Homeမြန်မာသတင်း
နိုင်ငံခြားရင်းနီးမြှုပ်နှံမှုအတွက် ဖြစ်နေသည့် တိုက်ပွဲများ ရပ်တန့်ရေး တောင်းဆို
နိုင်ငံခြားရင်းနီးမြှုပ်နှံမှုအတွက် ဖြစ်နေသည့် တိုက်ပွဲများ ရပ်တန့်ရေး တောင်းဆို
နော်နိုရင်း
·
October 10, 2011

အစိုးရတပ်တွေရဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားတပ်ဖွဲ့တွေ အပေါ် ထိုးစစ်တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုပြီး မိမိတို့အချင်းချင်း သတ်ဖြတ်ရာရောက်တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ထုတ်ပြန်လိုက်ပြီး ရပ်တန့်ဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_16285" align="alignleft" width="310" caption="နိင်ဟံသာ"]
[/caption]
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ နိုင်ဟံသာက “ဒီနေ့ ရှမ်းပြည်နယ် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို အထောက်အကူပြုဖို့ပဲ ဖြစ်တယ်။ ကချင်ပြည်နယ်မှာ မြစ်တွေ ချောင်းတွေကို ပိတ်ပြီးတော့ ဆည်ကြီးတွေကို တည်ဆောက်မယ်၊ ရေအားလျှပ်စစ် စက်ရုံကြီးတွေကို တည်ဆောက်မယ်၊ အဲဒီအတွက်ကို အခုက ကချင်ပြည်နယ်မှာ ဆည်ကြီးတွေတည်ဆောက်ဖို့ ၉ နေရာလောက်ကို ရည်ရွယ်ထားတယ်။ ရှမ်းပြည်နယ်မှာလည်း ၈ နေရာလောက်ကို ဆည်ကြီးတွေတည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။ နောက်ပြီးတော့ တရုတ်နယ်စပ် မူဆယ်မြို့အနားကနေ ရခိုင်ပြည်နယ်ကျောက်ဖြူအထိ ရေနံနဲ့ ဂက်စ်ပိုက်လိုင်း သွယ်တန်းဖို့ အစီအစဉ်ရှိတယ်။ အဲဒါတွေက တကယ့်နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေပါ။ အဲဒီလုပ်ငန်းတွေကို အထောက်အကူပြုဖို့အတွက် ဒီနေ့ထိုးစစ်ဆင်နေတာဖြစ်တယ်။
“ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ တော်လှန်ရေး အင်အားစုတွေက အဲဒီနယ်မြေတွေပေါ်မှာ ရှိနေတယ်။ အဲဒီနယ်မြေတွေပေါ်မှာ အခြေခံနေတယ်။ အဲဒါကြောင့် ရှမ်းနဲ့ ကချင်ကို တိုက်တာ။ ကိုယ့်နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေရတာ အမြင်မတော်ပါဘူး ကြည့်မကောင်းပါဘူး။ အဲဒါကိုအများ မြင်သာအောင် ထုတ်ပြန်လိုက်တာပါ” လို့ ပြောပါတယ်။
လက်ရှိ ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ကချင်ပြည်နယ်ဘက်က ဒေသခံ လူထု ၃ သောင်းလောက်နဲ့ ရှမ်းပြည်နယ်က ဒေသခံပြည်သူ ၃ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေရသလို တိုက်ပွဲကြောင့် မသင်္ကာမှုနဲ့ ဖမ်ဆီးသတ်ဖြတ်ခံရတာတွေရှိနေတာကြောင့် စစ်ပွဲကို ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်ကို ယူအန်အက်ဖ်စီက တောင်းဆိုလိုက်ပါတယ်။
“ဒီတိုက်ပွဲတွေကြားမှာ သာမန်လူထုတွေ တချို့ကလည်း မသင်္ကာမှု ပစ်သတ်ခံရတယ်။ တချို့ကလည်း ပေါ်တာအဖြစ် အဖမ်းခံရတယ်။ လူထုတွေလည်း ကိုယ့်လယ်ယာလုပ်ငန်းတွေကို စွန့်လွှတ်ပြီးတော့ ပြေးနေရတယ်ဆိုတာက ဒါက ရေရှည်မှာ ကျနော်တို့နိုင်ငံအတွက် မကောင်းဘူး။
“သမ္မတ ဦးသိန်းစိန် အနေနဲ့ မကြာခင်က မြစ်ဆုံဆည်ကို ပြည်သူလူထုရဲ့ အကျိုး နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ရပ်ဆိုင်းနိုင်ခဲ့တယ်ဆိုတဲ့ဟာမျိုးမှာ ဒီနေ့ဖြစ်နေတဲ့ စစ်ပွဲကိုလည်း ရပ်ဆိုင်းပြီးတော့မှ မှန်မှန်ကန်ကန်နဲ့ ပြေလည်ရာ ပြေလည်ကြောင်း ကြိုးပမ်းပြီးတော့ လုပ်ဆောင်စေချင်တယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရင် ထိုးစစ်ကို ရပ်ဆိုင်းပြီးတော့မှ နယ်ကျွံနေတဲ့ တပ်တွေကို ရုပ်သိမ်းဖို့ အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီးတော့ တွေ့ဆုံနိုင်ဖို့ အဲဒါကို ညှိနှိုင်းချင်တယ်။”
သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ဩဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန် ကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းချက်ကို ကြိုဆိုပေမယ့် ကချင်နဲ့ ရှမ်းတပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင် နေတာကြောင့် သံသယဖြစ်မိတယ်လို့လည်း သဘောထားကြေညာချက်မှာ ရေးပါတယ်။
တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်ရတာဟာ မိမိတို့လူမျိုးတွေ မွေးရာပါ အခွင့်အရေး ဆုံးရှုံးတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်တွေရှိလျက်နဲ့ ကိုယ့်ဘာသာစကားကို တရားဝင်သုံးစွဲလို့မရတာတွေ၊ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်ခွင့်မရှိတာတွေ၊ သမိုင်းအမွေအနှစ်ဖျက်ဆီးခံရတာ၊ ကိုယ့်ပြည်နယ်မှာထွက်တဲ့ သယံဇာတ တွေကို လုပ်ကိုင်ခွင့်မရတာတွေကြောင့် တော်လှန်ရေးဖြစ်လာတာ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
ယူအန်အက်ဖ်စီကို ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီပြည် တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ရခိုင်အမျိုးသားကောင်စီ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ၊ ၀ အမျိုးသားအစည်းအရုံးနဲ့ ကချင်အမျိုးသားအစည်းအရုံး စတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီနှစ်အစောပိုင်းမှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
