DVB Logo
Home
သုံးသပျခကျြ
ဦး​သိန်း​စိန် အစိုး​ရ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကိစ္စ ဘယ်လို အ​ကောင်အထည်​ဖော်​နေလဲ
DVB
·
October 10, 2011
ဦး​သိန်း​စိန် အစိုး​ရ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကိစ္စ ဘယ်လို အ​ကောင်အထည်​ဖော်​နေလဲ
Donate to DVB

ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ (၃) ရက်​နေ့​က လား​ရှိုး​မြို့​မှာ ဝတပ်ဖွဲ့​ခေါင်း​ဆောင်​တွေနဲ့​ ဦး​သိန်း​စိန်အစိုး​ရရဲ့​ ငြိမ်း​ချမ်​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ​တွေ့​ဆုံပြီး​ သ​ဘောတူညီချက်တချို့​ လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။ ဒီ သ​ဘောတူညီချက်နဲ့​ ပတ်သက်ပြီး​ အစိုး​ရပိုင်သတင်း​စာ​တွေမှာ အချက်အလက်တချို့​ ​ရေး​ပြထား​ပေမယ့်​ အဲဒီမှာ ​ဖော်ပြမထား​တဲ့​ တကယ့်​ အ​ခြေခံအချက်က​တော့​ (၃) ချက်ပဲ ရှိပါတယ်။ အဲဒါက​တော့​ ဝတပ်ဖွဲ့​တွေဟာ သူတို့​ လက်နက်​တွေ သူတို့​ ဆက်ကိုင်ထား​နိုင်မယ်၊​ သူတို့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ စစ်​ရေး​အဖွဲ့​အစည်း​ ဆက်လက် ရပ်တည်ခွင့်​ရှိမယ်၊​ သူတို့​ ၀ နယ်​မြေကို သူတို့​ဘာသာသူတို့​ ဆက်လက် စီမံအုပ်ချုပ်ခွင့်​ရမယ် ဆိုတဲ့​ အချက်​တွေပဲ ဖြစ်ပါတယ်။ တကယ်​တော့​ ဒါဟာ အထူး​အဆန်း​ မဟုတ်ပါဘူး​။ ၀ တပ်ဖွဲ့​အ​နေနဲ့​ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက​နေ ခွဲထွက်ပြီး​ခဲ့​စဉ် အဲဒီ အချိန်တုန်း​က စစ်အစိုး​ရ နဲ့​ ရရှိခဲ့​တဲ့​ သ​ဘောတူညီချက် အတိုင်း​ပဲ ဖြစ်ပါတယ်။ သ​ဘောတူညီချက်မှာ ပါတဲ့​ အခြား​အချက်​တွေက​တော့​ ၀ နယ်ထဲ အစိုး​ရဝန်ထမ်း​တွေ ပြန်ပို့​မယ်၊​ ၀ နယ်ပြင်ပမှာ ၀ အဖွဲ့​အစည်း​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ပြန်လုပ်ခွင့်​ပေး​မယ် ဆိုတာပါပဲ။ ခြုံပြီး​ ​ပြောရရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက် နယ်ခြား​စောင့်​တပ်ဖွဲ့​ရေး​ ကိစ္စ ဖိအား​မ​ပေး​ခင်က အ​ခြေအ​နေအတိုင်း​ပဲ ဖြစ်ပါတယ်။

ဒီ​နေရာမှာ ထူး​ခြား​ချက်အ​နေနဲ့​ ​ပြောရရင် ၀ တပ်ဖွဲ့​ကို ရှမ်း​ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ် အဖွဲ့​နဲ့​ ​တွေ့​ပြီး​ မကြာခင် ပြည်​ထောင်စုအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ မြန်မြန်ဆန်ဆန် ​တွေ့​ခွင့်​ရ၊​ မြန်မြန်ဆန်ဆန် ငြိမ်း​ချမ်း​ရေး​ စာချုပ် ချုပ်ဆိုနိုင်ခဲ့​တဲ့​ အချက်ဖြစ်ပါတယ်။ ဒီ အချက်ကိုကြည့်​ရင် ဦး​သိန်း​စိန်အစိုး​ရဟာ တိုင်း​ပြည်မှာ ငြိမ်း​ချမ်း​ရေး​ ဖြစ်​ပေါ်ဖို့​ တကယ်ပဲ လိုလား​နေလို့​လား​၊​ ဒါမှမဟုတ် တိုင်း​ရင်း​သား​လက်နက်ကိုင် တပ်ဖွဲ့​တွေကို တဖွဲ့​ကို ပုံစံတမျိုး​ ဆက်ဆံပြီး​ ခွဲခြား​ချေမှုန်း​ဖို့​လား​ ဆိုတာ ​မေး​စရာ ဖြစ်လာပါတယ်။

