Home မြန်မာသတင်း အင်းစိန်ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးရွား
အင်းစိန်ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးရွား
insein အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၂၄ ဦးခန့် ကျန်းမာရေး အခြေအနေဆိုးရွားနေတယ်လို့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့က ပြောပါတယ်။
အင်းစိန်ထောင်ထဲက တိုက် ၂၊ ၄၊ ၅ အဆောင်တွေက နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၄ ဦးခန့်ဟာ တီဘီ၊ နှလုံး၊ သွေးတိုး၊ လိပ်ခေါင်း၊ ကျောက်ကပ်၊ အစာအိမ်ရောဂါ၊ အကြောရောဂါ၊ အရိုးရောဂါ၊ မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ရက်က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးချို့တဲ့နေပေမယ့် ထောင်အာဏာပိုင်တွေက ဆေးဝါးကုသမှုမပေးဘူးလို့ အကျိုးဆောင် ကွန်ရက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
“ကိုဇော်လင်းထွန်းဆိုရင် အသည်းကင်ဆာဖြစ်တယ်။ အစာအိမ်မှာလည်း သွေးကြောယောင်တာဖြစ်တယ်။ တီဘီရောဂါလည်း ဖြစ်နေတယ်။ ၂၀၀၃ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုနဲ့ ထောင်ကျနေတဲ့ အနှစ် ၂၀ ကျနေတဲ့ အကျဉ်းသားတယောက်၊ လက်ရှိအင်းစိန်ဆေးရုံမှာတက်နေတယ်။ သူဆိုရင် ထောင်ကနေ သူ့ကင်ဆာဆေးနဲ့ပတ်သက်ပြီးတော့ ထောင်ကနေ ဆေးဝယ်တိုက်ရမှာ ဒါကို ဆေးကဈေးကြီးတော့ အခုချိန်ထိ ဝယ်မတိုက်ဘူး သူ့ရဲ့ရောဂါကို ထိန်းချုပ်ပြီး အသက်ရှည်ရှည် နေရမယ့်ကိစ္စ တိုတောင်းသွားနိုင်တယ်။”
အလားတူ ကျောင်းသားလှုပ်ရှားမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျသူတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့ဝင်တချို့လည်း ကျန်းမာရေးချို့တဲ့နေတယ်လို့ နိုင်ငံရေးအကျဉ်းသားအကျိုးဆောင်ကွန်ယက်က ဆိုပါတယ်။
“ဆိုလိုချင်တာကတော့ ထောင်အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတယ်။ စားရေးသောက်ရေးတွေမှာ ချို့တဲ့တယ် သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အချိန်အင်မတန်နည်းပါးတယ်/ နှစ်ရှည်လာတာနဲ့အမျှ အကျဉ်းသားတွေက ကျန်းမာရေး ထိခိုက်လာတယ်။ လိုအပ်ချက်ကို ထောင်တွေက ပြည့်ပြည့်ဝဝ ကုသပေးမှု အားနည်းလာတဲ့အတွက် အကျဉ်းသားတွေက ရေရှည်မှာ လုံးပါး ပါးပြီးတော့ ကျန်းမာရေး ထိခိုက်လာတဲ့ပုံစံမျိုးတွေ ရှိလာပါတယ်။”
အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ကိုအောင်ဇော်ထွန်းက ဆိုပါတယ်။
မြန်မာနိုင်ငံပြည်တွင်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင်ရှိ တယ်လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) က ထုတ်ပြန်ထားပါတယ်။
ဆက်စပ်သတင်းများ