ပျဉ်းမနားမြို့တွင် ဗုံးတွေ့
အေးနိုင်
·
October 4, 2011
အစိုးရရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားမြို့မှာ ဗုံးတလုံး ဖော်ထုတ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော် ပျဉ်းမနား ရန်အောင် ၂ အုပ်စု၊ နယ်မြေ (၁၇)
ရန်နိုင် ၂ လမ်းအတွင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့ မနက် (၉) ကျော်ခန့်က ဗုံးတလုံး ဖော်ထုတ်ရရှိခဲ့တယ်လို့ နယ်မြေခံတဦးက ပြောပါတယ်။
Pin ဖြုတ်ထားပြီးသား အဲဒီဗုံးကို Denis&Martin နာရီဘူးခွံအတွင်း
လီဗာနှင့် ဆူးခွံကို ဝိုင်ယာတိတ်ဖြင့်ပတ်ပြီး ဝိုင်ယာတိတ် ဖြေရင်
ပေါက်ကွဲရန် စီမံထားသော နာရီဆူးခွံတခုကို တွေ့ ရှိခဲ့တာလို့ ပျဉ်းမနား ဒေသခံတချို့က ပြောပါတယ်။
မြို့ခံတဦးက “အဲဒီနာရီပုံးလေးက DM ဆိုတဲ့ နာရီပုံးလေး။ အဲဒီပုံးလေးထဲမှာ လက်ပစ်ဗုံးကို ထည့်ထားတယ်။ အဲဒါကို တိတ်နဲ့ပတ်ပြီးတော့ အထဲကော အပြင်ကော ပိတ်ထားတယ်။ အဲဒီဘူးကို နာရီအမှတ်နဲ့ ဖွင့်လိုက်ရင် ထကွဲသွားအောင်လို့ စီမံထားတယ်။ အဲဒါကိုတွေ့တဲ့လူက နာရီအလေးချိန်မဟုတ်ဘူးဆိုပြီး သံသယ ရှိလို့ အဆင့်အဆင့်အကြောင်းကြားလိုက်တော့ စစ်ဆေးလိုက်တဲ့အခါမှာ လက်ပစ်ဗုံးဖြစ်ကြောင်း တွေ့ရပါတယ်” လို့ ပြောပါတယ်။
ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေနဲ့အတူ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရောက်လာပြီး စစ်ဆေးဖြုတ်ယူခဲ့တာလို့ဆိုပါတယ်။
အဲဒီဗုံးဟာ ရှေးခေတ်စစ်တပ်သုံး “ဗီယက်နမ် ဝမ်း” အမျိုးအစား လက်ပစ်ဗုံးဖြစ်ပြီး ထိရောက်အားဟာ ဆယ်ပေပတ်လည်တွင်းမှာ သေကျေနိုင်ပြီး ပေငါးဆယ် ပတ်လည်အတွင်းမှာ ဒဏ်ရာရလောက်အောင် ပြင်းထန်တဲ့ ဗုံးအမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဗုံးနဲ့ပတ်သက်လို့ နောက်ဆက်တွဲတရားခံကို မဖော်ထုတ်နိုင်သေးသလို စွပ်စွဲပြောဆိုတာလည်း မကြားရဘူးလို့ မြို့ခံက ပြောပါတယ်။
“အဲဒီလိုမျိုး ဖမ်းမိတယ်လည်း မကြားဘူး။ ဘယ်သူဘယ်ဝါ စွပ်စွဲထားတာလည်း သတင်းက ထွက်မလာသေးဘူး။ အဲဒီမတိုင်ခင် သူတို့လွန်ခဲ့တဲ့ တလအတောအတွင်းမှာတော့ ဘယ်အဖွဲ့အစည်းက ဖောက်ခွဲရေးသမားတွေ နေပြည်တော်ကို လွှတ်မယ်ဆိုတဲ့ သတင်းတွေဖြန့်ထားတာတော့ ရှိတယ်။”