Home ဆောင်းပါး သန်းရွှေ အလွန် အပိုင်း (၆)
သန်းရွှေ အလွန် အပိုင်း (၆)
TS&MAH ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မတ်လ ၃၀ ရက်နေ့မှာ တပ်မတော်ဦးစီးချုပ်ရာထူးကို တရားဝင်လွှဲပြောင်းပေးပြီးလိုက်တဲ့နောက်မှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ ၈ ဦးမြောက် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ လက်ထက်မှာ မြန်မာတပ်မတော်နဲ့ အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား ဆက်ဆံရေးအနေအထားကို ဒီတပတ် တင်ပြပေးပါမယ်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လက်ထက်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအပေါ် စစ်ရေးအရ ဖြေရှင်းတဲ့နည်းနဲ့ ဆက်ဆံလာတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပတ်သက်ရင် စစ်ရေးအရ ဖြေရှင်းတာတွေဟာ အရင်ကထက် ပိုဆိုးလာပြီး တိုက်ပွဲကြီးတွေလည်း ဖြစ်နေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းမှ ဗိုလ်မှူးစိုင်းလ က ယခုလို ပြောပါတယ်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူပြီးတော့ ကာကွယ်ရေးဦးစီးချုပ်အဆင့်မျာ ဗိုလ်ချုပ်ကြီး မြင့်အောင်လှိုင် အစားထိုးခဲ့တယ်။ အဲဒီ အစားထိုးတဲ့ နေရာမှာ တကယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီး မြင့်အောင်လှိုင်ထက် စီနေရာကျတဲ့ ဗိုလ်ချုပ်ကြီးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သူက သဘောက သူ့စိတ်အချရဆုံးပေါ့။ သူ့လူယုံတော်ကို သူက နေရာပေးလိုက်တဲ့ သဘောမျိုးပဲ ကျနော်တို့ မြင်တယ်လေ။ ဒါကြောင့်လည်း ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် ကို နောက် ဆက်ဆံနေတဲ့ သဘောထားတွေလည်း မပြောင်းလဲပါဘူးခင်ဗျ။ ခုထက်ထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာပဲ။ ပြောရမယ်ဆိုရင် အခုက ပိုပြီးတော့ ကြီးကြီးကျယ်ကျယ် တိုက်ပွဲတွေ ဖြစ်ခဲ့တာ။”
တပ်မတော်က အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် ပြောင်းလဲဖို့ ညွှန်ကြားခဲ့ပါတယ်။ မြန်မာတပ်မတော်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ အပစ်ရပ်အဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
သည်လိုနဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ် အဖြစ်က အနားယူပြီးတဲ့ နောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။
ဒါပေမယ့် တပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့တိုင်းနဲ့တော့ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ဆက်ဆံရာမှာ တဖွဲ့နဲ့တဖွဲ့တူညီမှု မရှိဘူးလို့ တိုင်းရင်းသား အဖွဲ့တွေက ပြောကြပါတယ်။
