ကျောက်တံခါးရဲ ဥပဒေချိုးဖောက်မှု အရေးမယူ
အေးနိုင်
·
October 10, 2011
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့ဟာ မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားလူငယ်တွေကို သေနတ်နဲ့ပစ် ဖမ်းဆီးရိုက်နှက်တဲ့အမှုကို တိုင်တန်းထားပေမယ့် ထိထိရောက်ရောက် အရေးမယူဘူးလို့ ခံရတဲ့လူငယ်က ပြောပါတယ်။
ကျောက်တံခါးမြို့ နယ် မြို့ ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းရဲစခန်း အနီးက KTV ဆိုင်မှာ စက်တင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင်လောက်မှာ လူငယ်တွေ ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်သူတဦးဖြစ်တဲ့ မောင်မင်းသူရကို အရပ်ဝတ်ရဲတွေက လိုက်ဖမ်းရင်း သေနတ်နဲ့ပစ်တယ်လို့ ဆိုပါတယ်။
မြို့မှာကျောင်းတက်ရာက ခေတ္တပြန်လာတဲ့ မောင်မင်းသူရရဲ့ညီငယ် မောင်ရန်ပိုင်ဟာ သူ့သူငယ်ချင်းနဲ့အတူ မောင်မင်းသူရကို သွားခေါ်စဉ်မှာ ရဲက သူတို့ကိုပါ လိုက်ဖမ်းတာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
မြို့ချောင်းရဲစခန်းမှူး ရဲအုပ် တင့်ဆွေနှင့် ဒုတပ်ကြပ် ရန်နိုင်လင်းတို့ အပါအဝင် တပ်ဖွဲ့ဝင်တွေဟာ ရဲကားကိုစီးပြီး အရပ်ဝတ်တွေနဲ့ သူ့အစ်ကို မောင်မင်းသူရကို သေနတ်နဲ့လိုက်ပစ်တာ မြင်ခဲ့တယ်လို့ မောင်ရန်ပိုင်က ပြောပါတယ်။
“ရဲကားနဲ့လာပြီး ကားမီးထိုးပြီး လိုက်ပစ်တာ။ ကျနော်အကုန်လုံး ရှင်းရှင်းလင်းလင်း မြင်နေရတယ်။”
အရပ်ဝတ်ရဲတွေဟာ မောင်ရန်ပိုင်တို့နေအိမ်ကိုရောက်လာပြီး အိမ်ပေါ်ကဆင်းလာဖို့ အတင်းခေါ်တဲ့အကြောင်း သူ့သူငယ်ချင်းက ဆင်းသွားရာ ထိုးကြိတ်ခံလိုက်ရပြီး အိမ်ပေါ်မှာ ပုန်းနေတဲ့ သူ့ကို သေနတ်နဲ့ လှမ်းပစ်လို့ ဆင်းသွားပြီး အဖမ်းခံခဲ့ကြောင်း၊ မြို့ချောင်းရဲစခန်းမှာ စခန်းမှူး ရဲအုပ်တင့်ဆွေကိုယ်တိုင် ဦးဆောင်ပြီး ထိုးကြိတ်နှိပ်စက်ခဲ့တယ်လို့ မောင်ရန်ပိုင်က ပြောပါတယ်။
“ကျနော့်ကို သူတို့က အတင်းဆင်းခိုင်းတာ။ မဆင်းရင် ပစ်မယ်လို့ပြောတယ်။ ကျနော်က ဘေးနားမှာရပ်နေပြီး ကွယ်နေလိုက်တယ်။ ကျနော့်ကို ပစ်တာမထိပဲ ထရံကို သေနတ်ရာသွားထိတယ်။ ကျနော့်ကိုပဲ ရဲစခန်းကိုခေါ်သွားပြီး စခန်းမှူးကနေ ခြောက်လှန့်ပြီးမေးတယ်။ ဒီအမှုထဲမှာ မင်းပါလား။ ကျနော်ကနေ မပါဘူးပြောလည်း ရိုက်တယ်။ စခန်းမှူးကလည်း အဲဒီကောင်ကို သတ်လိုက်၊ သေရင်ငါရှင်းမယ်လို့ ပြောတယ်။ စခန်းမှူးအပါအဝင် လေးငါးခြောက်ယောက်လောက် ရှိမယ်။”
ရဲတွေ ဝိုင်းထိုးကြိတ်ကန်ကြောက်တဲ့ဒဏ်ကြောင့် မောင်ရန်ပိုင်ရဲ့ ညာဘက်လက်ညှိုးကျိုးခဲ့ရသလို၊ ဘက် နားတဖက်လည်း မကြားရတော့ဘူးလို့ သူက ပြောပါတယ်။ နှစ်ရက်အကြာမှာ ခံဝန်လက်မှတ်ထိုးပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီနောက် သူတို့ကို ထိုးကြိတ်တဲ့ ရဲတွေကို အရေးယူပေးဖို့ ကျောက်တံခါးမြို့နယ်ရဲစခန်းကို တိုင်ကြားရာမှာ မြို့ချောင်းရဲစခန်းအပိုင်မှာ ဖြစ်တာကြောင့် မြို့ချောင်းရဲစခန်းမှာပဲ တိုင်ဖို့ပြောခဲ့တယ်လို့ မောင်ရန်ပိုင်က ပြောပါတယ်။
ပထမနှစ်(အင်္ဂလိပ်စာ) ကျောင်းသား မောင်ရန်ပိုင်က သူတို့အနေနဲ့ ရဲစခန်းသွားရလာရတဲ့အတွက် အလုပ်ပျက်ရသလို ကျောင်းစရိတ်ထဲကနေ ခရီးစရိတ်အဖြစ် သုံးရတာမို့ တရားစွဲရအောင်လည်း တရားစရိတ်မရှိဖြစ်နေတယ်လို့ ပြောပါတယ်။
သူတို့တိုင်ထားတဲ့ အမှုရဲ့နောက်ဆုံးအခြေအနေကို မောင်ရန်ပိုင်က “ရဲတွေကိုတော့ မဖမ်းထားဘူး။ ကျနော်တို့ ချုပ်ထားတဲ့အချိန်မှာလည်း ရဲတွေကို လုံးဝမဖမ်းထားဘဲ ဒီတိုင်းနေပြီး ကျနော်တို့ကိုပဲ ဖမ်းထားတယ်။ အမှုတွေဘာတွေ လိုက်ရအောင် ပိုက်ဆံတွေဘာတွေ မရှိသေးဘူး။ ကျောင်းသွားတက်ဖို့ တောင်မှ ပိုက်ဆံမရှိလို့ ဒီတိုင်းထိုင်နေရတယ်။ ဒီကိစ္စဖြစ်တော့ ဟိုသွားဒီသွားနဲ့ ရှိတဲ့ပိုက်ဆံလည်း ကုန်သွားတယ်” လို့ ပြောပါတယ်။
ရန်ဖြစ်ပြီး သေနတ်နဲ့လိုက်ပစ်ခံခဲ့ရတဲ့ မောင်ရန်ပိုင်ရဲ့အစ်ကို မောင်မင်းသူရကတော့ သေသည် ရှင်သည် မသိရသေးဘဲ ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကျောက်တံခါးမြို့ ရဲစခန်းနဲ့ မြို့ချောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားဆဲဖြစ်ပါတယ်။