Home
ဆောင်းပါး
ဖြစ်စေချင်တဲ့အရာ
DVB
·
August 10, 2016
သြဂုတ်လ ၆ ရက်၊ ည ၁၁ နာရီအချိန်လောက်မှာ မန္တလေး ၆၈ လမ်းနဲ့ လမ်း ၃၀ မှာ ယာဉ်တိုက်မှုတခု ဖြစ်ခဲ့တယ်။ အတိုက်ခံရသူက မန္တလေးအလင်း နေ့စဉ်သတင်းစာက သတင်းထောက်ချုပ် ကိုမျိုးမြင့်စံ...။ သူ့ကို မြူငှက်၊ ကိုမြူလို့ ကျမတို့ သတင်းထောက်တွေက ခေါ်လေ့ရှိတယ်။ အခု ကိုမြူတယောက် မန္တလေးဆေးရုံကြီးမှာ ရောက်နေပြီး အခြေအနေကတော့ စိုးရိမ်ရေမှတ်ကို ရောက်နေတယ်။ တိုက်ပြေးသွားတဲ့ ကားနံပါတ် ရလိုက်တယ်။ ဘယ်လိုဖြစ်တယ်၊ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာထက် ဒီလိုယာဉ်တိုက်မှုတွေ လျော့ကျဖို့ ဘယ်လိုလုပ်မလဲဆိုတာကို အဓိကပြောချင်တာပါ။ ဖြစ်တာက ညဘက်မှာဖြစ်တာ။ မန္တလေးမှာက နေ့နေ့ညည ဆိုင်ကယ်တွေ၊ ကားတွေက လမ်းရှင်းရှင်း မရှင်းရှင်း အတင်းမောင်းကြတာပါပဲ။ နေ့မှာတောင် ဒီလောက်မောင်းနေရင် ညဘက်အသွားအလာကျဲတဲ့ အချိန်မျိုးဆို ပိုဆိုးတာပေါ့။ မန္တလေးမှာက အခုနောက်ပိုင်း ဆိုင်ကယ်တွေက အရမ်းကို များလာသလို ကားတွေကလည်း ကြပ်သိပ်ထိုးဖြစ်လာနေပြီ။ တခါတလေ လမ်းကြပ်တာမျိုးကိုတောင် ကြုံရလို့ ဆယ်မိနစ်လောက် စောင့်ရတဲ့ အနေအထားမျိုးတွေ ဖြစ်လာနေပြီ။ လမ်းမတွေကလည်း အရင်ကထက် ပိုကျယ်ပြီး လေးလမ်းသွားတွေဖြစ်လာ၊ လမ်းကြားတွေတောင် မြေသားလမ်းမရှိတော့ဘူး။ နှစ်လမ်းသွားတွေ ဖြစ်ကုန်ပြီ။ လမ်းတွေ ကျယ်လွန်း၊ ကောင်းလွန်း၊ ကားတွေရှုပ်လွန်း၊ ဆိုင်ကယ်တွေရှုပ်လွန်း။ ဒီကြားထဲမှာမှ ပြိုင်ကားတွေက အရမ်းကိုမောင်းတာ။ ပြိုင်ကားရဲ့ ကားသံက အရမ်းကိုကျယ်လွန်းလို့ ၆၆ လမ်းမတန်းတွေနားက အိမ်တွေ နားမခံသာလှပါဘူး။ တဗြူးဗြူး တဗြဲဗြဲနဲ့မို့ ညဘက်အိပ်ကောင်းနေတဲ့အချိန်မျိုး စက်သံကြောင့် လန့်လန့်နိုးကြရတယ်။ မန္တလေးဆိုတာ အရင်တုန်းက စက်ဘီးမြို့တော်လို့ လူအများသိတဲ့မြို့။ အခုနောက်ပိုင်းမှာတော့ စက်ဘီးစီးတဲ့သူ မရှိသလောက်ဖြစ်နေပြီ။ လူတိုင်း၊ အိမ်တိုင်းမှာ ဆိုင်ကယ်တစီးဆိုတာ အနည်းဆုံးတော့ ရှိကြတာချည်းပဲ။ မိုးလင်းလို့ ၂၂ လမ်းအတိုင်း အရှေ့ဘက်ကို တက်လာရင်လည်း ဆိုင်ကယ်တွေက အပြည့်။ လမ်း ၈၀ ကျုံးလမ်း ရောက်ပြန်တော့လည်း ဆိုင်ကယ်တွေကအပြည့်၊ မတ္တရာဘက်ကနေ မန္တလေးကို အလုပ်လာလုပ်တဲ့သူတွေကလည်း ဆိုင်ကယ်တွေနဲ့။ မြို့ကွက်သစ်ကနေ မြို့ထဲကိုလာတဲ့ သိပ္ပံလမ်းတလျှောက်မှာလည်း ဆိုင်ကယ်တွေကအပြည့်။ မန္တလေးဟာ ဆိုင်ကယ်မြို့တော်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ တကယ်တော့ မန္တလေးက ဆိုင်ကယ်မြို့တော် မဟုတ်တော့ဘူး။ တရုတ်ဆိုင်ကယ်သင်္ချိုင်း ဖြစ်နေပြီလို့ပြောရင် ပိုမှန်မလားပဲ။ တရုတ်ပြည်ဘက်က ၀င်လာတဲ့ ဆိုင်ကယ်တွေက မန္တလေးမှာ တောင်လိုရာလို ပုံနေတယ်။ ဖြစ်လိုက်ရင်လည်း အသေ၊ ဒါမှမဟုတ် အကျိုးပဲ၊ ညင်သာတယ်ရယ်လို့ မရှိဘူး။ မုဆိုးမ ဆိုင်ကယ်လို့လည်း ခေါ်ကြတယ်။ တရုတ်ဆိုင်ကယ် 125 တွေကိုစီးလို့ တိုက်ရင် အသေကများလို့ သူတို့မိန်းမတွေ မုဆိုးမဖြစ်ကျန်ခဲ့ရတယ်လို့ ဆိုလိုတာ။ ဆိုင်ကယ်စီးသူတွေကို အပြစ်ပြောလို့တော့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးမှာက အခြားမြို့တွေလို ဘတ်စ်ကားလိုင်းစနစ် လုံးဝ မထွန်းကားလို့ပါပဲ။ ဘတ်စ်ကားလိုင်းစနစ်၊ အဝေးပြေးလိုင်းစနစ်တွေသာ ထွန်းကားခဲ့မယ်ဆိုရင် ဘယ်သူက နေခြစ်ခြစ်တောက်ပူနေတဲ့ အပူထဲမှာ အပင်ပန်းခံ၊ အပူခံ၊ အန္တရာယ်အဖြစ်ခံပြီး စီးနေပါ့မလဲ။ ဒီစနစ်တွေ မထွန်းကားတော့လည်း ကိုယ့်လုပ်ငန်းခွင်ရှိရာကို အလျှင်အမြန်ဆုံး ရောက်ဖို့ဆိုတာ ဆိုင်ကယ်ကူမှပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့်လည်း မန္တလေးမှာ လူတိုင်း ဆိုင်ကယ်ကိုယ်စီနဲ့ ဖြစ်နေရတာပေါ့။ မန္တလေးမြို့ခံတွေ၊ မန္တလေးကို အလည်လာရောက်ဖူးတဲ့သူတွေ အများဆုံးပြောကြတာက မန္တလေးဟာ ယဉ်အန္တရာယ် စိုးရိမ်ရတယ်တဲ့။ ဘတ်စ်ကားစနစ် ထွန်းကားလာဖို့ ရေးကြ၊ ပြောကြ၊ ထောက်ပြကြပေမယ့်လည်း တုတ်တုတ်မှမလှုပ်တဲ့ အစိုးရကြောင့် အခါခါ သက်ပြင်းမောကြီးတွေ၊ သက်ပြင်းရှည်ကြီးတွေ ချပြီးသာ နေကြရတယ်။ မန္တလေးမြို့တွင်း ဘတ်စကားလိုင်းစနစ် ပြေးဆွဲဖို့ဆိုတဲ့ အစီအစဉ်မျိုး၊ အစည်းအဝေးမျိုးနဲ့ လုပ်ငန်းစီမံချက်ဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အရင်အစိုးရ ခေတ်တလျှောက်လုံး မန္တလေးကလူတွေ ဒူပေဒါပေ ခံနေလို့သာပါ။ လုံးဝမရှိခဲ့ဘူးဆိုတာ ကိုယ်ပြောတဲ့စကားမဟုတ်။ နားစွန်နားဖျား ကြားခြင်းမဟုတ်။ မန္တလေးကို စိမ်းလန်းမြို့တော်ဖြစ်ရေးဆိုပြီး    ပညာရှင်တွေဖြစ်တဲ့ Alistair Blunt၊ Ramola Singru၊ Vaideeswaram၊ Agmes Palacio နဲ့ Ninettle Ramirez ဆိုတဲ့ ၅ ဦးအဖွဲ့ရဲ့ မန္တလေး မဟာဗျူဟာ မြို့ပြစီမံချက် အကဲဖြတ်လေ့လာမှု (စစ်တမ်းပဲ ဆိုကြပါစို့) ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ မန္တလေးစည်ပင်သာယာရေးကော်မတီကို တင်ပြခဲ့တယ်။ အဲဒီစစ်တမ်းထဲမှာ တရားဝင်ဖော်ပြထားတဲ့ အချက်အလက်တွေကိုကြည့်ပြီး ပြောတာပါ။ အလုပ်ကို မော်တော်ဆိုင်ကယ်နဲ့ သွားတာဟာ စက်ဘီး၊ ခြေလျင်သွားတာထက် လေးဆပိုများတယ်လို့ ဖော်ပြထားတာကို တွေ့ရတယ်။ မန္တလေးအကြောင်းပြောရင်တော့ ကုန်နိုင်ဖွယ်မရှိပါဘူး။ လိုင်စင်ဆိုင်ကယ်တွေက များ၊ နံပါတ်မဲ့ ဆိုင်ကယ်တွေကိုလည်း လိုင်စင်ထုတ်ပေးတာက တကြိမ်မကဆိုတော့ မန္တလေးမှာ ဆိုင်ကယ်တွေ ပေါချင်တိုင်းကို ပေါနေတော့တာပါပဲ။ ဆိုင်ကယ်တွေများသလို စည်းမဲ့ကမ်းမဲ့တွေကလည်း များလာ၊ မောင်းချင်သလိုမောင်းကြသူတွေလည်း များလာတာပါပဲ။ ကားဟောင်းအပ်တာနဲ့ ပါမစ်တစောင်ရတယ်ဆိုတော့ ၀င်လာလိုက်တဲ့ ကားတွေကလည်း မနည်းမနော။ မောင်းချင်သလိုမောင်း၊ ကွေ့ချင်သလိုကွေ့၊ မီးနီနေတာတောင် လမ်းရှင်းပါတယ်လေ ဆိုပြီး ဇွတ်ဖြတ်မောင်းတာတွေကလည်း ဒုနဲ့ဒေး။ ယာဉ်အန္တရာယ်ကို လျှော့ချဖို့ဆိုတာ တလမ်းမောင်းစနစ် လုပ်လိုက်ရုံနဲ့ အဆင်ပြေသွားရောလား။ လိုင်စင်တွေစစ်ပြီး ဒဏ်တွေတပ်လိုက်ရုံနဲ့ ပြီးပြည့်စုံသွားရောလား။ ပန်းဖလက်တွေ ဝေလိုက်ရုံနဲ့ အသက်အန္တရာယ် လျော့ကျသွားရောလား။ တကယ်တမ်းဖြစ်သင့်တာက မြို့တွင်းဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည် ဖော်ပေးရမယ်။ မြို့လူထုအသွားအလာ အဆင်ပြေဖို့ လုပ်ဆောင်ပေးရမယ် မဟုတ်လား။ အခုတော့ တန်ဖိုးရှိတဲ့ လူသားရင်းမြစ်တွေ တဖြုတ်ဖြုတ်နဲ့ ကြွေလွင့်နေကြရပြီ။ တနှစ်တနှစ် လူသေစာရင်းကို ပြန်ကြည့်ရင် မန္တလေးက ယာဉ်တိုက်မှုကြောင့် သေကျေပျက်စီးရတာက အများဆုံးဖြစ်နေတာကို တွေ့ရတယ်။ အစိုးရသစ်လက်ထက် မန္တလေးမြို့အနေနဲ့ ယာဉ်အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် အရင်အစိုးရ အဆက်ဆက်က ဆောင်ရွက်ခဲ့သလိုပဲ ဆက်လက်ဆောင်ရွက်နေမလား။ စိတ်ကူးသစ်၊ အမြင်သစ်နဲ့ လုပ်ငန်းဆောင်တာတွေ ဘယ်လိုလုပ်ဆောင်နိုင်မလဲ ကြည့်ရပါဦးမယ်။ လောလောဆယ် အနေအထားမှာတော့ဖြင့် သတင်းထောက်ချုပ် ကိုမြူ တယောက် ဆေးရုံပေါ်မှာ အသက်ကယ်လေရှူဘူး ညှစ်ပေးနေရတဲ့ အနေအထား ဖြစ်နေပါပြီ။ ယာဉ်တိုက်မှုကြောင့် ထပ်ထပ်ပြီး ရောက်လာတဲ့ အတွင်းလူနာတွေကလည်း တဖွဲဖွဲပါပဲ။ ကိုမြူ အမြန်ဆုံး သတိပြန်ရပါစေလို့ ဆုတောင်းရင်းနဲ့ မြို့ပြစနစ်နဲ့ ညံ့ဖျင်းလှတဲ့ ပို့ဆောင်ရေးစနစ်ကိုသာ အပြစ်ပုံချမိပါတော့တယ်။ သင်းသင်းသော် (မှတ်ချက် - ကားတိုက်ခံရသော သတင်းထောက်မှာ သြဂုတ် ၉ ရက်တွင် ကွယ်လွန်သွားပါသည်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024