Home
မြန်မာသတင်း
မုံရွာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ မဲပေးရွေးချယ်
DVB
·
July 30, 2016
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ရွေးချယ်ပွဲကို ဇူလိုင် ၂၉ ရက်နေ့က မုံရွာတက္ကသိုလ်ကျောင်းရဲ့ဘုရားဝင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး အရွေးချယ်ခံသူ ကျောင်းသား ၅ ဦးရှိခဲ့ပါတယ်။ မဲပေးရွေးချယ်ရာမှာတော့ တက္ကသိုလ်ကျောင်းသားမှန်ရင် ကျောင်းသားကတ်ပြကာ မဲလက်မှတ်ကို ထုတ်ယူ မဲပေးပိုင်ခွင့်ရှိပြီး မုံရွာမြို့မှ တက္ကသိုလ်ကျောင်းသားမှန်သမျှ မဲထည့်ပိုင်ခွင့်ရှိပါတယ်။ အဆိုပါ မုံရွာဗကသရဲ့ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတွေ ရွေးချယ်ပွဲကို မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားပေါင်း ၁၃၂ ယောက် လာရောက်မဲပေးခဲ့ကြပါတယ်။ မဲပေးရွေးချယ်ရာမှာ ဥက္ကဋ္ဌနေရာကို ရွေးချယ်ခံ နှစ်ယောက်ရွေးချယ်ရာ မဲအများဆုံးရသူက ဥက္ကဋ္ဌနေရာ ရရှိမှာဖြစ်ပြီး မဲရှုံးသူက ဒုဥက္ကဋ္ဌအဖြစ် ရရှိမှာဖြစ်ပါတယ်။ အတွင်းအရေးမှူးတွေ ရွေးချယ်ရာမှာတော့ ရွေးချယ်ခံ သုံးယောက်ထဲမှ မဲအများဆုံးရရှိသူက အထွေထွေအတွင်းရေးမှူးနေရာ ရရှိမှာဖြစ်ပြီး ဒုတိယမဲအများဆုံးရရှိသူက အတွင်းရေးမှူး ၁ နဲ့ တတိယမဲအများဆုံးရရှိသူက အတွင်းရေးမှုး ၂ အဖြစ်ရရှိမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌနေရာကို ကိုစည်သူထွန်း၊ ဒုဥက္ကဋ္ဌအဖြစ် ကိုဟိန်းစိုးကျော်၊ ကိုလွင်မိုးနိုင်က အတွင်းရေးမှူး ၁ နေရာနဲ့ ကိုနန်းဝင်းထွန်းက အတွင်းရေးမှူး ၂ နေရာ အသီးသီး အရွေးချယ်ခံရပါတယ်။ အဲဒီရွေးချယ်ပွဲကို တက္ကသိုလ်မှ ဆရာ/ဆရာမတွေက လာရောက်စောင့်ကြည့်ပေမယ့် တစုံတရာ ဟန့်တားစွက်ဖက်တာတော့ မရှိခဲ့ပါဘူး။ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အနေနဲ့ အရင်နှစ်တွေက အခုလို ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနေရာတွေ ရွေးချယ်ရာမှာ နေရာမျိုးစုံ အနေထားမျိုးစုံနဲ့ ဖွဲ့စည်းခဲ့ပေမယ့် အခုနှစ်မှာတော့ တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဖွဲ့စည်းခွင့်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024