မြစ်ဆုံနဲ့ တရုတ်-မြန်မာ နိုင်ငံရေးနဲ့ စီးပွားရေး ရှေ့အရေးနဲ့ နောက်အရေး မေးစရာတွေ များလာမယ်။
ဒေါ်လာသန်းပေါင်း ၃,၆၀၀ တန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒီအစိုးရလက်ထက်မှာ ရပ်ထားမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အချက်ပြသံဟာ တရုတ်နဲ့ မြန်မာကြားက နိုင်ငံရေးအခင်းအကျင်း အပေးအယူအသစ်ကို ပြတာလား။ ဒီအစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ ဒီစီမံကိန်းကို ရပ်ထားမယ်လို့ သမ္မတ ပြောစကားဟာ တရုပ်သဘောထားနဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်နေတယ်။ နအဖလက်ထက်က တရုတ် မဟာမိတ်ဆက် ဆံရေးမျိုးကနေ တခုခု သွေဖည်လာပုံပေါက်ပါတယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက် ရပ်ထားရုံနဲ့ အဖြေမထွက်သေးပါဘူး။ “မိမိတို့အစိုးရလက်ထက်”ဆိုတဲ့ ၅ နှစ်တာသက်တမ်းအတွင်း မြစ်ဆုံက လက်ရှိလုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားဖို့ တရုတ်နဲ့ ဘယ်လိုဆက်ညှိမလဲ။ မြစ်ဆုံရေကာတာကို ခဏရပ်ထားမယ်ဆိုပြီး ပေါက်ကွဲတော့မယ့် ဗုံးတလုံးကို ကော်ဇောနဲ့ အုပ်လိုက်တယ်။ အန္တရာယ် တကယ်ပဲ မရှိတော့ဘူးတဲ့လား။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကာကွယ်ပေးမယ့် တရုတ်ရဲ့ဗီတိုကို သိပ်အရေးတကြီး မလိုတော့ဘူး၊ ဗီတိုဈေးကျနေပြီလို့ ဆုံးဖြတ်တာဖြစ်နေသလား။ အမေရိကန်ဘက်က အရိပ်အခြည်ကို ကြည့်ပြီး တရုတ်ကိုအာခံဖို့ အားစမ်းတာလည်း ဖြစ်ကောင်းဖြစ်နေမလား။
ဧရာဝတီ မြစ်ဆုံကိစ္စ လူထုကြားမှာ လှုပ်ရှားမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာထက် တရုတ်ဆီက နဂါးမျက်စောင်းကိုပဲ ရင်ဆိုင်လိုက်တော့မယ်လို့ ရွေးချယ်လိုက်ရတာမျိုး လည်း ဖြစ်နိုင်လား။ ဆက်ဆံရေးသစ်နဲ့ အကဲစမ်းနေတဲ့ အမေရိကန်ကောင်းဘွိုင်တွေက အကာအကွယ် ပေးနိုင်လောက်နေပြီလား။ မေးစရာတွေ ရှိမယ်။
အပြောင်းအလဲကို လိုလားတယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးထားတဲ့ သမ္မတသစ်ရဲ့ အစိုးရသစ်အနေနဲ့ ပြည်သူလူထု ထောက်ခံမဲပိုရ အောင် ဒီလိုဆုံးဖြတ်တာရော ဖြစ်နိုင်လား။
ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ တရုပ်ပြည်သွားတောလားမှာ ငိုချင်းသံ ကြားရ မလား၊ ချော့မော့ဖျောင်းဖျ ချွေးသိပ်ရမလား။ ရင်ထဲအသည်းထဲက အပြန်အလှန် ယုံကြည်ခဲ့တာမဟုတ်တဲ့ ခေါင်းကိုင်အဖ သဘောကျပါ့မလား။ မြစ်ဆုံပရောဂျက်အစား တခြား အဖိုးထိုက်တဲ့ အရာတခုခု အစားထိုး အလျော်ပြန်ပေးရလေမလား။