တကယ်ဆို ဒီထက် အ​စောပိုင်း​ကတည်း​က ကချင်ပြည်နယ် အစိုး​ရအဖွဲ့​နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​တို့​ ​တွေ့​ဆုံခဲ့​ကြတာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု အစိုး​ရအဆင့်​နဲ့​တော့​ ​တွေ့​ဆုံခွင့်​ မ​ပေး​ခဲ့​ပါဘူး​။ အခြား​တဖက်မှာလည်း​ အစိုး​ရတပ်​တွေအ​နေနဲ့​ ​ကေအိုင်​အေ နယ်​ခြေထဲ ချဉ်း​နင်း​ဝင်​ရောက်တာ စစ်​ရေး​အရ ရန်စ ကျူး​ကျော်တာ​တွေ လုပ်ပါတယ်။ ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ရင်လည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာပါတဲ့​အတိုင်း​ နိုင်ငံမှာ လက်နက်ကိုင် တပ်မ​တော်တခုတည်း​ ရှိရမယ် ဆိုတဲ့​ မူနဲ့​ပဲ ​ဆွေး​နွေး​မယ်။ နယ်ခြား​စောင့်​ တပ်ဖွဲ့​စည်း​ရေး​ ဖိအား​ပေး​တာကို လက်မလွှတ်​သေး​ဘူး​ ဆိုတဲ့​ မူနဲ့​ ချဉ်း​ကပ်ခဲ့​တဲ့​အတွက် ​ဆွေး​နွေး​ပွဲ​တွေ အလုပ်မဖြစ်ခဲ့​တာ ဖြစ်ပါတယ်။ အခု​တော့​ ​ကေအိုင်​အေ တပ်ဖွဲ့​တွေရှိတဲ့​ ​နေရာတိုင်း​လိုလို​လောက်မှာ တိုက်ပွဲ​တွေ ဖြစ်​နေပါပြီ။ တကယ်​တော့​ လက်ရှိ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ​ကေအိုင်​အေကို ​ပေး​ရင် ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ်မှာ ငြိမ်း​ချမ်း​ရေး​ မရစရာ အ​ကြောင်း​မရှိပါဘူး​။

အလား​တူပါပဲ၊​ နိုင်ငံ​တောင်ဘက် အခြမ်း​မှာလည်း​ ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) ဟာ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ အမြဲ အသင့်​ရှိ​နေခဲ့​တာပါ။ ​ဆွေး​နွေး​ပွဲ​တွေလည်း​ အကြိမ်ကြိမ် လုပ်ခဲ့​ဖူး​ပါတယ်။ ဒါ​ပေမယ့်​ တကြိမ်မှ ငြိမ်း​ချမ်း​ရေး​ မရခဲ့​ပါဘူး​။ ​ကေအန်ယူ အဖွဲ့​ကိုသာ အစိတ်စိတ် အမြွှာမြွှာပြိုကွဲ​အောင် ဖြိုခွဲတဲ့​ အလုပ်​တွေ လုပ်ခဲ့​တာ ဖြစ်ပါတယ်။ တကယ်လို့​သာ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ကိုယ့်​လက်နက်ကိုင်တပ်ကို ကိုယ် ထိန်း​ချုပ်ခွင့်​၊​ ကိုယ့်​နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ ကိုယ်ရပ်တည်ခွင့်​၊​ ကိုယ့်​နယ်​မြေကို ကိုယ်စီမံခန့်​ခွဲ အုပ်ချုပ်ခွင့်​ စတာ​တွေသာ ရမယ်ဆိုရင် လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က ကရင်ပြည်နယ်မှာ ​သေနတ်သံ​တွေ တိတ်ဆိတ်​နေမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခု​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေဟာလည်း​ အရင်ဘယ်တုန်း​ကနဲ့​ မတူ​အောင် နိုး​ကြား​လာပါပြီ။ တကယ်လို့​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ လုပ်မယ်ဆိုရင် တပ်​ပေါင်း​စုက တဆင့်​သာ လုပ်မယ် ဆိုတဲ့​ မူကို ချမှတ်ထား​ပြီး​ အစိုး​ရကိုလည်း​ ဒီအတိုင်း​ အ​ကြောင်း​ပြန်ထား​ကြပါတယ်။

အရင်တုန်း​ကလို တဖွဲ့​ချင်း​ ​သွေး​ခွဲ​ချေမှုန်း​တာမျိုး​ကို လက်မခံ​တော့​ဘူး​ ဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ ​နောက် အ​ရေး​ကြီး​တဲ့​ အချက်တချက်ကလည်း​ ရှိ​နေပြန်ပါ​သေး​တယ်။ အဲဒါက​တော့​ အစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေအကြား​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရင် ​ဒေါ်​အောင်ဆန်း​စုကြည်က လိုအပ်ရင် ဝင်ပါ​ပေး​မယ် ဆိုတာကို လက်ခံထား​ကြခြင်း​ပါ။

