Home
မြန်မာသတင်း
နိုင်ငံတ၀န်း မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရန် အမျိုးသားလွှတ်တော်အတည်ပြု
နန်းမြနဒီ
·
August 2, 2016
နိုင်ငံတ၀န်းမူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ အတည်ပြုပါတယ်။ မဲပေးသူ ၂၀၅ ဦး အနက် ထောက်ခံမဲ ၂၀၀ ဦး၊ ကန့်ကွက် ၁ ဦး၊ ကြားနေ ၀ ဦး၊ မဲမပေးသူ ၄ ဦးရှိတဲ့အတွက် အတည်ပြုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၇ ဦးက ၂ ရက်တာ ဆွေးနွေးခဲ့ပြီးတဲ့နောက် စက်ခလုတ်နှိပ် ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာဟာ ရှမ်းပြည်မြောက်ပိုင်းတင်မကဘဲ နေရာတိုင်းလိုဖြစ်ပွားနေကြောင်း ကို ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှ အမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေရော၊ တပ်မတော်သား ကိုယ်စားလှယ်တွေကပါ ထောက်ခံဆွေးနွေးကြပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဆိုမှာ မူလက တင်ပြတဲ့ ရှမ်းပြည်မြောက်ပိုင်းတခွင်အစား မြန်မာင်ငံတ၀န်းလုံးလို့ ခေါင်းစဉ်ပြောင်းပြီးဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အစိုးရမှ လက်ရှိဆောင်ရွက်ချက်တွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အဆိုရှင်ဖြစ်သူ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။ “သူတို့က လုပ်လာခဲ့တာတွေလည်းရှိတယ်ပေါ့နော်။ ပြီးခဲ့တဲ့ ရက်တွေလတွေမှာ အပ်တူဒိတ် မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ ဥပဒေတွေ မူဝါဒတွေချမှတ်နိုင်ဖို့ နိုင်ငံတော်အဆင့် အစည်းအဝေးတွေ လုပ်တယ်။ ဒီနေ့လည်း အစည်းအဝေးတွေရှိတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပြည်ထောင်စု ၀န်ကြီးတွေပါတယ်။ မူဝါဒပြန်လည်သုံးသပ်ဖို့လည်း ဆောင်ရွက်နေတယ်ပေါ့။ ဒါကြောင့် အခု လွှတ်တော်ထဲက အကြံပြုချက်ကို ယူဆောင်သွားပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောသွားတယ်။” ပြည်သူလူထုအသံကို ကိုယ်စားပြုတဲ့ လွှတ်တော်ကနေ တိုက်တွန်းပြီးတဲ့နောက် အစိုးရရဲ့ ဆောင်ရွက်ပေးမှုတွေကို ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးစီမံချက်ကို ၁၉၉၉ - ၂၀၀၀ မှ ၂၀၁၃ - ၂၀၁၄ ထိ ၁၅ နှစ်စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့ပေမယ့် အောင်မြင်မှုမရှိဘဲ ပိုတိုးလာနေတာကြောင့် ၂၀၁၉ ထိ နောက်ထပ် ၅ နှစ် ထပ်မံတိုးန်မြှင့် သတ်မှတ်ခဲ့ပါတယ်။ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ‘ရှမ်းပြည်နယ်မြောက်ပိုင်းတခွင် ကျေးရွာရပ်ကွက်တော်တော်များများမှာ မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက်ကားမှုတွေ ဖမ်းဆီးအရေးယူရေး၊ အုပ်စုလိုက်မူးယစ်ဆေးဝါးသုံးစွဲတဲ့ ချောင်ကျတဲ့နေ ရာတွေ အမြစ်ပြတ်ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးမှုများ ရပ်ကွက် ကျေးရွာပါမကျန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လ ည် ပြုစုကုသပျိုးထောင်ပေးရေးစခန်းများကို လိုအပ်တဲ့နေရာတွေမှာ ဖွင့်လှစ်ပေးဖို့ အဆိုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024