Homeမြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲအမြန်ဆုံးခေါ်ယူရန် တိုင်းရင်းသား ညီနောင် ၅ ပါတီ တောင်းဆို
ငြိမ်းချမ်းရေးဆွေးနွေးပွဲအမြန်ဆုံးခေါ်ယူရန် တိုင်းရင်းသား ညီနောင် ၅ ပါတီ တောင်းဆို
DVB
·
October 3, 2011

နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမြန်ဆုံးခေါ်ယူဆောင်ရွက်ဖို့ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင် ၅ ပါတီက တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က ညီနောင် ၅ ပါတီ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုလိုက်တာပါ။
[caption id="attachment_16123" align="alignright" width="272" caption="ဦးဇိုဇမ်း"]
[/caption]
အစိုးရသစ် ဦးဆောင်မှုနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပဖို့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်းက “ဒီနေ့အထိ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေက ဆက်လက်ပြီး ဖြစ်ပွားမြဲဆိုတာ စိတ်မကောင်းကြီးစွာနဲ့ စိုးရိမ်ပူပန်နေပါတယ်ဆိုတာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မတီမှာလည်း မိမိတို့ အကြံပြုထားတဲ့အတိုင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ မပါသေးဘူးဆိုတာ တွေ့ရတဲ့အတွက်ကြောင့် အဲဒီအတွက် ဖြည့်စွက်ပေးဖို့ တင်ပြထားတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နှစ်ဦး နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူ ကျင်းပပေးဖို့ရန် တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။”
ဒါ့အပြင် ဧရာဝတီမြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းကြောင်း ကြေညာ လိုက်တဲ့အပေါ် ကြိုဆိုကြောင်း အပါအဝင် သမ္မတရဲ့ သဝဏ်လွှာအတွင်းမှာပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စီစဉ်နေတဲ့အပေါ်ကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
ဦးဇိုဇမ်းက “သမ္မတ ဦးသိန်းစိန် သဝဏ်လွှာထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အပ်နှင်းထားတဲ့ အတိုင်း အဲဒီအခွင့်အာဏာထဲကနေ ဆောင်ရွက်ပေးသွားမယ်ဆိုတာ ရှိပါတယ်။ အဲဒါကြောင့် နှစ်ရှည်လများ ပြစ်ဒဏ်ကျခံနေရတဲ့ ဦးခွန်ထွန်းဦး၊နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးဖို့ရန် အမြန်ဆုံးအကောင်အထည် ဖော်ပေးပါရန် တိုက်တွန်းအပ်ပါတယ်ဆိုပြီးတော့ ကျနော်တို့ရဲ့ ကြေညာချက်မှာ အဲဒါတွေပါပါတယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားညီနောင် ၅ ပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အစိုရက အကောင်အထည်ဖော်ဖို့နဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ ဒေါ်အာင်ဆန်းစုကြည်လို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ ခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်ဖို့ကိုလည်း အရင်က တောင်းဆိုခဲ့ကြဖူးပါတယ်။