တကယ်​တော့​ တိုင်း​ပြည်မှာ ပြည်တွင်း​စစ်ဖြစ်​နေ​သေး​သ​ရွေ့​ နိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို ဘယ်လိုမှ အ​ကောင်အထည်​ဖော် လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး​ ဆိုတာ သမ္မတ ဦး​သိန်း​စိန်က​ရော သူ့​ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ အဖွဲ့​တွေကပါ ဝန်ခံခဲ့​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ တကယ့်​တကယ် လက်​တွေ့​ အစိုး​ရ တာဝန်ယူထား​တဲ့​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေက​ရော လက်ရှိ စစ်တပ်တာဝန်ယူထား​သူ​တွေကပါ ဒီလို တကယ်ငြိမ်း​ချမ်း​ချင်ရဲ့​လား​ဆိုတာ ပြည်တွင်း​ပြည်ပ အား​လုံး​က သံသယ ရှိ​နေကြပါတယ်။

အ​ကြောင်း​က​တော့​ စစ်အာဏာရှင်​တွေဟာ နှစ်​ပေါင်း​ ၅၀ နီး​ပါး​ မြန်မာနိုင်ငံကို ပုံစံအမျိုး​မျိုး​နဲ့​ အုပ်ချုပ်ခဲ့​ကြပြီး​ ပြည်တွင်း​စစ် သက်ဆိုး​ရှည်မှသာ တိုင်း​ပြည်ကို အုပ်ချုပ်လို့​ရမယ် ဆိုတဲ့​ အ​တွေး​အ​ခေါ်နဲ့​ ပြည်တွင်း​စစ်ကို ​မွေး​မြူထား​ခဲ့​လို့​ ဖြစ်ပါတယ်။ အခုလည်း​ အရင်စစ်အာဏာရှင်​တွေကပဲ သူတို့​ဘာသာ ပြဋ္ဌာန်း​ထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​ သူတို့​ဘာသာသူတို့​ စိတ်ကြိုက်​ရွေး​ကောက်ပွဲ လုပ်ပြီး​ သူတို့​ပဲ ​နေရာအသီး​သီး​မှာ အာဏာ​တွေ ဆက်လက်ရယူထား​ဆဲ ဖြစ်​နေပါတယ်။ ဘယ်အ​ရေး​ပါတဲ့​ တ​နေရာကိုမှ အတိုက်အခံ အင်အား​စု​တွေ၊​ အရပ်သား​စစ်စစ်​တွေကို ​ပေး​ထား​တာ မရှိ​သေး​ပါဘူး​။ ဒီ လူ​တွေကိုလည်း​ ​နောက်က​နေ စစ်တပ်က အပြည့်​အဝ ​ထောက်ခံထား​ဆဲလည်း​ ဖြစ်ပါတယ်။

လက်ရှိ အစိုး​ရအ​နေနဲ့​ တိုင်း​ပြည်ကို တကယ် ဒီမိုက​ရေစီ လမ်း​ပေါ်​လျှောက်​နေပါပြီ ဆိုတာ ပြဖို့​ အဓိက အချက် ၂ ချက်ရှိတယ်လို့​ ပြည်တွင်း​ပြည်ပက ဆိုကြပါတယ်။ အဲဒါက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​နဲ့​ ပြည်တွင်း​မှာ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ဖို့​ ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စု​တွေနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ လုပ်ရာမှာလည်း​ မခက်ပါဘူး​။ လက်ရှိ ၀ တပ်ဖွဲ့​ကို ​ပေး​တဲ့​အခွင့်​အ​ရေး​အတိုင်း​ သူတို့​တပ်ဖွဲ့​၊​ သူတို့​ အဖွဲ့​အစည်း​ ဆက်လည် တည်ရှိခွင့်​ကို အသိအမှတ်ပြု၊​ သူတို့​ နယ်​မြေ သူတို့​ စီမံခန့်​ခွဲခွင့်​ပေး​၊​ တဖြည်း​ဖြည်း​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​အ​ဖြေရှာ ဆိုတဲ့​ နည်း​လမ်း​ပဲ ဖြစ်ပါတယ်။ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို တကယ်လိုလား​ မလိုလား​၊​ ဒီကိစ္စ ဘယ်လို ကိုင်တွယ်​ဆောင်ရွက်မလဲ ဆိုတာ မကြာခင် ​တွေ့​မြင်လာကြရ​တော့​မှာ ဖြစ်​ကြောင်း​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013