Home
မေးမြန်းခန်း
အမေစုပုံကို ပန်းချီရေးမယ်၊ ရုပ်တုလည်း ထုတော့မယ် - ဦးအောင်ကျော်ထွန်း (ဆီလီကွန်ပညာရှင်)
အာကာ
·
July 28, 2016
ဗိုလ်ချုပ်သာ အသက် ၁၀၀ အထိ ရှိနေဦးမယ်ဆိုရင် သူငယ်ငယ်တုန်းက ပြောခဲ့တဲ့စကား၊ အသက်ကြီးလာရင် စာရေးဆရာလုပ်မယ်ဆိုတဲ့ စကားလေးရှိတယ်။ အဲဒါကို စိတ်ကူးရပြီးတော့ ဗိုလ်ချုပ် အသက် ၁၀၀ မှာ အေးအေးဆေးဆေး စာဖတ်နေတယ်ဆိုတဲ့ ၀ိညာဉ်၊ အဲဒါလေးကို လာပြောပြီး ထုချင်တယ်လို့ ပြောတဲ့အတွက် ဗိုလ်ချုပ် စာဖတ်နေတဲ့ ဆီလီကွန်ရုပ်တု ထုလုပ်ဖြစ်တဲ့အကြောင်း ဆီလီကွန်ပညာရှင် ဦးအောင်ကျော်ထွန်းက ပြောပါတယ်။ ပန်းချီဆရာဘ၀ကနေ ဆီလီကွန်ပညာကို လေ့လာပြီး ရုပ်တုတွေ ထုလုပ်ဖြစ်ခဲ့တဲ့ ဦးအောင်ကျော်ထွန်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ပထမဦးဆုံးအနေနဲ့ကတော့ အခုလတ်တလောမှာ တော်တော်လေး အများပြည်သူ စိတ်ဝင်စားနေတဲ့ ဆီလီကွန်အကြောင်းပဲ အရင်မေးချင်ပါတယ်ခင်ဗျ။ ဒီ ဆီလီကွန်ပညာရပ်နဲ့ ပတ်သက်လို့ပေါ့နော်။ ဒီရုပ်တုတွေလုပ်တာ အစ်ကိုက မြန်မာနိုင်ငံမှာ ပထမဦးဆုံးလို့ ပြောလို့ရမှာပေါ့။ အဲဒီအခါကျတော့ ဆီလီကွန်ပညာရပ်ကို အစ်ကို ဘယ်လိုစပြီးတော့ လေ့လာဖြစ်ခဲ့တယ် ဆိုတာလေးကို အရင်ပြောပေးပါဦး။ ဖြေ - လေ့လာဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ကျနော်က ပန်းချီဆရာပါ။ ပန်းပုဆရာ မဟုတ်ပါဘူး။ အရင်က ပန်းချီကားတွေဆွဲတယ်။ နောက်ပြီးတော့ နိုင်ငံတကာမှာလည်း ပြပွဲတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒီပန်းချီပညာရပ်နဲ့ပဲ ကျနော်ရပ်တည်နေတာပါ။ ဒါပေမယ့် ငယ်ငယ်က ကျနော့်ဆရာနဲ့အတူ ဘုရားကျောင်းကန်တွေမှာ ကျနော်တို့ ဘုရားရုပ်တုတွေ၊ နတ်ရုပ်တုတွေ၊ ကနုတ်ပန်းတွေပေါ့နော်။ ပန်းတော့၊ ပန်းတမော့ ဒီလိုပညာတွေ ကျနော်လုပ်ခဲ့ဖူးပါတယ်။ အခု ဒီ ဆီလီကွန်ကို လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းက ကျနော် လွန်ခဲ့တဲ့ ၈ နှစ်ဝန်းကျင်လောက်ကပေါ့ မြန်မာပြည်ကို ကျနော်တို့ ကုံလုံဆရာတော်ဘုရားကြီးရဲ့ရုပ်တု နိုင်ငံခြားမှာ ထုပြီးတော့ ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ အရမ်းကောင်းတယ်ပေါ့နော်။ တကယ့်လူသားအတိုင်းပဲ ဘာညာပေါ့နော်။ အဲလိုပြောကြတယ်။ ပြောကြတဲ့အခါကျတော့ မွေးညင်းလေးတွေကအစ ဆိုတော့။ ကိုယ့်နိုင်ငံမှာကော ဘယ်သူမှ မလုပ်ကြဘူးလား။ ကိုယ့်နိုင်ငံမှာကော မလုပ်နိုင်ကြဘူးလားဆိုတော့။ အဲဒီအချိန်မှာ ကျနော်တို့နိုင်ငံမှာ ဘာပဲရှိလဲဆိုတော့ ပလတ်စတာရုပ်တု၊ ပလတ်စတာရုပ်တုကို ဆေးခြယ်တာပဲရှိတယ်။ ပလတ်စတာရှိတယ်၊ ကြေးရှိတယ်၊ အင်္ဂတေရုပ်တုတွေရှိတယ်။ ဆိုတဲ့အခါကျတော့ နည်းပညာနှစ်ခုက ကျော်သွားတယ်။ ကျော်သွားတယ်ဆိုတာ ဖယောင်းနည်းပညာနဲ့ ဆီလီကွန်နည်းပညာကို ကိုယ့်နိုင်ငံကို မရောက်လာသေးဘူး။ မရောက်လာသေးတဲ့အခါကျတော့ ကျနော်ကလည်း ကျနော့်မိတ်ဆွေ အပေါင်းအသင်းတွေကို ကျနော်ပြောတယ်။ ဒီ ဆီလီကွန်ပညာကို လုပ်ကြပါလား။ ဆီလီကွန်ရုပ်တုတွေ လုပ်ကြပါလားဆိုတော့ သူတို့တွေကလည်း လတ်တလောမှာတင်ကို အလုပ်တွေက ရှုပ်နေတာလေ။ ဒေသဆိုင်ရာ အရုပ်တွေနဲ့ကို ရှုပ်နေတာဆိုတော့ သူတို့တွေ ဒီဟာကို လေ့လာဖို့ အချိန်သိပ်မရှိဘူးပေါ့။ ကျောင်းဘက်ဆိုင်ရာတွေကလည်း အစိုးရက ကျောင်းနဲ့ဆိုတဲ့ ကိစ္စတွေကလည်း ဒီပညာ နောက်ထပ်တခု ထပ်ပြီးလေ့လာသင့်တယ်ဆိုတဲ့ဟာ မရှိဘူးပေါ့လေ။ ဆိုတဲ့အခါကျတော့ အဲဒါဆိုရင်တော့ ငါပဲ လေ့လာမယ်ဆိုပြီးတော့ ကျနော် လေ့လာဖြစ်သွားတာ။ လေ့လာဖြစ်ရာကနေပြီးတော့ ဒီနေ့ ဆီလီကွန်ရုပ်တုတွေ ဖြစ်လာတာပေါ့။ မေး - ဟုတ်ကဲ့ပါခင်ဗျာ။ အစ်ကို ဆီလီကွန်ကို လေ့လာဖြစ်တဲ့အခါကျတော့ ဒီ ဆီလီကွန်ပြုလုပ်ပုံတွေပေါ့၊ ပြောရရင်တော့ သိပ္ပံနည်းပညာတွေပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ကော အစ်ကို ဘာတွေ ဘယ်လို ဆက်စပ်လေ့လာဖြစ်တယ်ဆိုတာ ပြောပြပေးပါဦး။ ဖြေ - နံပါတ်တစ်ကတော့ ကျနော်က ဘွဲ့ရထားတာ Chemistry နဲ့ ရတာပါ။ Chemistry နဲ့ ရထားတယ်ဆိုတော့ ကျနော်တို့ခေတ်က ဘွဲ့ဆိုတာတော့ လက်တွေ့မှာ အသုံးပြုရတာကတော့ အပြင်မှာ နည်းနည်း ခက်ခက်ခဲခဲ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း Practical