Live
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများ ဈေးမရောင်းရဥပဒေကြောင့် ချင်းမိုင်ရှိဈေးဆိုင်အများအပြား ပိတ်ထား
နန်းမြနဒီ
·
July 29, 2016
ဇူလိုင်လ ၂၉ ရက်နောက်ပိုင်း တရားမ၀င်အလုပ်သမားရှာဖွေဖမ်းဆီးမှုတွေ စီမံချက်နဲ့ လုပ်ဆောင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်ကြေညာထားပေမယ့် ဒီမတိုင်ခင် ရှာဖွေဖမ်းဆီးနေတာကြောင့် ရွှေ့ပြောင်းအလုပ်သမားအများအပြားရှိရာ ဈေးဆိုင်တွေ အတော်များများ ပိတ်ထားရပါတယ်။ အထူးသဖြင့် ဈေးရောင်းနေတဲ့ အလုပ်သမားတွေကို ဖမ်းဆီးအရေးယူနေတာတွေကြောင့်လည်း ရွှေ့ပြောင်း အလုပ်သမားတွေရှိတဲ့ ဈေးဆိုင်တန်းတွေ ပိတ်ထားရတာ ဖြစ်ပါတယ်။ ချင်းမိုင်တက္ကသိုလ်နောက်ဘက် ဆုထိပ်လမ်း စားသောက်ဆိုင်တန်းက ရှမ်းအလုပ်သမား စိုင်းအောင်က အဖမ်းအဆီးတွေကြောင့် အလုပ်မဆင်းနိုင်တာ ၄ ရက် ရှိပြီဖြစ်ပြီး အိမ်လခ ပေးဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဘက်ကို လာစစ်မယ်ဆိုလို့ အလုပ်မဆင်းရဲဘူး။ ကျနော်က ဈေးရောင်းတာ၊ ဈေး ရောင်းရင် ဖမ်းတယ်ပြောလို့ ဆိုင်မသွားရဲဘူး။ အရင်ကလည်း ကျနော်ရောင်းနေကျဘဲ ၉ နှစ်ကျော် ၁၀ နှစ်နီးပါးရှိပြီ၊ အဖမ်းမခံရဖူးဘူး။ ဒီတခါတော့ တကယ်ဖမ်းတယ်လို့ပြောလို့ အလုပ်မဆင်းရဲသေးဘူး။ ဈေးရောင်းတာ မိသွားရင် ဒဏ်ငွေ ၅ သောင်းလို့လည်း ပြောနေလို့ လေ။ ကျနော်အကြော်ရောင်းတာ တနေ့ သုံးလေးရာရတယ်။ ကလေးက ၃ ယောက် ကျောင်း လည်းနေနေတယ်ဆိုတော့ သူများအလုပ်သမားလုပ်ရင် တနေ့ ၂၅၀ ဘဲရတယ်၊ စား မလောက်ဘူးလေ၊ အခုဈေးမရောင်းရတာ ကြာလို့ ရှိတဲ့ပိုက်ဆံနဲ့ သုံးနေတာကုန်တော့မယ်၊ လကုန်ရင်ပေးဖို့ အိမ်လခ မရှိဘူး။” ခါတိုင်း ဈေးဆိုင်တန်းတွေနဲ့ စည်ကားနေတဲ့ အဲဒီလမ်းမှာ ဒီနေ့တော့ အနည်းဆုံး ဆိုင်ခန်း တစ်ဆယ်ကျော် ပိတ်ထားလို့ ခြောက်ကပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ မြန်မာပြည်က အစားအစာတွေ ရောင်းချနေတဲ့ နိုက်ဘဇားရှိ သောကြာဈေးမှာလည်း ဈေးသည်တွေနည်းသွားပြီး ထိုင်းလူမျိုးတွေရောင်းတဲ့ဆိုင်တွေဘဲ တွေ့တယ်လို့ ဈေးကပြန်လာသူ နန်းဌေးက ပြောပါတယ်။ “ခါတိုင်းဝယ်စားနေကျ ဒန်ပေါက်နဲ့ နံပြားရောင်းတဲ့ဆိုင်ရော၊ မြန်မာဖိနပ်ရောင်းတဲ့ဆိုင်၊ ပဲပုပ်ကျော် ဘလာချောင်ကျော်ရောင်းတဲ့ဆိုင်၊ ဆီချက်ခေါက်ဆွဲဆိုင်တွေ မဖွင့်ဘူး။ တွေ့နေကျ ဟင်းသီးဟင်းရွက်ဆိုင်တချို့လည်း မတွေ့ဘူး။ မိုးရွာလို့လား လက်မှတ်လာစစ်မှာကြောက်လို့လား မသိဘူး၊ ဒီနေ့ ဈေးကလူမစည်ဘူး။” မုန်ညင်းချဉ်သည်တဦးကတော့ “ဒီမှာတော့ လာစစ်တာ လာဖမ်းတာမရှိသေးဘူး။ ကျမတို့က ထိုင်းအစားအစာရောင်းတာမှ မဟုတ်တာ၊ ထိုင်းတွေလည်း ဒါမျိုးမရောင်းတတ်ပါဘူး။ ဈေးမရောင်းရင် ပိုက်ဆံမရှိတော့ ရောင်းရတာပေါ့”လို့ ပြောပါတယ်။ တရားမ၀င်အလုပ်သမား စစ်ဆေးရေးအဖွဲ့တွေဟာ ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ၃ ရက်အတွင်း မြို့လည်ခေါင်ကတ်လုံ ဈေးကြီး၊ တလတ်ထားနင်း၊ တလတ်မိန်းမိုင်၊ ဆီဘိုးငင်း၊ နောင်ဟွယ်၊ တလတ်လုမ်းချုတ်၊ ဆန်ပါခွယ် အစရှိတဲ့ ဈေးတွေထဲအပြင် လိုတပ်စ်၊ မေယာ အစရှိတဲ့ ကုန်တိုက်ကြီးတွေထိပါဝင်ပြီး စစ်တယ်လို့ ချင်းမိုင်ရှိ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။ တချို့စစ်ဆေးရေးအဖွဲ့တွေဟာ လက်မှတ်ရှိသူရော မရှိသူတွေပါ အကုန်ခေါ်သွားပြီး ရဲစခန်း ရောက်မှ အလုပ်သမားဥပဒေနဲ့ညီညွတ်သူ၊ လက်မှတ်ရှိတဲ့သူတွေကို ပြန်လွှတ်တယ်လို့ ဒဗလျူအက်စ်အေ အလုပ်သမား ညီညွတ်ရေးအဖွဲ့ဝင် ထောင်းန်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့က အလုပ်သမားတွေအကုန်ခေါ်သွားပြီး ရဲစခန်းရောက်မှစစ်တာ၊ ရဲစခန်းမှာလည်း အလုပ်သမားတွေနဲ့ ပြည့်နေတယ်တဲ့၊ ဆုထိပ်ရပ်ကွက်မှာတော့ ဒီအပတ်စစ်ဆေးရေးဝင်မယ် ပြောလို့ အတော်များများ အလုပ်မဆင်းကြဘူး။ လက်မှတ်ရှိပေမယ့် ဈေးမရောင်းရတာ၊ အလုပ်ရှင် မတူတာ၊ အလုပ်နေ ရာမတူတာတွေရှိတယ်။ အလုပ်ရှင်တချို့လည်း ဘာမှ တာဝန် မယူပေးဘူး။” အမ်ဒဗလျူအက်ဖ်လို့ခေါ်တဲ့ ရွှေ့ပြောင်းအလုပ်သမားသွေးစည်းရေးအဖွဲ့ စိုင်းအုမ်ခေးကတော့ လတ်တလော ဖမ်းဆီးနေတဲ့အပေါ် အခုလိုသုံးသပ်ပြောဆိုပါတယ်။ “အလုပ်သမားတွေက ဈေးမရောင်းရဘူးဆိုပေမယ့် ဒီလိုဘဲ နားလည်မှုနဲ့ ဈေးရောင်းလာတာ နှစ်နဲ့ချီနေပြီ၊ အရင်ကလည်းဖမ်းတယ်။ ခုလောက်တော့ မဆိုးဘူး။ ကျနော်ထင်တာကတော့ ထိုင်းလူမျိုးတွေ စီးပွားရေး မကောင်းလို့ နိုင်ငံခြားအလုပ်သမားတွေက သူတို့အလုပ်အကိုင် လာလုတယ်လို့ တိုင်ထားလို့ ဖမ်းတာလို့ ထင်တယ်။” ထိုင်းအလုပ်သမား ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ရင် ၅ နှစ် ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂၀၀၀ မှ ဘတ်တစ်သိန်းထိ ငွေဒဏ်၊ ခွင့်ပြုချက်မရဘဲ ဈေးရောင်းရင် ဘတ် ၂ သောင်းထက်မပိုတဲ့ ငွေဒဏ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်ဘက်ကလည်း တရားမ၀င်အလုပ်သမားတဦးကို ခန့်ထားရင် ဒဏ်ငွေ ဘတ် တစ်သောင်းမှ တစ်သိန်း ထက်မပို၊ အလုပ်သမားကို ငှားရမ်းပြီး မိမိနဲ့အတူ အလုပ်မလုပ်က ဘတ်တစ်သောင်းထက်မပို၊ ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားနဲ့ နေရာမတူပါက ဘတ် တစ်သောင်းထက်မပိုသော ဒဏ်ငွေကျခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာန ၀က်ပ်ဆိုက် http://www.mol.go.th/employee/responsibility_litigation မှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုငိးနိုင်ငံထဲမှာ ဆောက်လုပ်ရေးကဲ့သို့သော အလုပ်ကြမ်းသမား၊ အိမ်ဖော်၊ စိုက်ပျိုးရေးမွေးမြူရေးခြံ၊ ရေလုပ်ငန်းနဲ့ စက်ရုံအလုပ်ရုံက ဉာဏ်ပညာအသုံးချဖို့မလိုတဲ့ အလုပ်တွေကိုပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024