ဝ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မိုင်လား လက်နက်ကိုင်အဖွဲ့တွေကို ဦးစားပေးလိုက်လျော ဆက်ဆံခဲ့ပြီး ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် ရအောင် လုပ်ခဲ့ပါတယ်။
သည်ကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ဦးလနန်းက ယခုလို သုံးသပ် ပြောဆိုပါတယ်။
“UWSA နဲ့ မိုင်းလားဘက်ကို နားလည်မှု သဘောတူတာမျိုး လုပ်တယ်ဆိုပေမဲ့ အခုထက်ထိ သူတို့ရဲ့ လက်မှတ်ရဲ့ အကျိုးသက်ရောက်မှုက ဘာမှ မရှိဘူး။ လက်မှတ်ထိုးတဲ့အကျိုး ဘာမှ ပေါ်လာစရာ အကြောင်းမရှိသေးဘူး ခင်ဗျ။ သူတို့ လက်မှတ်ထိုးတဲ့ အဖွဲ့ကလည်း နဂိုကတည်းက အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေပါ။ တကယ်လည်း သူတို့ ပစ်ခတ်တာတွေ လုပ်တဲ့အဖွဲ့တွေ မဟုတ်ပါဘူး။ ဒါကို သူတို့ကတော့ ပိုပြီးတော့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်း ပိုပြီးတော့ သေချာသွားအောင် အမြတ်ယူသွားတာပါ။ အခု သူတို့ အမှန်တကယ်ဆိုရင် တလလောက် ရှိသွားပါပြီ တလအတောအတွင်းမှာ သူတို့ အဲဒီအဖွဲ့တွေနဲ့ အမှန်တကယ်ပဲ ငြိမ်းချမ်းချင်တယ် သဘောတူညီချက် ရယူထားတယ် ဆိုရင်တော့ အဲဒီ ဒေသအတွက် အခု နိုင်ငံတော်ကနေ လုပ်ပေးလေ။ ဘာတွေလုပ်ပြီးပြီလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်ခင်ဗျ။ ဒါကတော့ ဘာလဲဆိုတော့ တိုင်းရင်းသားတွေဟာ အခု ဒီနောက်ပိုင်းမှာ အားလုံးဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုမှုတွေက အားလုံးက တူညီလာတယ်၊ အားလုံးက သဘောတခုတည်း ဖြစ်လာတယ် ဒါကို ယူအန်အက်စ်ဘီကနေပြီး စုစည်းပြီးမှပဲ နိုင်ငံရေးအင်အားစု တိုင်းရင်းသားတွေအတွက် နိုင်ငံရေးအင်အားစုတခု ထွက်ပေါ်လာတာ ရှိတယ်။ အဲဒီ ထွက်ပေါ်လာတဲ့ထဲမှာ UWSA နဲ့ မိုင်းလားအဖွဲ့တွေ ပါဝင်သွားမှာကို သူတို့ အများကြီး စိုးရိမ်တယ်ခင်ဗျ။ ဒါကြောင့်မို့ အဲဒီအဖွဲ့ ၂ ဖွဲ့ကို သူတို့ကနေပြီးတော့ ဘာမှ မဖြစ်တဲ့ ပြဿနာကို ပြဿနာတခု ဖြစ်တဲ့ပုံစံမျိုးနဲ့ ပုံဖော်ပြီးမှပဲ သဘောတူညီမှု လက်မှတ်ရေးထိုးတာပါ။ အမှန်တကယ်တော့ ဘာလဲဆိုတော့ ကျန်တဲ့ လက်နက်ကိုင် အင်အားစုတွေကို တဖွဲ့ပြီးတဖွဲ့ သူတို့ကနေ ဖျက်သိမ်းဖို့ ထိုးစစ်နဲ့ ချေဖျက်ဖို့ လုပ်တဲ့ ကိစ္စတွေပါ။ ဒါကတော့ အမှန်တကယ်ပါပဲ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ တခုက ဘာလဲဆိုတော့ အခု ဒီ သဘောတူညီချက် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေကလည်း တိုင်းရင်းသားကို အခြေခံတဲ့၊ တိုင်းရင်းသားအခွင့်အရေးကို အခြေခံပြီး တောင်းဆိုနေတဲ့ လက်နက်ကိုင် အင်အားစုတွေပါ။ အဲဒီအချက်ကိုတော့ ထည့်ပြီးတော့ စဉ်းစားရမယ်ခင်ဗျ။”