တွေ ၀င်တဲ့အချိန်ကျတော့ ပေါင်းစပ်ခြင်းတွေ၊ ပေါင်းစပ်ရင်းနဲ့ အပူထွက်တာတွေ ဘာတွေ ဒီလို အခြေခံသဘောတရားတွေတော့ သိပါတယ်။ ဒီ ဆီလီကွန်ရဲ့ အီကွေးရှင်းတွေ ဘာတွေလောက်ထိ ကျနော်မသိဘူးပေါ့နော်။ ဒါပေမယ့် အခြေခံကျတဲ့ ဓာတုဗေဒ သဘောတရားတွေ သိတဲ့အခါကျတော့ ကျနော်တို့ သူတို့ကို လိုက်ရတာ ပထမအဆင့်အနေနဲ့ ကျနော် လိုက်လို့ နည်းနည်းရပါတယ်။ နံပါတ်နှစ်ကတော့ အဲဒီအချိန်မှာ ကျနော်တို့ ပန်းချီမှာ ကိုမင်းဝေအောင်ဆိုတာ ရှိပါတယ်။ ကိုမင်းဝေအောင်ကနေပြီးတော့ အင်္ဂလန်နိုင်ငံမှာလုပ်တဲ့ ပြပွဲပေါ့။ အဲဒီပြပွဲက မစ္စတာ ရောမတ်ရဲ့ ပြပွဲ မိတ်ကင်းအခွေပေါ့။ မိတ်ကင်းအခွေကို သူယူလာပေးတယ်။ ယူလာပေးတာကတော့ သူကလည်း စေတနာနဲ့ပါ။ ကိုယ့်နိုင်ငံမှာ လုပ်ချင်တဲ့သူ၊ ၀ါသနာပါတဲ့သူတွေ လုပ်ချင်တဲ့သူ လုပ်ရအောင်ဆိုပြီး ယူလာတာ။ အဲဒီမှာ အခြားသော ပန်းပုဆရာတွေလည်း ဒါကို ကြည့်တယ်ပေါ့။ ကြည့်ပြီးတော့ စမ်းသပ်ကြတယ်ပေါ့။ စမ်းသပ်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် မအောင်မြင်တာလား စိတ်မရှည်တာလားတော့ ကျနော်လည်း မသိဘူးပေါ့။ အဲဒါ ကျနော့်လက်ထဲရောက်လာတော့ ကျနော် အဲဒါကို စမ်းသပ်တယ်။ စမ်းသပ်တဲ့အခါကျတော့ ပထမဦးဆုံး ရင်ဆိုင်ရတာကတော့ သူတို့ဖြစ်တဲ့ပစ္စည်းတွေ မြန်မာပြည်မှာ မရှိတာဘဲ။ မရှိတဲ့အခါကျတော့ ကျနော် ယိုးဒယားကနေပြီးတော့ ၀ယ်တယ်။ လူကြုံမှာတယ်။ နောက်ကျတော့ ဒီမှာ ၀ယ်ပေးတဲ့သူနဲ့ ရတယ်ပေါ့။ တဖြည်းဖြည်းချင်း စမ်းသပ်ရင်း စမ်းသပ်ရင်းနဲ့ ရှေ့မှာ အပျက်အစီးတွေ အများကြီးပါပဲ။ သုံးနှစ်လောက်ကတော့ အပျက်တွေပါပဲ။ နောက်ဆုံးတော့လည်း ရလာတယ်။ ရလာပြီးတဲ့အပြင်ကို ကျနော်တို့ အင်တာနက်ခေတ်၊ အွန်လိုင်းခေတ်ကလည်း ကောင်းလာတဲ့အခါကျတော့ အဲဒီက ဆရာရောမတ်လို့ ခေါ်ပါတယ်။ ဆရာရောမတ်က သြစတြေးလျနိုင်ငံသားပါ။ အင်္ဂလန်နိုင်ငံမှာ ပြပွဲတွေလုပ်ပါတယ်။ သူ့ရဲ့ နောက်ထပ်ပညာတွေပါ အချိတ်အဆက်တွေရပြီးတော့ ပိုပြီးတော့ လုပ်ဖြစ်လာတာပေါ့နော်။ မေး - ပြောရမယ်ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူလိုက်တာပဲပေါ့နော်။ ခုန အစ်ကိုပြောသွားတဲ့အထဲမှာ သုံးနှစ်လောက်က အပျက်အစီးတွေချည်းပဲပေါ့။ တော်ရုံတန်ရုံဆိုရင်တော့ စိတ်ဓာတ်ကျသွားနိုင်တယ်။ အစ်ကို အဲဒီအတောအတွင်းမှာရော အပျက်အစီးတွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ ငွေကြေးကုန်ကျစရိတ်တွေကလည်း ဒီမှာ ရှိနေတဲ့အခါကျတော့ အစ်ကို လက်လျှော့ချင်စိတ် မဖြစ်ဘူးလား။ ဖြေ - ကျနော်က တမျိုးပေါ့နော်။ ဘယ်လိုတမျိုးလဲဆိုတော့ အောင်မြင်သွားပြီးရင် ရွေ့ရွေ့သွားတတ်တယ်။ ဥပမာ ပန်းချီပဲထားပါတော့။ ပြောမယ်ဆို တခြားခေါင်းစဉ်တွေ အများကြီးရှိပါတယ်။ ကျနော် ရန်ကုန်တက်လာတာ ပန်းချီဆွဲဖို့တက်လာတာ။ တနေ့နေ့ကျရင် ပန်းချီဆရာဖြစ်ချင်တယ် ဆိုတာလောက်နဲ့ တက်လာတာ။ တကယ်လည်း နိုင်ငံတကာပြပွဲတွေ တော်တော်လည်း ပြလည်းပြပြီးသွားရော ကျနော် ပန်းပုဘက်ကို ရောက်လာပြန်ရော။ ကျနော်က မအောင်မြင်သေးရင်တော့၊ အောင်မြင်တယ်ဆိုတာ အောင်မြင်ကျော်ကြားတာကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်း အောင်မြင်သွားတာကို ပြောတာပါ။ မအောင်မြင်သေးရင်တော့ ကျနော်က သိပ်လက်လျှော့တဲ့ အလေ့အထ မရှိဘူး။ မေး - တခုခုဆိုရင် စပြီးတော့ လေ့လာတယ်၊ သေချာဖြစ်အောင်တော့လုပ်တယ်၊ ပြီးရင်တော့ ရပ်သွားတယ်ပေါ့။ ဖြေ - တခုခုဆိုရင် လေ့လာတယ်၊ သေချာဖြစ်အောင်လုပ်တယ်၊ ပြီးရင်တော့ ရပ်သွားတတ်တယ်။ ကျနော့်အဖေက ကျနော့်ကို ပြောဖူးပါတယ်၊ အဖျားရှူးတယ်ပေါ့။ ဒါပေမယ့် ကျနော်ရှူးတဲ့ အဖျားကတော့ လိုချင်တဲ့ဆီကို ရောက်သွားမှသာ ကျနော်က အဖျားရှူးတာပေါ့။ မရမချင်း ရအောင် ကြိုးစားတယ်။ မေး - ဟုတ်ကဲ့ ဆီလီကွန်ရုပ်တုတွေထဲမှာ ပထမဆုံး ဘယ်ရုပ်တုကို စပြီးတော့ လုပ်ဖြစ်ခဲ့လဲ၊ အောင်အောင်မြင်မြင်ပေါ့။ ဖြေ - အောင်အောင်မြင်မြင်ဆိုတာတော့ အင်းပေါ့ လူတော့ဖြစ်သွားတယ်။ ပြပွဲတခုတော့ ပြဖြစ်တယ်ပေါ့။ ကျနော့်ရဲ့သူငယ်ချင်းဆိုပေမယ့် အစ်ကိုပါပဲ၊ ကျနော့်ထက် အသက်ကြီးပါတယ်၊ ကိုလှထွန်းအောင်ဆိုတာ ပန်းချီဆရာပါ။ သူနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြောရင်းကနေပြီးတော့ ခင်ဗျားပုံလေးကို ထုကြည့်ရင် ကောင်းမလားဆိုပြီးတော့ ပြောရင်း အဲဒါကို ထုဖြစ်တာပါ။ ကိုလှထွန်းအောင်ပါ ပန်းချီဆရာပါ။ မေး - ဆီလီကွန်ရုပ်တုကို လူပုံစံအတိုင်း တပုံစံတည်းထုတဲ့အခါမှာပေါ့ လူရဲ့ အတိုင်းအဆတွေ ဘာတွေ။ နောက်ပြီးတော့ သွေးကြောပုံတို့ အမွေးအမှင်ကအစ ဘယ်လိုမျိုး ပုံစံယူပြီး ထုရလဲခင်ဗျ။ ဖြေ - ကျနော်တို့ ပန်းပုပညာမှာ Anatomy ဆိုတာရှိပါတယ်။ Anatomy တွေကို ဟိုးတုန်းက မိုက်ကယ်အိန်ဂျလိုတို့ ဘာတို့ဆိုရင် ဒီလို ခေတ်မမီသေးတဲ့ အခါကျတော့ လူသေတွေကို လှီးပြီးတော့ အကြောကဘယ်လိုလဲ၊ အရိုးကဘယ်လိုလဲ ဆိုတာကို သူတို့ အဲလောက်ထိ လေ့လာခဲ့တာ ရှိပါတယ်။ အခုခေတ်မှာဆိုရင်တော့ သိပ္ပံနည်းပညာအရ သရီးဒီနဲ့ တည်ဆောက်ထားတဲ့ အကြောဆိုအကြော၊ တကိုယ်လုံးရဲ့ အကြောတွေချည်းပဲ ကြည့်လို့ရတဲ့ဟာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကြွက်သားတွေဆိုရင်လည်း ကြွက်သားတွေ ဘယ်လိုဖွဲ့စည်းပုံဆိုတာ အဲဒါတွေကို ကွန်ပျူတာနဲ့ ရသလို ကျနော့်ပုံစံငယ်လေးတွေပေါ့နော် ရုပ်တုလေးတွေ၊ ပုံစံငယ်လည်းရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ပုံတွေလည်း အများကြီးရှိပါတယ်။ ဒါတွေကို ကျနော်တို့ အခြေခံကျတဲ့ Anatomy တွေကို လေ့လာပြီးတဲ့အခါကျမှ အသက်အရွယ် အပိုင်းအခြားအလိုက် အကြောတွေဖြစ်ပေါ်ခြင်း၊ မပေါ်ခြင်း၊ နောက် မှဲ့ခြောက်တွေပေါ်လာခြင်း၊ မပေါ်လာခြင်း၊ ဒါတွေကို ကျနော် အသေးစိတ် လေ့လာရပါတယ်။ မေး - ဟုတ်ကဲ့ပါခင်ဗျ၊ စီလီကွန်နဲ့ ပတ်သက်လို့တော့ တောက်လျှောက် လုပ်နေတယ်ပေါ့။ အခု ရက်ပိုင်းမှာဆိုရင်ပဲ တော်တော်လေး လူသိများလာတာကတော့ ဗိုလ်ချုပ်စာဖတ်နေတဲ့ ဆီလီကွန်ရုပ်တုပေါ့နော်။ ဒါ တော်တော်လေးကို လူသိများလာတယ်ပေါ့။ ဒီရုပ်တုကိုရော ဘယ်လိုမျိုး ထုလုပ်ဖြစ်သွားတယ်ဆိုတာ ပြောပေးပါဦး။ ဖြေ - ပထမဦးဆုံး ဒီရုပ်တုကို အစပျိုးတာကတော့ ဗိုလ်ချုပ်နှစ်တရာပြည့်၊ နတ်မောက်မှာထားတဲ့ ရုပ်တုပါ။ ဗိုလ်ချုပ်ပြတိုက်နေအိမ်မှာ ဒီလိုပုံစံမျိုးပဲ စာအုပ်ဖတ်နေတဲ့ပုံစံ ရှိပါတယ်။ ဒါကတော့ အခြေခံတာကတော့ ဆီလီကွန်ရုပ်တုတွေ ထုလုပ်နိုင်ပြီဆိုတာ သိတဲ့အခါကျတော့ နတ်မောက်မြို့က အန်အယ်လ်ဒီ ဦးသောင်းဆွေတို့ရယ်၊ မြို့မိမြို့ဖတွေရယ် ပေါင်းပြီးတော့ ကျနော့်ဆီကို သူတို့ နှစ်တရာပြည့်မှာ ဗိုလ်ချုပ်ရှိနေဦးမယ်၊ ဗိုလ်ချုပ် အသက် ၁၀၀ ရှိနေဦးမယ်ဆိုရင် သူဟာ သူငယ်ငယ်တုန်းက သူပြောခဲ့တဲ့စကား ရှိတယ်။ အသက်ကြီးလာရင် စာရေးဆရာလုပ်မယ်ဆိုတဲ့ စကားလေးရှိတယ်။ သူတို့ အဲဒါလေးကို ခံစားတယ်။ သူတို့က ဒီအိမ်လေးထဲကို သွားတော့လည်း ပက်လက်ကုလားထိုင်လေး အမြဲတွေ့တယ်။ အမြဲတွေ့တဲ့အခါကျတော့ ဗိုလ်ချုပ်သာရှိနေရင် ဒီပက်လက်ကုလားထိုင်လေးမှာ စာထိုင်ဖတ်နေမှာပဲလို့၊ ဗိုလ်ချုပ် အနှစ် ၁၀၀ သာရှိနေရင် အဲဒါလေးကို သူတို့စိတ်ကူးရပြီးတော့ ဗိုလ်ချုပ်သာရှိနေတယ်လို့ သူတို့စိတ်ထဲမှာ ရှိနေတယ်ပါ့။ ဗိုလ်ချုပ်ပြန်လာပြီပေါ့။ ဗိုလ်ချုပ် အသက် ၁၀၀ မှာ အေးအေးဆေးဆေး စာဖတ်နေတယ်ဆိုတဲ့ ၀ိညာဉ်၊ စိတ်ကူးလေးပေါ့၊ အဲဒါလေးကို ကျနော့်ကို လာပြီးတော့ပြောတယ်။ ပြောပြီးတော့ ဒါလေးထုချင်တယ်ဆိုပြီးတော့ပြောတယ်။ ပန်းရဲ့လမ်းက ကျနော့်ရဲ့ ဆီလီကွန်ရုပ်တုဖိုးကို စရိတ်မျှပေးပေါ့။ ကျနော်ကလည်း အပြည့်မတောင်းပါဘူး။ ကျနော့်ပညာကို လှူပါတယ်။ ကျန်တဲ့စရိတ်ကိုတော့ ပန်းရဲ့လမ်းကနေ ရှာပေးပါတယ်။ မေး - ဟုတ်ကဲ့ပါခင်ဗျ။ အခုဆိုရင်တော့ ဗိုလ်ချုပ်ရုပ်တုပေါ့နော်။ အထင်ကရ ဗိုလ်ချုပ်ရုပ်တုကိုတော့ ထုလုပ်ပြီးသွားပြီပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ပုဂ္ဂိုလ် ဘယ်ရုပ်တုတွေများ ထုလုပ်ဖို့ကော ရှိဦးမလဲခင်ဗျ။ ဖြေ - လောလောဆယ် ထုလုပ်ပြီးသွားတာကတော့ သဘင်ဘက်မှာဆိုရင် ဂရိတ်ဦးဖိုးစိန်ပုံ ထုပြီးသွားပါပြီ၊ ရွှေမန်းတင်မောင်ပုံ ထုပြီးသွားပါပြီ၊ နောက်ပြီးတော့ ဂီတဘက်မှာဆိုရင်တော့ အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ကြေးရုပ်တု ဟိုတလောကမှ ဂီတအစည်းအရုံးမှာ ဖွင့်သွားပါတယ်။ အဲဒါကတော့ ကျနော်ထုလုပ်ပြီးသား ရုပ်တုလေးဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်ဘက်မှာဆိုရင်တော့ အခုလက်ရှိ ဖလောရင့်စ်နိုက်တင်ဂေး ဒေါ်ခင်အုံးမြဆိုတာ စစ်သူနာပြုပေါ့နော်။ ဖလောရင့်စ်နိုက်တင်ဂေးဘွဲ့ရထားတဲ့ ဆီလီကွန်ရုပ်တု၊ စစ်သမိုင်းပြတိုက် ဆေးပြခန်းမှာ ရှိပါတယ်။ ဒီလိုရုပ်တုမျိုးတွေလည်း ကျနော် လူပုဂ္ဂိုလ်တွေ ထုလုပ်ထားတာ ရှိပါတယ်။ နောက်ပိုင်းတော့ ကျနော်ထုလုပ်ဖို့ အစီအစဉ်တွေရှိတဲ့ အပိုင်းကတော့ ဒေသဆိုင်ရာ ဆရာတော်တွေပေါ့။ သူ့ဒေသနဲ့သူ နာမည်ကြီးပြီးတော့ သူ့ဒေသနဲ့သူ ကိုးကွယ်ကြတဲ့ ဆရာတော်တွေက အများကြီး ထုခဲ့ပြီးပါပြီ။ အခု နိုင်ငံတော်အဆင့်ဆိုရင် ဘာသာရေးဘက်မှာဆိုရင် မင်းကွန်းတိပိဋက ဆရာတော်ကြီးတို့လို၊ မိုးကုတ်ဆရာတော်ကြီးတို့လို ဒီလိုဆရာတော်ကြီးတွေ ကျနော် ထုလုပ်ဖို့ရှိပါတယ်။ အခု သီတဂူဆရာတော်ကြီးလည်း ကျနော် ထုလုပ်ချင်ပါတယ်။ ဘာသာရေးအတွက်ပြောမယ်ဆို ကျနော့်ကို အပ်ထားပြီးတော့ ကျနော်မထုလုပ်ရဲသေးလို့ မထုလုပ်သေးတာတခု ရှိပါတယ်။ သက်ရှိထင်ရှား ဗုဒ္ဓဘုရားတော်ရဲ့ တကယ့်အစစ်အမှန် ဘယ်လိုလုပ်ရမလဲဆိုတာ ကျနော် ကြောက်နေသေးတာပေါ့နော်။ လုပ်ပါလို့လည်း ပြောတယ်။ ဒါပေမယ့် ကျနော် မလုပ်ရဲသေးဘူး။ အဲဒါရှိတယ်။ ဒါက ဘာသာရေး။ နိုင်ငံရေးဘက်မှာဆိုရင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ပုံတွေရှိတယ်။ သခင်ဖိုးလှကြီး၊ ဆရာစံတို့ ရှိမယ်ပေါ့နော်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ထုဖို့ရှိပါတယ်။ နောက်ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာလည်း ကျနော် ကြော်ငြာထားပါတယ်။ ကျနော်က အမေစုရဲ့ပုံကို တခါမှ ပန်းချီလည်း မရေးဖူးဘူး။ တခါမှလည်း ပန်းပုလည်း မထုဖူးဘူး။ ပန်းချီမရေးခြင်း၊ ပန်းပုမထုခြင်းမှာလည်း ကျနော့်မှာ အကြောင်းပြချက် ကျနော့်မှာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျနော် ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။ လွန်ခဲ့တဲ့ တလလောက်က အမေစုပုံကို ပန်းချီလည်းရေးတော့မယ်၊ ရုပ်တုလည်း ထုတော့မယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024