လွှတ်တော်မှာကြေညာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မြစ်ဆုံကိစ္စ အချက်ပြသံကို တရုတ်က ချက်ချင်းတုံ့ပြန်ခဲ့ရတယ်။ နောက်တရက်မှာပဲ ”တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးကို အာမခံသင့်တဲ့အကြောင်း၊ မြစ်ဆုံဆည်ဟာ တရုတ်-မြန်မာအကြား ပူးတွဲဆောင်ရွက်ခဲ့တဲ့ စီမံကိန်း နှစ်နိုင်ငံ ဆက်လက်လေ့လာ ဆုံးဖြတ်သင့်” ဆိုတာတွေ ပြောရတယ်။ ”နှစ်ဖက်စလုံးက ခင်မင်းရင်းနှီးစွာ အကြံပြုပြီးတော့ ဒီလုပ်ငန်းကိစ္စတွေကို သင့်တော်သလို ဆောင်ရွက်ရအောင်” ဆိုတာတွေ နိုင်ငံခြားရေးဌာနက ထွက်ပြောလာရတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟောင်လီ အောက်တိုဘာလ ၁ ရက်နေ့ စနေနေ့ ပိတ်ရက် ရုံးတက်လိုက်ရတယ်။
လစ်ဗျားမှာလည်း ပြီးခဲ့တဲ့လကပဲ မြန်မာပြည်မှာလို ကြုံခဲ့တယ်။ တရုတ်စီးပွားရေး ဒေါ်လာဘီလီယံ ၂၀ လောက် ရင်းနှီးမြှုပ်နှံထားတဲ့ လစ်ဗျားအရေးမှာ တရုတ်ဟာ နာမည်ပျက် သိက္ခာကျခဲ့တယ်။ တရုတ်ဟာ ကဒါဖီပြုတ်မကျခင်လေးတင် ဇူလိုင်လက လက်နက် ဒေါ်လာ သန်း ၂၀၀ ဖိုး ရောင်းခဲ့တယ်။ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ လက်နက်ရောင်းဝယ်မှု ကန့်သတ်တဲ့ ဆုံးဖြတ်ချက်ကိုလည်း ဂရုမစိုက်တော့ဘူး။ ဒါပေမယ့် အပြစ်မဲ့အရပ်သားတွေကို ကဒါဖီ တိုက်လေယဉ်နဲ့ ဗုံးကျဲလို့ ‘နေတိုး’ ဝင်ရတော့မယ့် အခြေအနေမှာတော့ တရုတ်ဟာ သိပ်နာမည်ပျက်ခံပြီး ‘ဗီတို’မသုံးတော့ဘူး။ ဒါပေမယ့် နေတိုးတပ်တွေ ဗုံးကြဲတော့လည်း အပြစ်တင်စကား ပြောပြန်တယ်။ လစ်ဗျားသူပုန်တွေကို မထောက်ခံလို့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှု စီးပွားရေးကို ခြိမ်းခြောက်ခံခဲ့ရသေးတယ်။
နောက်ဆုံး ကဒါဖီ ပြုတ်ကျ ထွက်ပြေးရတော့မှပဲ တရုတ်က သူပုန်တွေကို ထောက်ခံ၊ သံခင်းတမန်ခင်းပြန်စဖို့ လေသံပစ်ခဲ့ရတယ်။ သူ့ရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးစီးပွားတွေ၊ သဘောတူစာချုပ်တွေကို နောက်အစိုးရ အသိအမှတ်ပြုဖို့ လုံးပန်းခဲ့ရတယ်။ ဒေါ်လာ ဘီလီယံ ၂၀။ ဒါအရေးကြီးတယ်။ မိတ်ဟောင်းကြီး ကဒါဖီလား၊ မေ့ထားလိုက်တော့။ No country for old men!
