ပြည်ပပို့ကုန်တိုးမြင့်ရန် အစိုးရ ဖြေလျော့
DVB
·
August 7, 2016
ပို့ကုန်တင်ပို့မှုကို မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ပြည်တွင်းမှာလုပ်ကိုင်ပြီး နိုင်ငံခြားကိုတင်ပို့မယ့် လုပ်ငန်းရှင်တွေအတွက် အခွင့်အရေးတွေ ပေးအပ်ထားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်းမှာ နှစ်စဉ်ကုန်သွယ်မှု လိုငွေတွေပြနေတာကြောင့် သွင်းကုန်အတွက် နိုင်ငံခြားငွေလိုအပ်ချက် ကြီးမားနေတဲ့အတွက် ပို့ကုန်ကဏ္ဍကနေ နိုင်ငံခြားငွေဒေါ်လာ အမြောက်အမြားရရှိဖို့လိုအပ်နေပါတယ်။
ဦးအောင်နိုင်ဦးက "မြန်မာနိုင်ငံသားပဲတည်တည် (စက်ရုံကို)၊ နိုင်ငံခြားသားပဲတည်တည်၊ တည်ပြီးရင် ထွက်သမျှကုန်ချောတွေ အားလုံးကို နိုင်ငံခြားကိုပို့မယ်ဆိုလို့ရှိရင် သွင်းသမျှကုန်ကြမ်းတွေ အားလုံးကို ကျနော်တို့ ဂျူတီဖရီးပေးပါမယ်။ သုံးနှစ်လည်း မသတ်မှတ်ဘူး။ သူတို့ ဆယ်နှစ်လုပ်ချင်လည်း ဆယ်နှစ်ပေးမယ်။ နှစ်နှစ်ဆယ်လုပ်ချင်လည်း နှစ်နှစ်ဆယ်ပေးမယ်။ နှစ်ငါးဆယ်လုပ်ချင်လည်း နှစ်ငါးဆယ်လုံးပေးမယ်။ သတ်မှတ်ချက်မထားဘဲနဲ့ နိုင်ငံခြားကို ရာနှုန်းပြည့်ပို့ဖို့၊ ပို့တဲ့ပစ္စည်း ထုတ်လုပ်မယ့်စက်ရုံတွေမှာ ကျနော်တို့က အကောက်ခွန်ကင်းလွတ်ခွင့် ပေးသွားပါမယ်” လို့ ပြောပါတယ်။
အချို့ကုန်ကြမ်းသွင်းခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း နိုင်ငံခြားဈေးကွက်ရရှိလာတဲ့အခါ တင်ပို့တဲ့ ကုန်ပစ္စည်းနဲ့ညီမျှတဲ့ ဂျူတီကြေးကို အစိုးရဘက်က ပြန်လည်အမ်းသွားမယ်လို့ သူက ပြောပါတယ်။
ဦးအောင်နိုင်ဦးက “တချို့လုပ်ငန်းတွေက ပြည်တွင်းကို ကုန်ကြမ်းတွေသွင်းလာတယ်။ သွင်းလာတဲ့အချိန်မှာ ဂျူတီဆောင်ပြီးသွင်းရပါမယ်။ ပြည်တွင်းမှာ လုပ်ကိုင်ဆောင်ရွက်၊ သို့သော် အဲဒီလုပ်တဲ့လုပ်ငန်းတွေက လုပ်ရင်းကိုင်ရင်းနဲ့ နိုင်ငံခြားမှာ ဈေးကွက်ရလာလို့၊ သူထုတ်ထားတဲ့ပစ္စည်းကို နိုင်ငံခြားကို ပို့ချင်တယ်ဆိုရင် ပို့တဲ့ပစ္စည်းပမာဏနဲ့ညီမျှတဲ့ ကုန်ကြမ်းပစ္စည်းပေါ့၊ သွင်းစဉ်တုန်းက ပေးထားတဲ့ဂျူတီ ပြန်အမ်းပေးပါမယ်” လို့ပြောပါတယ်။
ပို့ကုန်လုပ်ငန်းတွေကို ဦးစားပေးဖို့နဲ့ ကုန်ထုတ်လုပ်မှုတွေ မြှင့်တင်ဖို့ လက်ရှိအစိုးရက စက်မှုဇုန်တွေကို နိုင်ငံတ၀န်းမှာ တိုးချဲ့တည်ဆောက်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
