လူ့အခွင့်အရေးကော်မရှင်က ပညာပေးလုပ်ငန်း ဦးစားပေးဆောင်ရွက်မည်ဟု ဆို
ရွှေအောင်
·
October 7, 2011
လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဒီနေ့ ရုံးခန်းစတင်ဖွင့်လှစ်ပြီး တိုင်တန်းစာတွေလက်ခံနေပြီဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
လူ့အခွင့်အရေးကော်မရှင်ရုံးကို ရန်ကုန် လှိုင်မြို့နယ် ပြည်လမ်း အမှတ် ၂၇ မှာ ဖွင့်လှစ်လိုက်တာပါ။
“လူ့အခွင့်အရေးဆိုတာဘာလဲ၊ ကိုယ့်မှာ ဘာအခွင့်အရေးတွေရှိလဲဆိုတာ” အသိပညာပေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်မှာပါလို့ လူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင် ဥပဒေပညာဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်သန်းနွဲ့က ပြောပါတယ်။
အချက် ၃ ချက် ပြည့်ပြည့်စုံစုံဖော်ပြပြီး တိုင်တန်းရင် ကော်မရှင်က လက်ခံ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
တိုင်တန်းတဲ့စာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူရဲ့ နာမည်နဲ့ လိပ်စာ အပြည့်အစုံ ပါရှိရမှာဖြစ်ပါတယ်။
ဘယ်လိုအခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုတာ အချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြရမယ်၊ တိုင်တန်းချက်ဟာ မှန်ပါတယ်ဆိုတဲ့အကြောင်း ဝန်ခံချက် ပြုပြီး လက်မှတ်ရေးထိုးရမယ် စတဲ့အချက်တွေပါရှိရင် ကော်မရှင်က လက်ခံမယ်လို့ သိရပါတယ်။
တရားရုံးမှာအမှုဖွင့်ထားပြီး စစ်နေတဲ့ အမှုတွေ၊ တရားရုံးကဆုံးဖြတ်ပြီး အမှုတွေနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေတော့ အကျုံးမဝင်ဘူးလို့လည်း ကော်မရှင်က ကန့်သတ်ထားပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ် သန်းနွဲ့က ရှင်းပြပါတယ်။
“တရားစီရင်ရေးအာဏာအရ ဆောင်ရွက်ရတဲ့ပြဿနာတွေ၊ တရားစွဲဆိုခြင်း တွေ တရားစီရင်ရေးကမှ ဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကို ကျမတို့က မဝင်ပါဘူး။”
ထိုင်းအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုး မင်းကတော့ ဒီကန့်သတ်ချက်ဟာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောပါတယ်။
“မြန်မာပြည်မှာက တရားဥပဒေရှိပေမယ့် ဒီတရားဥပဒေတွေကိုယ်တိုင်က လူ့အခွင့်အရေးနဲ့မညီတဲ့ ဥပဒေတွေဖြစ်နေတာရှိတယ်၊ တချို့ကျတော့ တရားဥပဒေ အတိုင်း လုပ်ဆောင်ပေမယ့် တရားဥပဒေတွေကို ကိုင်တွယ်ဖြေရှင်းသူတွေရဲ့ လာဘ်စားမှုတွေ၊ ဥပဒေအတိုင်း ကျိုးကြောင်းဆီလျော်မှုမရှိဘဲ အမိန့်ချတာတွေက လည်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့အတွက် ဒီလိုမျိုးအခြေအနေတွေမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့တော့ သိပ်ပြီး ကိုက်ညီမှုမရှိပါဘူး။”
ကော်မရှင်ကတော့ တိုင်တန်းချက်မှန်ကန်ကြောင်း စိစစ်တွေ့ရှိရင် ကော်မရှင် ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေါက် တာ ဒေါ်သန်းနွဲ့က ရှင်းပြပါတယ်။
“ဌာနတခုကို ဒါမှမဟုတ် အဖွဲ့အစည်းတခုကို သူ့ရဲ့ လူ့အခွင့်အရေးချိုး ဖောက်နေပါတယ်လို့ ပြောတဲ့အခါ ကျမတို့က ဒါဟာ မှန်မမှန်ကို သက်ဆိုင်ရာဌာန တွေကို သူတို့ဌာနက ဆောင်ရွက်ဖို့ တိုက်တွန်းတာ၊ အကြောင်းကြားတာ လုပ်မယ်။ သူတို့ဆောင်ရွက်ပြီးသမျှကိုလည်း ကျမတို့ဆီ ပြန်လည်သတင်းပို့ရပါမယ်။ တိုင်တန်း သူတွေဆီကိုလည်း ကျမတို့က ဘာတွေဆောင်ရွက်ထားပါတယ်၊ ဘယ်လိုဆိုတာကို ပြန်အကြောင်းကြားသွားမှာပါ။”
လူ့အခွင့်အရေးချိုးဖောက်ခံရလို့ တိုင်တန်းလိုသူတွေဟာ ရုံးကိုလိပ်မူပြီး စာတိုက်ကဖြစ်စေ၊ လူကိုယ်တိုင်ရုံးခန်းကို လာရောက်ပေးပို့လို့ဖြစ်စေ စာရေးတိုင်တန်းနိုင်ကြပါတယ်။
မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကို စက်တင်ဘာ ၅ ရက်က အစိုးရအငြိမ်းစား အရာရှိကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး တလလောက်အကြာမှာ ခုလို တိုင်တန်းစာ ပေးပို့နိုင် ကြောင်း အသိပေးဖော်ပြလာတာပါ။