Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင် ပုဂ္ဂိုလ်များ​ အပိုင်း​ (၁၁)
DVB
·
October 11, 2011
မြန်မာနိုင်ငံအတွင်း​ ဒီမိုက​ရေစီအ​ရေး​အတွက် ငြိမ်း​ချမ်း​စွာလှုပ်ရှား​နေသူများ​ကို ကျွန်ုပ် ​ထောက်ခံအား​ပေး​ပါသည်။ ကျွန်ုပ်သည် ထိုလှုပ်ရှား​သူများ​နှင့်​ တစိတ်တဝမ်း​တည်း​ ​သွေး​စည်း​ညီညွတ်​နေပြီး​ လွတ်လပ်​ရေး​နှင့်​ ဒီမိုက​ရေစီအ​ရေး​အတွက် ​တောင်း​ဆိုမှုကို အား​ပေး​ထောက်ခံပါသည်။ လွတ်လပ်မှုကို မြတ်နိုး​သော ကမ္ဘာသူကမ္ဘာသား​အား​လုံး​က အကြမ်း​မဖက်သည့်​ လှုပ်ရှား​မှုအ​ပေါ် ​ထောက်ခံ အား​ပေး​ကြပါဟုလည်း​ ကျွန်ုပ် ​ပြောလိုပါသည်။ ထို့​ပြင် မြန်မာနိုင်ငံအတွင်း​ ဒီမိုက​ရေစီနှင့်​ လွတ်လပ်​ရေး​အတွက် ပါဝင်လှုပ်ရှား​နေကြ​သော ဗုဒ္ဓဘာသာရဟန်း​သံဃာ အ​မြောက်အမြား​ကို ​လေး​စား​မြတ်နိုး​ ကြည်ညိုလှပါ​ကြောင်း​ ​ပြောကြား​လိုပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်​သော မြန်မာစစ်အစိုး​ရအ​နေဖြင့်​ ​မေတ္တာတရား​ အကြမ်း​မဖက်​ရေး​ တရား​တော်များ​နှင့်​အညီ ​ဆောင်ရွက်ပါဟု ဗုဒ္ဓဘာသာဝင်ဘုန်း​တော်ကြီး​တပါး​ဖြစ်သည့်​ မိမိအ​နေဖြင့်​ ​မေတ္တာရပ်ခံလိုပါသည်။ ဒါက​တော့​ မြန်မာနိုင်ငံမှာ ဩဂုတ်လနဲ့​ စက်တင်ဘာလများ​အတွင်း​ ဖြစ်ပွား​ခဲ့​တဲ့​ ရဟန်း​သံဃာများ​ ဦး​ဆောင်တဲ့​ ပြည်သူ့​ဆန္ဒပြပွဲများ​ကို ကမ္ဘာ့​မီဒီယာများ​က​နေတဆင့်​ ကြား​သိ ​တွေ့​မြင်ရပြီး​တဲ့​နောက်မှာ ကမ္ဘာ​ကျော် ဗုဒ္ဓဘာသာဝင်ဘုန်း​တော်ကြီး​တပါး​က ထုတ်ပြန်​ရေး​သား​လိုက်တာ ဖြစ်ပါတယ်။ ငြိမ်း​ချမ်း​စွာဆန္ဒပြတဲ့​ ရဟန်း​သံဃာများ​ကို မြန်မာစစ်အစိုး​ရက ရိုက်နှက်ဖြိုခွင်း​နေတာကို မြင်ရကြား​ရတဲ့​အခါမှာ သူ့​ဇာတိနိုင်ငံက ဘုန်း​ကြီး​ရဟန်း​များ​ကိုလည်း​ တရုတ်အာဏာပိုင်​တွေက ရိုက်နှက်ဖြိုခွင်း​ခဲ့​တာကို ချက်ချင်း​ ပြန်သတိရသွား​ပါတယ်လို့​ ဘုန်း​တော်ကြီး​ကပဲ မကြာခင်က ထပ်မံ​ပြောကြား​လိုက်ပါ​သေး​တယ်။ ကမ္ဘာ​ကျော်ဘုန်း​တော်ကြီး​က​တော့​ တိဗက်နိုင်ငံလွတ်​မြောက်​ရေး​အတွက် နှစ်​ပေါင်း​များ​စွာ တိုက်ပွဲဝင်​နေခဲ့​တဲ့​ ၁၄ ပါး​မြောက် ဒလိုင်လား​မား​ ဖြစ်ပါတယ်။ ဘုန်း​တော်ကြီး​ဒလိုင်လား​မား​ဟာ တိဗက်နိုင်ငံသူနိုင်ငံသား​များ​ရဲ့​ လွတ်လပ်​ရေး​နဲ့​ ဒီမိုက​ရေစီအ​ရေး​အတွက် ဦး​ဆောင် တိုက်ပွဲဝင်ခဲ့​တာ နှစ်​ပေါင်း​ ၅၀ ဝန်း​ကျင်ရှိပါပြီ။ သည်အတွက်ပဲ ၁၉၈၉ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို ချီး​မြှင့်​ပေး​အပ်ခြင်း​ ခံရတာ ဖြစ်ပါတယ်။ ဘုန်း​တော်ကြီး​ ဒလိုင်း​လား​မား​ဟာ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်​နေ့​မှာ ​မွေး​ဖွား​သူ ဖြစ်ပါတယ်။ တိဗက်နိုင်ငံ အ​ရှေ့​မြောက်​ဒေသက ​ကျေး​ရွာ​လေး​တရွာမှာ လယ်သမား​မိသား​စုက ​မွေး​ဖွား​လာတာ ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်အတွင်း​မှာ ပျံလွန်​တော်မူခဲ့​တဲ့​ ၁၃ ပါး​မြောက် ဒလိုင်လား​မား​ဝင်စား​တယ်လို့​ သူ့​ကို သတ်မှတ်ပြီး​ သူ့​အသက် ၅ နှစ်သား​မှာ ၁၄ ပါး​မြောက် ဒလိုင်လား​မား​အဖြစ် နန်း​တင်​ပေး​တာ ခံရပါတယ်။ ဒလိုင်လား​မား​ဆိုတာ တိဗက်နိုင်ငံရဲ့​ နိုင်ငံ​ရေး​နဲ့​ ဘာသာ​ရေး​ဆိုင်ရာ အကြီး​အကဲဖြစ်ပါတယ် နိုင်ငံ​တော်အကြီး​အကဲဖြစ်​ပေမယ့်​ စည်း​စိမ်ယစ်​နေရတဲ့​ ဘဝမျိုး​ မဟုတ်ပါဘူး။ သူဟာ နန်း​တက်ပြီး​နောက် ၆ နှစ်သား​အရွယ်ကစပြီး​ ဒလိုင်လား​မား​တို့​ တတ်အပ်တဲ့​ အသိပညာ အတတ်ပညာများ​ကို စတင် သင်ကြား​တာဟာ အသက် ၂၅ နှစ်ထဲ​ရောက်တဲ့​ ၁၉၅၉ ခုနှစ် မှ ပြီး​ဆုံး​ပါတယ်။ ဗုဒ္ဓဘာသာတရား​တော်ဆိုင်ရာ ပါရဂူဘွဲ့​ကို ရရှိခြင်း​ဖြစ်ပါတယ်။ ဒီပါရဂူဘွဲ့​ဟာ လွယ်လွယ်ရတဲ့​ ဘွဲ့​မျိုး​ မဟုတ်ဘူး​ဆိုတာ သူ​ဖြေဆိုရတဲ့​ စာ​မေး​ပွဲကို ကြည့်​ရင် သိသာပါတယ်။ ​နောက်ဆုံး​ စာ​မေး​ပွဲကို ​ဖြေဆိုရတဲ့​နေ့​ မနက်ပိုင်း​မှာ တက္က​ဗေဒပညာရပ်နဲ့​ ပတ်သက်ပြီး​​ ပညာရှင်​ပေါင်း​ ၃ဝ ရဲ့​ ​မေး​မြန်း​မှုကို ​ဖြေဆိုရပါတယ်။ မွန်း​လွဲပိုင်း​မှာ ဗုဒ္ဓဘာသာတရား​တော်လာ မဇ္ဈိမပဋိပဒါ အလယ်အလတ် ကျင့်​စဉ်အ​ကြောင်း​ကို ပညာရှင် ၁၅ ဦး​နဲ့​ အ​ခြေအတင် ​ပြောဆိုရပါတယ်။ ည​နေပိုင်း​မှာ ဝိနည်း​ အဘိဓမ္မာနဲ့​ ပတ်သက်ပြီး​ ပညာရှင် ၃၅ ဦး​က ​မေး​မြန်း​စစ်​ဆေး​ပါတယ်။ ဒီလို ပညာရှင်​ပေါင်း​များ​စွာရဲ့​ စစ်​ဆေး​မေး​မြန်း​မှုကို ​အောင်မြင်​တော့​မှ ပါရဂူဘွဲ့​ကို ရရှိခဲ့​ခြင်း​ဖြစ်ပါတယ်။ ဘုန်း​တော်ကြီး​ဒလိုင်လား​မား​ဟာ သူကြိုး​ပမ်း​လေ့​လာခဲ့​တဲ့​ အသိပညာများ​ကို ဖြန့်​ဝေရင်း​ ကျမ်း​စာအုပ်များ​ ​ရေး​သား​ထုတ်​ဝေခဲ့​တာ အခုဆိုရင် စာအုပ်​ပေါင်း​ ၄၀ ဝန်း​ကျင်ရှိ​နေပါပြီ။ သူ့​ရဲ့​ စာအုပ်များ​ဟာ အ​နောက်တိုင်း​က ဘာသာ​ရေး​ ​လေ့​လာသူများ​နဲ့​ ဗုဒ္ဓစာ​ပေ ပညာရှင်များ​ သာမက နိုင်ငံ​ရေး​သမား​များ​နဲ့​ အနုပညာရှင်များ​ကပါ ​လေး​လေး​နက်နက် ဖတ်ရှုရတဲ့​ စာအုပ်များ​ဖြစ်ပါတယ်။ ပညာသင်​နေရတဲ့​ အချိန်အတွင်း​မှာ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​ဟာ သက်​သောင့်​သက်သာ ​နေထိုင်ရတာ​တော့​ မဟုတ်ပါဘူး​။ သူ့​ အသက် ၁၅ နှစ်အရွယ်မှာကတည်း​က တရုတ်နိုင်ငံရဲ့​ ကျူး​ကျော်မှုကို စတင်ခံစား​ခဲ့​ရပါတယ်။ ၁၉၅၀ ခုနှစ်မှာ တရုတ်စစ်တပ်က အင်အား​ ၈ ​သောင်း​ရှိတဲ့​ စစ်သား​တွေနဲ့​ တိဗက်ပိုင်နယ်​မြေထဲကျူး​ကျော်ပြီး​ တိဗက်အ​ရှေ့​ပိုင်း​ဒေသကို သိမ်း​ယူလိုက်ပါတယ်။ တိဗက်ဟာ တရုတ်နိုင်ငံရဲ့​ အစိတ်အပိုင်း​တရပ်သာ ဖြစ်တဲ့​အတွက် တိဗက်ကို ပြန်လည်သိမ်း​ယူမယ်ဆိုတဲ့​ ခြိမ်း​ခြောက်မှု​တွေကို ခံခဲ့​ရပါတယ်။ ဒီလိုကျူး​ကျော်မှုကို ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ဖို့​ ဒလိုင်လား​မား​ဟာ ၁၉၅၄ ခုနှစ်မှာ ပီကင်း​ကို သွား​ပြီး​ ​မော်စီတုန်း​နဲ့​ ​တွေ့​ပေမယ့်​ မ​ပြေလည်ခဲ့​ပါဘူး​။ တရုတ်အစိုး​ရဟာ တိဗက်​တွေအ​ပေါ် မတရား​အနိုင်ကျင့်​ ​နေခဲ့​တဲ့​အတွက် တိဗက်နိုင်ငံအနှံ့​ တရုတ်ဆန့်​ကျင်​ရေး​လှုပ်ရှား​မှု​တွေ ဖြစ်​နေခဲ့​ပါတယ်။ ဒီလိုက​နေ ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်မှာ​တော့​ လာဆာမြို့​တော်မှာ လူထုဆန္ဒပြပွဲကြီး​ ဖြစ်ပွား​ခဲ့​ပါတယ်။ တရုတ်စစ်သား​တွေကို တိဗက်က​နေ ထွက်ခွာသွား​ဖို့​ ​တောင်း​ဆိုတဲ့​ သည်လူထုဆန္ဒပြပွဲကြီး​ဟာ တိဗက်သမိုင်း​မှာ အကြီး​ကျယ်ဆုံး​ လူထုအုံကြွမှုကြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ တရုတ်အစိုး​ရက​တော့​ တိဗက်​တွေကို ရက်ရက်စက်စက် နှိမ်နင်း​ပါတယ်။ လူထုဆန္ဒပြပွဲကြီး​ကို အကြမ်း​ဖက်ဖြိုခွဲရာမှာ သုံး​ရက်အတွင်း​ လူ​ပေါင်း​ တ​သောင်း​ခွဲကို သတ်ဖြတ်ပစ်ခဲ့​တယ်လို့​ ဆိုပါတယ်။ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​လည်း​ အဲသည်အချိန်ကစပြီး​ အိန္ဒိယနိုင်ငံကို ​ပြေး​ဝင်ခိုလှုံခဲ့​ရပါ​တော့​တယ်။ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​နဲ့​အတူ တိဗက်အစိုး​ရလည်း​ အိန္ဒိယနိုင်ငံအတွင်း​ကို ​ပြေး​ဝင်ခိုလှုံခဲ့​သလို တိဗက်နိုင်ငံသား​ပေါင်း​ သိန်း​နဲ့​ချီပြီး​ အိန္ဒိယနိုင်ငံအတွင်း​ကို ​ရွှေ့​ပြောင်း​ ​နေထိုင်ခဲ့​ကြပါတယ်။ တိဗက်နိုင်ငံဟာ တရုတ်ကွန်မြူနစ်အစိုး​ရရဲ့​ လက်​အောက်ကို ကျ​ရောက် သွား​ပြီး​တဲ့​နောက်မှာ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​အ​နေနဲ့​ တိဗက်နိုင်ငံ လွတ်​မြောက်​ရေး​အတွက် ကြိုး​ပမ်း​ရသလို ပြည်ပ​ရောက် တိဗက်များ​ရဲ့​ ဘဝရပ်တည်​ရေး​အတွက်နဲ့​ တိဗက်ယဉ်​ကျေး​မှုများ​ကို ထိန်း​သိမ်း​ရေး​အတွက်လည်း​ ကူညီ​ဆောင်ရွက်​ပေး​ခဲ့​ရပါတယ်။ တဖက်မှာလည်း​ တိဗက်လွတ်​မြောက်​ရေး​အတွက် ငြိမ်း​ချမ်း​တဲ့​နည်း​တွေနဲ့​ ကြိုး​ပမ်း​ရာမှာ ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံက​နေ ဆုံး​ဖြတ်ချက်​တွေ ချ​ပေး​တဲ့​အထိ ​အောင်မြင်ခဲ့​ပါတယ်။ ၁၉၈၇ ခုနှစ်မှာ​တော့​ တရုတ်အစိုး​ရနဲ့​ ပြဿနာရှင်း​ဖို့​အတွက် အချက် ၅ ချက်ပါတဲ့​ ငြိမ်း​ချမ်း​ရေး​အစီအစဉ်တရပ်ကို ​ရေး​ဆွဲခဲ့​ပါတယ်။ သည်အစီအစဉ်ထဲမှာ တိဗက်နိုင်ငံအတွင်း​ လူ့​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီပြန်လည်ထွန်း​ကား​ရေး​၊​ တရုတ်တိုင်း​ရင်း​သား​တွေကို တိဗက်​ဒေသထဲ အလုံး​အရင်း​နဲ့​ ​ရွှေ့​ပြောင်း​မှု မလုပ်​ရေး​တွေ ပါဝင်သလို တရုတ်အစိုး​ရက တိဗက်​ဒေသကို နျူကလီယား​စွန့်​ပစ်ပစ္စည်း​တွေထား​ရာ ​နေရာအဖြစ် မသတ်မှတ်ဖို့​လည်း​ ပါဝင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ​တော့​ တိဗက်ကို လွတ်လပ်တဲ့​နိုင်ငံတခုအဖြစ်မဟုတ်ဘဲ တရုတ်နိုင်ငံအတွင်း​က ကိုယ်ပိုင် အုပ်ချုပ်ခွင့်​ရတဲ့​ ဒီမိုကရက်​ဒေသတခုအဖြစ်သာ သတ်မှတ်​ပေး​ဖို့​အထိ ​လျှော့​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ တရုတ်အစိုး​ရက​တော့​ ဘုန်း​တော်ကြီး​ဒလိုင်လား​မား​ရဲ့​ ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ရေး​ကို လက်မခံပါဘူး​။ လွတ်လပ်​ရေး​ကို မ​တောင်း​ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရတဲ့​ အထူး​ဒေသတခုအဖြစ်ကိုသာ ​တောင်း​ဆို​ပေမယ့်​ ခွဲထွက်​ရေး​ကို လုပ်​နေတယ်လို့​ တဖက်သတ်စွပ်စွဲရင်း​ ​တွေ့​ဆုံ​ဖြေရှင်း​ရေး​ကို အမြဲ ငြင်း​ဆန်​နေခဲ့​ပါတယ်။ တဖက်မှာလည်း​ တရုတ်အစိုး​ရဟာ တိဗက်​ဒေသက တိဗက်ယဉ်​ကျေး​မှု​တွေကို ဖျက်ဆီး​နေသလို တိဗက် လူမျိုး​တွေကိုလည်း​ ဖိနှိပ်အုပ်ချုပ်​နေခဲ့​ပါတယ်။ တရုတ်အစိုး​ရရဲ့​ ဖိနှိပ်မှု​ကြောင့်​ တိဗက်လူမျိုး​ သန်း​နဲ့​ချီ ​သေဆုံး​ခဲ့​ရပြီး​ တိဗက်ယဉ်​ကျေး​မှု ထိန်း​သိမ်း​ရာ ​နေရာ​တွေဖြစ်တဲ့​ ဘုန်း​ကြီး​ကျောင်း​ ​ထောင်​ပေါင်း​များ​စွာ အဖျက်ဆီး​ခံခဲ့​ရပါတယ်။ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​က​တော့​ တိဗက်လူမျိုး​တွေ လွတ်​မြောက်​ရေး​ကို ဗုဒ္ဓဘာသာလာ တရား​တော်အတိုင်း​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ဆက်လက်ကြိုး​ပမ်း​နေဆဲဖြစ်ပါတယ်။ ဒါ​ကြောင့်​လည်း​ ၁၉၈၉ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆုကို ချီး​မြှင့်​ခံခဲ့​ရတာ ဖြစ်ပါတယ်။ ဒလိုင်လား​မား​ ​ပြောတဲ့​ စကား​တခွန်း​ရှိပါတယ်။ ရှင်သန်ဖို့​ ဘာသာ​ရေး​တခုခုမရှိလည်း​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ လူအချင်း​ချင်း​ အ​ပေါ်ထား​ရမယ့်​ ​မေတ္တာတရား​ မရှိရင်​တော့​ လူတ​ယောက်အဖြစ် ရှင်သန်လို့​ရမှာ မဟုတ်ဘူး​တဲ့​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024