ပုံမှန်/နယ်စပ် ပို့ကုန်၊ သွင်းကုန်နှစ်ခုစလုံးရဲ့ ကုန်သွယ်မှု ပမာဏအခြေအနေတွေကို စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီးဌာနထုတ် ဘဏ္ဍာနှစ်အလိုက်ဖော်ပြချက်မှာတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာသန်းပေါင်း (၉၁၃၅.၆၀၂) နဲ့ သွင်းကုန်က အမေရိကန်ဒေါ်လာသန်းပေါင်း (၁၈၁၇၀.၆၆၅)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာသန်းပေါင်း (၈၉၇၇.၀၁၅) နဲ့ သွင်းကုန်က အမေရိကန်ဒေါ်လာသန်းပေါင်း (၁၈၀၄၅.၉၂၉)၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၁၂၀၃.၉၅၇) နဲ့ သွင်းကုန်က အမေရိကန်ဒေါ်လာသန်းပေါင်း (၂၄၉၆၃.၄၆၄)၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၂၅၂၃.၇၁၇) နဲ့ သွင်းကုန်က အမေရိကန်ဒေါ်လာသန်းပေါင်း (၂၉၁၅၆.၈၆၃)၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၁၁၃၆.၉၄၁) နဲ့ သွင်းကုန်က အမေရိကန်ဒေါ်လာသန်းပေါင်း (၂၇၇၁၄.၈၂၆) ဖြစ်ပါတယ်။
ဒီဇယားမှာ ဖော်ပြချက်ကိန်းဂဏန်းတွေအရ သွင်းကုန်နဲ့ ပို့ကုန်နှိုင်းယှဉ်ချက်မှာ အကြမ်းဖျင်းအားဖြင့် ပို့ကုန်ပမာဏရဲ့ ၂ ဆခန့်ကို တင်သွင်းနေရပြီး လိုငွေပြေနေတာဖြစ်ပါတယ်။
အစိုးရက အခုဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုပမာဏကို ပို့ကုန်သွင်းကုန် ဒေါ်လာ ၃၁ ဘီလီယံနဲ့ ကုန်သွယ်မှုလိုငွေ ၃ ဘီလီယံလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး သတင်းအချက်အလက်တွေ ဖြန့်ဝေပေးဖို့နဲ့ ကုန်သွယ်မှုမြှင့်တင်ရေး ၀န်ဆောင်မှုပေးဖို့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ကုန်သွယ်မှု ဗဟိုဌာန ၉ ခု ကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပို့ကုန်ပမာဏမြင့်မားရေးကို အစိုးရအဆက်ဆက်ပြောဆိုခဲ့ကြပြီး လက်တွေ့အကောင်အထည်ဖော်မှုပိုင်းမှာ အားနည်းတယ်လို့ ထောက်ပြပါတယ်။
ဒေါက်တာစိုးထွန်းက “ပို့ကုန်ဦးစားပေးတယ်ဆိုပေမယ့် လက်ရှိက ကျနော်တို့က ပို့ကုန်ပို့ရင် ၂ ရာခိုင်နှုန်း အခွန်ဆောင်နေရတယ်။ အဲဒါ ဘယ်နိုင်ငံမှမရှိဘူး ကျနော်တို့နိုင်ငံမှာလည်း ရှိတယ်။ ပါးစပ်ကပဲ ဦးစားပေးတာ၊ လက်တွေ့ကျကျ ဦးစားပေးတာ မတွေ့ဘူး။ အိပ်စပို့သွားတယ်ဆိုတာ သူများက ပိုက်ဆံပြန်ရတယ်။ ကျနော်တို့က ပိုက်ဆံတောင် ပြန်ဆောင်နေရတယ်။ အဲဒါကလည်း ဘယ်နိုင်ငံမှမရှိတဲ့အတွက်ကြောင့်မို့လို့ ဒါမှားနေတယ်လို့ ပြောချင်တယ်။ ဒါကတချက်၊ နောက်ပြီးတော့ tax (အခွန်) တွေက ဆောင်ထားပြီးရင် သူတို့ဆီမှာ ပြန်တောင်းရခက်တယ်။ ဆောင်ထားပြီးတဲ့ဟာကို ၀င်ငွေခွန် နှစ်ကုန်ရင်ရှင်းမယ်။ နှစ်ကုန်လည်း ပြန်တောင်းလို့မရဘူး။ အစိုးရက ၀င်ပြီးရင်ပြန်မထွက်တော့ဘူး။ ဆိုပါစို့ဗျာ ဒီနှစ်ကုန်လို့ ပြန်မရတဲ့ပိုက်ဆံကို နောက်ထပ်ဆောင်မယ့်ဟာကျရင် ခုနှိမ်ပေးပါဆိုရင်တောင် သူတို့က ခုနှိမ်ပေးတာ မရှိဘူး။ အဲလိုဆိုတော့ ပြောရရင်တော့ အစိုးရ၀န်ထမ်းတွေအများစုကတော့ အခွန်နဲ့ပတ်သက်ရင် refund ပြန်အမ်း ဆိုတာ အစိုးရဆီမှာ မရှိဘူး” လို့ ပြောပါတယ်။
အရင်းနှီးနည်းပါးတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အစိုးရက ဘဏ္ဍာငွေကြေးစနစ်ပိုင်းမှာ အကူအညီအထောက်အပံ့ပေးဖို့ လိုအပ်တယ်ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေကတည်းက တင်ပြဆွေးနွေးဖူးပြီး ထူးမလာသေးဘူးလို့ သူက ပြောပါတယ်။
“ယူအမ်အက်ဖ်စီစီအိုင်မှာ ဦးအောင်သောင်းက ဘဏ္ဍာရေးနဲ့ ငွေကြေးကော်မတီမှာ ကျနော်တို့ကတင်ပြတယ်၊ ဘဏ္ဍာရေးဝန်ကြီးပါ ပါတယ်ပေါ့။ ပြည်ပလုပ်ငန်းဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးပေမယ့် ပြည်တွင်းလုပ်ငန်းဘဏ်တွေက အဲဒီဘဏ်တွေကို ဆက်သွယ်လို့မရဘူး။ နိုင်ငံခြားသားတွေဆိုရင် ဒီဘဏ်တွေကို ဘာကြောင့်လုပ်ပိုင်ခွင့်ပေးသလဲ။ ပြည်တွင်းဘဏ်တွေက မိသားစုဘဏ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကို ငွေမချေးနိုင်ဘူး။ အရင်းနှီးက နည်းတယ်။ မိသားစုလုပ်ငန်းတွေပဲ ချေးကြတယ်။ ဆက်စပ်တဲ့လုပ်ငန်းတွေပေါ့ဗျာ။ ကျနော်တို့က ချေးလို့မရတဲ့အတွက်ကြောင့်မို့ ဒီဘဏ်တွေကို ချေးခွင့်ပေးပါ။ အထူးသဖြင့် သူတို့မချေးတဲ့ လယ်ယာစိုက်ပျိုးရေး၊ လယ်သမားတွေ ငွေချေးတာတို့၊ အိပ်စပို့သမားတွေ ငွေချေးတာလုပ်ခွင့်ပေးပါဆိုတော့ ပြည်တွင်းဘဏ်တွေထိခိုက်မှာစိုးလို့ လုပ်ပိုင်ခွင့်မပေးနိုင်ဘူးတဲ့၊ ကျနော်တို့ကပြောတယ်။ ပြည်တွင်းဘဏ် ဆယ်ဘဏ်ကျော်ရဲ့ စီးပွားရေးနဲ့ လူဦးရေ သန်းငါးဆယ်ကျော်နဲ့ ဘယ်ဟာက အရေးကြီးလဲလို့။ အဲဒါတော့ သူတို့မဖြေဘူး။ ဦးအောင်သောင်းလက်ထက်ပေါ့ဗျာ အလုပ်ရုံဆွေးနွေးပွဲမှာပြောကြတာ။” လို့ ပြောပါတယ်။
ပြည့်ဖြိုးကျော်