၂၀၁၁ မတ်လ ၃၀ ရက်နေ့မှာ စစ်တပ် အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဆီကို အာဏာ လွှဲပြောင်းပေးခဲ့ပါတယ်။ တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ် ပေါ်ပေါက်လာခဲ့ပါတယ်။ ယခုအချိန်ထိ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်ဘက်ဗိုလ်ချုပ်တွေဟာ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ဦးဆောင်မှုကနေ သွေဖည်တာမျိုး မတွေ့ရသေးပါဘူး။
လက်ရှိ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကို လက်ခံတယ် ဆိုပေမယ့် တိုင်းရင်းသားကိစ္စမှာ အလျှော့ပေးတဲ့သဘောမျိုး ဖြစ်လာရင်တော့ စစ်တပ်က လက်ခံမယ့်ပုံ မပေါ် ဘူးလို့သုံးသပ်တာတွေ ရှိပါတယ်။
စစ်တပ်က တိုင်းရင်းသား ကိစ္စတွေမှာ ပိုပြီးတင်းမာတဲ့ သဘောထား ရှိနေတာ ထင်ရှားပါတယ်။ ကာလ တခုမှာ တော့ နိုင်ငံရေး လိုအပ်ချက်အရ တိုင်းရင်းသားအရေးမှာ အလျှော့အတင်း လုပ် ကောင်း လုပ်လာ နိုင်ပေမယ့် ရေရှည်မှာတော့ စစ်တပ်က နိုင်ငံရေးလိုအပ်ချက်ကိုချည်း ဦးစားပေးမှာ မဟုတ်ပါဘူး။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေအပြင် တိုင်းရင်းသားတွေ တချို့တဝက်ပါတဲ့ အစိုးရအဖွဲ့တွေ ရှိပါတယ်။ ပြည်နယ်ဒေသတွေမှာဆိုရင် တိုင်းရင်းသား ပြည်နယ်အစိုးရ ဝန်ကြီးချုပ် တွေ ရှိကြ ပါတယ်။
တချိန်တည်းမှာလည်း တပ်မတော်က တိုင်းရင်းသားတွေဆက်ဆံရေးနဲ့ နယ်စပ်ဒေသ လုံခြုံ ရေး အတွက်လည်း ဆက်လက် ရှိနေဆဲပါ။ အဲလိုအနေအထားမျိုးမှာ ပြည်နယ် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် စစ်တပ်နဲ့ပဲ ဆက်ဆံရမှာလား။ အရပ်သား အစိုးရအဖွဲ့တွေနဲ့ ဆက်ဆံ ရမှာလား ဆိုတဲ့ ပြဿနာအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုမှ ဦးလနန်က အခုလို သုံးသပ်ထားပါတယ်။
“အခုကတော့ အရပ်သားအစိုးရ ဆိုပေမဲ့ အဲဒီ အရပ်သားအစိုးရ အပေါ်မှာ ဩဇာလွှမ်းမိုးမှုက ဘယ်သူရှိတယ်ဆိုတာ အဲဒီအချက်က အရေးကြီးပါတယ်။ ကျနော်တို့ ဒီ ပြည်နယ်အစိုးရတွေကတော့ တိုင်းဒေသကြီး အစိုးတွေထက် စာရင်တော့ အများကြီး လုပ်ပိုင်ခွင့်လျှော့ပါတယ်။ တိုင်းဒေသကြီး ဝန်းကြီးချုပ်တွေက အရင်တုန်းက ဗိုလ်ချုပ်ကြီးဟောင်းတွေ များပါတယ်။ အဲဒီကျတော့ တိုင်းဒေသကြီးတွေမှာ စစ်ဘက်ဆိုင်ရာ စစ်ဒေသတိုင်းမှူးတွေထက် ဝန်ကြီးချုပ်တွေက ပြောပိုင် ဆိုပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ဒီတိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက အားလုံးလိုလိုပဲ အရပ်ဘက်က များတယ်။ အဲဒီလို အရပ်ဘက်က ပုဂ္ဂိုလ်တွေက ဝန်ကြီးချုပ် လုပ်တဲ့အခါမှာ အဲဒီမှာ ဒေသခံ စစ်တိုင်းမှူးဆီမှာ ဘာမှာ ပြောပိုင် ဆိုပိုင်ခွင့် မရှိဘူး။ ဩဇာလွှမ်းမိုးမှု မရှိဘူး။ ပြည်နယ် အစိုးရတရပ်အနေနဲ့ ဘာမှ ဒီ ပြောဆိုပိုင်ခွင့် မရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကတော့ ဒီ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကတော့ အခုက တော်တော်လေး ရွေးရတယ်ခင်ဗျ။ ဒီ ပြည်နယ်အစိုးရတွေနဲ့ ပြောဆိုရမှာလား ဒါမှ မဟုတ်ရင် အာဏာလက်ကိုင်ထားတဲ့ အစိုးရစစ်တပ် အာဏာရှင်နဲ့ပဲ ပြောရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပေါ့နော် ပြည်နယ်တွေမှာက ပြည်နယ်အစိုးရ ဆိုတာကတော့ တိုင်းမှူးရဲ့ လက်အောက်ထဲမှာ တရားဝင် မရှိဘူး ဆိုပေမယ့် ဒီ ပြည်နယ်အစိုးရတွေဟာ စစ်တပ်တွေရဲ့ လုပ်ဆောင်မှု အပေါ်မှာ ဘာမှာ ဝင်ရောက်ပြီးတော့ အကြံပေးတာမျိုး ဝင်ရောက်စွက်ဖက်တာမျိုး လုပ်ကိုင်မှု အတိုင်းအတာ ဘာမှ မရှိဘူး။”
ပြည်နယ်အစိုးရတွေက စစ်တိုင်းမှူးတွေအပေါ် လွှမ်းမိုးနိုင်တာတော့ မရှိဘူးလို့ ဦးလနန်းက သုံးသပ်ပြောဆိုသွားတာပါ။ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ရေးအရ ဖြေရှင်းတာကို မလိုလားပါဘူး။ ဒါပေမယ့် မြန်မာတပ်မတော်ရဲ့ တိုင်းရင်းသားတွေ အပေါ်ထားတဲ့ ပေါ်လစီဟာ ပြောင်းလဲတာ မတွေ့ရဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ဗိုလ်မှုးစောလှငွေက အခုလို သုံးသပ်ပါတယ်။
“လောလောဆယ် အစိုးရ သမ္မတကြီး ဦးသိန်းစိန်တို့ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံတော် အခြေအနေနဲ့ သူတို့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သူတို့ ပျော့ပျော့ ပြောင်းပြောင်းနဲ့ သူတို့ လှည့်လို့ရနိုင်လည်း ရဆိုပြီးတော့ သူတို့ သာသာလေးနဲ့ ဆက်လက် အုပ်ချုပ်သွားနိုင်ဖို့ သူတို့ ကြိုးစားချင်တယ်။ ကျနော်ထင်တယ် စစ်တပ်ကတော့ သူတို့ရဲ့ တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့ ပေါ်လစီပဲ ဖြစ်ပစေ၊ ကျနော်တို့ ပြည်သူလူထုအပေါ်မှာထားတဲ့ ပေါ်လစီပဲ ဖြစ်ပါစေ ဘာမှာ မပြောင်းလဲဘူး ဆိုတဲ့အခါကျတော့ သမ္မတဦးသိန်းစိန်လည်း မောတာပဲ ရှိမယ်လို့ ထင်တယ်။ နောက်ဆုံး အဆင်မသင့်ရင် ဆက်ပြီး အာဏာ သိမ်းခံရမှာပဲ ကျနော်ကတော့ အဲဒီလိုပဲ ထင်တယ်။”
တိုင်းရင်းသားတွေအပေါ် တန်းတူထားပြီး ဆက်ဆံမယ်ဆိုတဲ့ စဉ်းစားချက်မျိုး မြန်မာတပ်မတော်မှာ ယခုလည်း မရှိသေးသလို နောင်လည်း တော်တော်နဲ့ရှိမှာ မဟုတ်ပါဘူး။ဒါကြောင့် တိုင်းရင်းသား အရေးကိစ္စနဲ့ ပတ်သတ်ရင် နိုင်ငံရေးနည်းနဲ့ စဉ်းစားချင်တဲ့ နိုင်ငံရေးသမားများလိုတော့ စစ်တပ်က စဉ်းစားမှာ မဟုတ်ဘူးလို့ဘဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