ သန်းနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၅ သန်း သုံးစွဲအကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ၀န်ကြီးဌာနရဲ့ သာမန် အသုံးစရိတ်တွေအနက် လုပ်ငန်းတိုးချဲ့ဖို့ သာမန်အသုံးစရိတ်၊ လက်ရှိသုံးစွဲနေတဲ့ ၀န်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင် စသဖြင့် နိုင်ငံတော်က ကျခံ သုံးစွဲနေရတဲ့အခြေအနေကို အထောက်အကူ (Budget Support) အဖြစ် သုံးစွဲဖို့ ဒေါ်လာ သန်း ၆၀၊ နိုင်ငံပိုင်ဘဏ်တွေ ပြုပြင်ပြောင်းလဲ တည်ဆောက်ဖို့ ဒေါ်လာ ၇ သန်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၊ အာမခံလုပ်ငန်း ကြီးကြပ်ကွပ်ကဲမှု အဆင့်မြှင့်တင်ခြင်း နဲ့ IT စနစ်တည်ဆောက်ဖို့ ဒေါ်လာ ၅ သန်း၊ ၀န်ထမ်းတွေ အရည်အသွေးမြှင့်တင်ဖို့ ဒေါ်လာ ၃ သန်း သုံးစွဲမယ်လို့ ပြောပါတယ်။ အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးကလည်း  ဗဟိုဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းကဏ္ဍ အရည်အသွေးမြှင့်တင်ဖို့နဲ့ ငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ အဆင့်မြှင့် သင်တန်းကျောင်းဖွင့်ဖို့ ဒေါ်လာ ၆ သန်း၊ သတင်းအချက်အလက်နည်းပညာစနစ်တည်ဆောက်ရေးနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး စတာတွေအတွက် ဒေါ်လာ ၂ သန်း၊ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၁၅ သန်းနဲ့  ၀န်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးဖို့ ဒေါ်လာ ၂ သန်း စုစုပေါင်းဒေါ်လာ ၂၅ သန်း သုံးစွဲမယ်လို့ လွှတ်တော်မှာ ရှင်းလင်းပြောပါတယ်။ ချေးငွေဆိုင်ရာ သဘောတူညီချက်ကတော့  ချေးငွေ  ဆိုင်းငံ့ကာလ ၆ နှစ် ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်း ၃၈ နှစ် အတိုးမဲ့ချေးငွေ ဖြစ်ပြီး ၀န်ဆောင်ခကတော့ တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်တယ်လို့ သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်နာယကထံ သြဂုတ် ၅ ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024