လယ်သမားဆွေးနွေးပွဲများ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရလာ
နေသွင်
·
October 7, 2011

လွန်ခဲ့တဲ့လကစလို့ လမ်းပြကြယ်အဖွဲ့က ဦးဆောင်တဲ့ လယ်သမား ဆွေးနွေးပွဲတွေကို ပြုလုပ်နေပြီး အလုပ်သမားတွေ ရာနဲ့ချီ တက်ရောက်နေတယ်လို့ လမ်းပြကြယ် ဦးအေးမြင့်က ပြောပါတယ်။
[caption id="attachment_16251" align="alignright" width="310" caption="ဦးအေးမြင့် (ဓာတ်ပုံ - facebook)"]
[/caption]
“ပြီးခဲ့တဲ့ လက်ပံတန်းပွဲဆိုရင် ကျနော်တို့ လူ ၂၀၀ လောက်တက်တယ်။ အခု တဖြည်းဖြည်းလူတွေက ပထမတုန်းကတော့ ကျနော်တို့က အယောက် ၂၀ လောက်နဲ့ စတာ၊ ခွင့်လည်းပြုတယ် ခံစားချက်တွေလည်း ပြောခွင့်ရလာပြီးတော့ တဆင့်စကား တဆင့်နားပေါ့ဗျာ ကြားလာတော့ အခု ညောင်လေးပင်မှာတော့ အနည်းဆုံး လူ ၅၀၀ တက်မယ်လို့ သူတို့ ကြိုးစားနေကြတယ်ဗျ။”
ဆွေးနွေးပွဲတွေကို ဒေသအာဏာပိုင်တွေက အနှောင့်အယှက်မပေးဘဲ လွတ်လပ်စွာ လုပ်ခွင့်ပေးထားတာ အစိုးရသစ်လက်ထက်မှာ ထူးခြားချက်ဖြစ်တယ်လို့ ဦးအေးမြင့်က ယူဆပါတယ်။
ဆွေးနွေးပွဲတွေမှာ လယ်သမားတွေကလည်း သူတို့ရဲ့ မကျေနပ်ချက်တွေ၊ နစ်နာချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးချက်တွေကို ဗွီဒီယိုမှတ်တမ်းတင်ထားပြီး၊ တိုင်းဝန်ကြီးချုပ်ကနေအပါအဝင် လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် အချက်အလက်တွေ ပေးပို့သွားမယ်လို့ သိရပါတယ်။
စက်တင်ဘာလကနေ အခုအထိ အချိန်တလခွဲဝန်းကျင်အတွင်းမှာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ဆွေးနွေးပွဲပေါင်း ၁၅ကြိမ်ပြုလုပ်နိုင်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အလားတူ လယ်သမားဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ ဦးအေးမြင့် က ဆိုပါတယ်။
