Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းမြောက်ပိုင်း တိုက်ပွဲရပ်ရေး အစိုးရနှင့်တပ်မတော်ဆွေးနွေး
DVB
·
August 8, 2016
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေရပ်ရေးကိစ္စကို  ဒီကနေ့  ဆွေးနွေးကြပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဟာ နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတရုံး ဧည့်ခန်းမမှာ ၂ နာရီခွဲကြာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးကထုတ်ပြန်ခဲ့ပေမယ့်  အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ကြစဉ်မှာ ပန်ကြား ချက်အပေါ် အစိုးရနဲ့ တပ်မတော်အကြားဆွေးနွေးကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လက “အစိုးရတပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး၊ မြေပြင် ထိုးစစ်များ ရပ်တန့်ရေး အမြန်ဆုံး လုပ်ဆောင်ဖို့ရန် လိုအပ်နေကြောင်းနဲ့  လက်တွေ့ အကောင်အထည် ဖော်ပေးကြဖို့ လေးနက်စွာ တိုက်တွန်းပန်ကြား" ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ဒီလကုန်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ သီတင်းသုံးပတ်အလိုမှာဖြစ်ပါတယ်။ ခေါင်းဆောင် ၂ ဦးဟာ  အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊  တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့တွေ့ဆုံပွဲကို  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည် ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက်ရောက်ကြပါတယ်။ နိုင်ငံတ၀န်း ကျန်ဒေသတွေမှာ တိုက်ပွဲတွေရပ်နေပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ၂ ခုမှာသာ  တိုက်ပွဲတွေဖြစ်နေပါတယ်။ မကြာသေးခင်ကလည်း တပ်မတော်ဘက်ကညှိနှိုင်းရေးမှူးတဦးဖြစ်တဲ့ ဦးခင်ဇော်ဦးက တအာင်း ပလောင်၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအနေနဲ့ လက်နက်စွန့်စရာမလိုဘဲ ၂၁ ရာစုပင်လုံ ညီလာခံကို တက်နိုင်ပြီ၊ ဒါဟာ အားလုံးညီလာခံတက်နိုင်ရေးအတွက် တပ်မတော်ဘက်က ဖြေလျော့မှုဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024