ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ်တိုက်ပွဲဖြစ်၊ အရပ်သား ၅ ဦး ဒဏ်ရာရ
DVB
·
August 4, 2016
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တံတန်ကူးကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ ဗိုလ်နားမကြား ဦးဆောင်တဲ့အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၅ ဦးဒဏ်ရာရ သွားတယ်လို့ ကော့ကရိတ်ရဲစခန်းက အတည်ပြု ပြောပါတယ်။
တံတန်ကူးကျေးရွာကို လက်နက်ကြီးကျည်ဆန် ကျရောက်တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် လူ ၅ ဦး ဒဏ်ရာရခဲ့တာလို့ ကော့ကရိတ်ရဲစခန်းက ဒုတပ်ကြပ် ပြည့်ဖြိုးကျော်က ပြောပါတယ်။
“နားမကြားအဖွဲ့နဲ့ ဖြစ်တယ်လို့သိရတယ်။ ဒဏ်ရာရတာက ၅ ဦးလို့တော့ သိရတယ်။ ဒဏ်ရာရတဲ့ ၃ ယောက်ကတော့ မဲဆောက်ဘက်ကို သွားကုတယ်လို့သိရတယ်။ ကျန်တဲ့ ၂ ယောက်က တပ်ဖွဲ့တွေက စစ်ဆေးကုသနေတယ်လို့ သိရတယ်။ သူတို့က ၄၀ မမ ဗုံးကြီးနဲ့ အပစ်ခံရတာပေါ့။ ဒဏ်ရာရတာက အမျိုးသမီး ၂ ယောက်။ တယောက်က ၈ တန်းကျောင်းသူ၊ နောက်တယောက် အသက် ၂၇ နှစ် သူက ကိုယ်ဝန်နဲ့ပေါ့။ သူကတော့ စကခ ၁၂ တပ်ဆွယ်ထဲမှာ ကုသထားတယ်။ ”
မနက် ၅ နာရီခွဲလောက်မှာ ဒီကေဘီအေတပ်ဖွဲ့က ၀င်ရောက်ပစ်ခတ်တာဖြစ်ပြီး မိနစ် ၂၀ လောက်အကြာမှာ နယ်ခြားစောင့်တပ်က ဒီကေဘီအေ ရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ နယ်စပ်က ဒီဗွီဘီ သတင်းထောက်က သတင်းပေးပို့ပါတယ်။
ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ တံတန်ကူးကျေးရွာတွင်း ကျရောက်တဲ့ အတွက် ၅ ဦးဒဏ်ရာရပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးကတော့ ဒဏ်ရာပြင်းထန် တဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်းဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗိုလ်မှူးဆန်းအောင် ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ကို မေးမြန်းရာမှာတော့ သူတို့အဖွဲ့က မဟုတ်ကြောင်းနဲ့ ဘယ်အဖွဲ့နဲ့ ပတ်ခတ်တယ်ဆိုတာ မသိရသေးကြောင်း အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်ကြီးရဲထက်က ပြောပါတယ်။
“အဲဒါက ကျနော်တို့ အဖွဲ့နဲ့မဟုတ်ဘူးလို့ ပြောနေတယ်။ ကျနော်ဗိုလ်နားမကြားကို လှမ်းမေးကြည့်တာ သူတို့အဖွဲ့လည်း မဟုတ်ဘူးလို့ပြောတယ်။ ဘယ်အဖွဲ့ကလဲဆိုတော့ ကျနော်တို့ ဘာမှ အတည်ပြုပြောကြားလို့ မရသေးဘူးဖြစ်နေတယ်။”