ဖေဖော်ဝါရီလတုန်းကလည်း အီဂျစ်အာဏာရှင် မူဘာရက် ပြုတ်ကျခဲ့တဲ့ မတိုင်ခင်ထိ ဆန္ဒပြ ပြည်သူလူထုကို ဆူပူရမ်းကားသူတွေလို့ တရုတ်မီဒီယာတွေက သုံးခဲ့တယ်။ အီဂျစ်သတင်းတွေ ပေါ်မလာအောင် တရုတ်အင်တာနက်ရဲသားတွေ ပိုက်စိပ်တိုက် လုံခြုံရေးအထပ်ထပ် ယူရ။ ပိတ်ရဆို့ရ။ မူဘာရက်လွန်ခေတ်ရောက်တော့လည်း တရုတ်စီးပွားရေးက နောက်အစိုးရနဲ့ ဆက်လုပ်ဖို့ ပေါင်းသင်းဖို့ ကြိုးစားခဲ့ရတာပဲ။ အာဏာရှင်တွေနဲ့ ပုလင်းတူဘူးဆို့ လုပ်နေတဲ့ တရုတ်ဟာ ဆန်စဉ်ရာ ကျည်ပွေ့လိုက် နိုင်ငံရေးပေါ်လစီမျိုး လုပ်ရပုံ ပေါက်နေတယ်။
စီးပွားရေးနဲ့ အကျိုးအမြတ်ပဲ အဓိကထား ဦးစားပေးကြတဲ့ တရုတ်အစိုးရဟာ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်တွေဘက်က ဘက်လိုက်ရပ်တည်တဲ့ မူတွေ၊ ဆက်ဆံရေး တွေ ထားခဲ့ကြတာတွေ အားလုံးတွေ့ခဲ့ကြရတယ်။ အကျိုးစီးပွားအတွက်ဆိုရင် ဆာဘီးယားက အာဏာရှင် စလိုဘိုဒန် မီလိုဆီဗစ်ကို သူ့ရဲ့အာဏာနောက်ဆုံးချိန်ထိ ထောက်ခံခဲ့တယ်။ ကမ္ဘာက ပြစ်တင်ဝေဖန်နေတဲ့ကြားက ဇင်ဘာဘွေသမတ အာဏာရှင် ရောဘတ်မူဂါဘီကို ဘီဂျင်းဆီ ဖိတ်ခေါ်ဧည့်ခံခဲ့တယ်။ ဗင်နီဇွဲလားအာဏာရှင် ဟူဂို ရှာဗက်ဇ်နဲ့ ပလဲနံသင့် ပေါင်းခဲ့တယ်။ ကမ္ဘာ့ဆွဲငင်အားရဲ့ ဗဟိုချက်ဟာ တရုတ်ပြည်ကို ရောက်လာနေပြီလို့ ဟူဂိုရှာဗက်ကလည်း တရုတ် ပေါလစ်ဗျူရိုတွေကို မြှောက်ပြော ခဲ့တယ်။ လောလောဆယ်တော့ သူတို့ အပြန်အလှန် ကျီးဖြစ်လိုက် ဘုတ်ဖြစ်လိုက်။
ဒီနှစ်အတွင်း အရှေ့အလယ်ပိုင်းက အာရပ်တော်လှန်ရေးတွေကြောင့် အာဏာရှင်တွေ အပြိုင်းအရိုင်း ပြုတ်ကျလာတဲ့အခါ တရုတ်ရဲ့မူဝါဒ အကျပ်အတည်းပိုများလာတယ်။ တရုတ်ဟာ သူ့အမျိုးသားကျိုးစီးပွားကိုပဲ ဦးစားပေးတယ်၊ အာဏာရှင်တွေဘက်က လိုက်ခဲ့တယ် ဆိုပေမယ့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချသံတွေ ပလူပျံလာတဲ့အခါ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ ကာကွယ်မဲမပေးတော့ဘဲ လက်ရှောင်ခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ဆူဒန်မှာဖြစ်ခဲ့။ လစ်ဗျားမှာဖြစ်ခဲ့တယ်။
တချိန်တည်းမှာပဲ တရုတ်ရဲ့ တပါတီအာဏာရှင်စနစ်ဟာ အနောက်မော်ဒယ် စီးပွားရေးပုံစံ အရ အကျိုးဖြစ်ထွန်းနေမယ့် အနောက်ရဲ့မော်ဒယ် လစ်ဘရယ်ဒီမိုကရေစီစနစ်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရတယ်။ အင်တာနက်နည်းပညာရဲ့လွတ်လပ်မှုဟာ ထိန်းရ ပိုပိုပြီးခက်လာတယ်။ ပိုက်ဆံရှိလာတဲ့ တရုတ်အလယ်လတ်တန်းစား အလွှာတွေ က လစ်ဘရယ်ဒီမိုကရေစီဆန်တဲ့ လွတ်လပ်ခွင့်ကို ပိုပြီးလိုချင်လာနိုင်တယ်။ ဒါကြောင့် အာဏာရှင်တွေနဲ့ မဟာမိတ်သဘော ဆက်ဆံရေး ချိန်ခွင်လျှာလည်း ညှိချင်၊ အမေရိကန် ဩဇာကို ခုခံချေပ အလေးအပေါ့ အကွက်ရွှေ့ချင်ပုံပြတယ်။
တရုတ်ဟာ အထီးကျန် ပိတ်ဆို့ခံ အာဏာရှင်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ နပ်တယ်။ လစ်ဘရယ်ဒီမိုကရေစီသမားတွေရဲ့ ချောင်ပိတ်ခံထားရတဲ့ အာဏာရှင်တွေက လည်း သူ့အပေါ် ပိုပြီးမှီခိုလာရတယ်။ ဒါပေမယ့် အာဏာရှင်နိုင်ငံတွေနဲ့ ဆက်ဆံရေးအား လုံးမှာ အကျိုးအမြတ်ရတယ်လို့တော့ မဟုတ်ဘူး။ အကျင့်ပျက်ခြစားမှု ဗရမ်းဗတာဖြစ်နေ တဲ့ အာဏာရှင်နိုင်ငံတွေ၊ အချိန်မရွေး ဇာတ်တူသားစားဖို့ ဝန်မလေးသူတွေနဲ့ ဆက်ဆံရေး ဟာ မီးနဲ့ကစားနေရသလိုပဲ။ သူလလည်း မနိုင်တော့တဲ့၊ တခုမဟုတ်တခု အမြဲတမ်း ပြဿနာရှာနေတဲ့ မြောက်ကိုရီးယားလို အာဏာရှင်တွေလည်း ရှိတယ်။
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ တရုတ်ကို အရှက်ရစေခဲ့တာလည်း မနည်းတော့ဘူး။
တဖက်မှာလည်း တရုတ်ဟာ အနီးကပ် တပါတီအာဏာရှင်တွေနဲ့ သိပ်အဆင်ပြေတာ မဟုတ်ဘူး။ သူ့လိုပဲ တလက်ကိုင်အစိုးရ အကျိုးအမြတ်ပဓါနထားတဲ့ ရုရှားဟာ အကျိုးစီးပွားအရာမှာ သူ့ပြိုင်ဘက်လို ဖြစ်လာတယ်။ သူ့လိုပဲ တပါတီကွန်မြူနစ် ဗီယက်နမ် နဲ့ မတည့်ဘူး။ တောင်တရုပ်ပင်လယ်ကိစ္စ အငြင်းပွားနေရတယ်။ ရုရှားကလည်း ဂျက်တိုက်လေယဉ်တွေ၊ ရေငုပ်သင်္ဘောတွေ ဗီယက်နမ်ဆီကို ရောင်းပေးထားတယ်။
ဗီယက်နမ်ကလည်း အချိန်မရွေး စစ်ပြင်လာဖို့ အရိပ်ပြတယ်။ ကွန်မြူနစ်အစိုးရဟာ တရုတ်သံရုံးရှေ့မှာ လူထုဆန္ဒပြပွဲ လုပ်ခိုင်းထားတယ်။ လူထုကြားမှာလည်း တရုတ်မုန်းတီး ရေး ပွားများလာတယ်။ ဗီယက်နမ် အိမ်နီးချင်း ဝါဒတူနိုင်ငံနဲ့ အဲဒီလိုဖြစ်နေပေမယ့် အာဏာရှင်စနစ်ကနေ ပြောင်းလာတဲ့ ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံတွေနဲ့လည်း အဆင်ပြေ နေတာတွေ ရှိတယ်။ ဥပမာ၊ အင်ဒိုနီးရှား။ သူတို့ချင်း အပြန်အလှန် လိုချင်နေကြတယ်။
တရုတ်အစိုးရဟာ လက်တွေ့နိုင်ငံရေး realpolitik ကိုပဲ ကြည့်တဲ့သူတွေလို့ အများက ယူဆခဲ့ကြတယ်။ အာဏာရှင်တွေကို တရုတ်တွေ သတိထားဆက်ဆံခဲ့ကြပေမယ့် ဆိုးကျိုးတွေပါ ရင်ဆိုင်လာနေရတယ်။ မော်စီတုန်းခေတ်နောက်ပိုင်း တရုတ်ပေါ်လစီဟာ အမျိုးသားအကျိုးစီးပွားကို ပိုပြီးကြည့်လာတယ်။ ပိုက်ဆံရမယ်တရုတ် ရေနံရမယ်၊ လောင်စာရမယ်ဆိုရင် ဘယ်နေရာ ဘယ်နိုင်ငံဖြစ်ဖြစ်၊ ဘယ်ပြည်သူ ဘယ်လောက်နာနာ စာချုပ်တွေချုပ်တယ်။ ကျင့်ဝတ်တွေ၊ အိုင်ဒီယော်လော်ဂျီတွေ၊ အယူဝါဒါတွေကို ဇောင်းမပေးဘူး။ အာရပ်ကမ္ဘာက အပြောင်းအလဲလေကြောင်း တိုက်ခတ်လာတဲ့ နောက်မှာတော့ တရုတ်ဟာ ရှေ့လျှောက် ပိုပြီး မီးစင်ကြည့်က၊ နိုင်ငံရေးကစားကွက်ကို ထိန်းညှိဖို့ လိုလာနိုင်တယ်။ ပိုက်ဆံချမ်းသာပြီးရင် ဂုဏ်သိက္ခာလည်းချမ်းသာဖို့ စဉ်းစားရ တော့မယ်။
အာရပ်ကမ္ဘာက အပြောင်းအလဲတွေ နောက်ပိုင်းမှာ အာဏာရှင်တွေနဲ့ တရုတ်ရဲ့ဆက်ဆံ ရေး မူဝါဒတွေ ပြောင်းလဲသင့်ပြီလား။ “သတိကြီးကြီးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း နေတယ်၊ တဖြည်းဖြည်း ပြောင်းပါ့မယ်”ဆိုတဲ့ မြန်မာအစိုးရသစ်ဟာလည်း အရင် ‘နအဖ’ လက်ထက်က ကောင်းမွေဆိုးမွေခံရတယ်လို့ ပြောထားတယ်။ ‘နအဖ’လက်ထက်က တရုတ်နဲ့ သဘောတူညီချက်တွေ၊ စာချုပ်စာတမ်းတွေ၊ MOU (နားလည်မှုစာချွန်လွှာ) တွေ အပေါ် နောက်လာမယ့် အစိုးရသစ်တွေက ဘယ်လိုကိုင်တွယ် ပေါ်လစီထားမလဲ။
ပြည်တွင်းမှာလည်း တရုတ်ဆန့်ကျင်ရေးစိတ်တွေ ပိုပြိုပီး ထကြွလာနေတာ မြင်နေကြရတဲ့ နောက် ရှေ့လျှောက် တရုတ်နဲ့ စီးပွားရေး သားပေးသမီးယူတွေမှာ ဘယ်လိုဆက်ဆံသင့် ပြီလဲ … မေးခွန်းထုတ်စရာတွေ ရှိလာပါမယ်။
မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက်၊ ဒီအစိုးရလက်ထက် ရပ်ထားရုံနဲ့ အဖြေ မထွက်သေးပါ ဘူး။ နောက်ထပ် မေးစရာ မေးခွန်းတွေ ပိုပြီးထွက်လာတယ်လို့တောင် ဆိုနိုင်တယ်။
ref: the Diplomat magazine