Live
Home
မေးမြန်းခန်း
မြစ်ဆုံကိစ္စ ညှိနေတဲ့အခါမှာ အဖြေကောင်းကြားရမယ့်သဘော ကြားနေရတယ်- ဦးဝင်းမျိုးသူ
အေးနိုင်
·
July 27, 2016
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၀န်ကြီးချုပ်ဦးသိန်းစိန် အစိုးရက တရုတ်ကုမ္ပဏီကို ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သဘောတူ အကောင်အထည်ဖော်မှုကို သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ရပ်နားထားမယ်လို့ ကြေညာခဲ့ပါတယ်။ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဒီစီမံကိန်းကို ဆက်လုပ်မလား၊ နားထားမလား၊ ဖျက်သိမ်းမလား တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာအာဘော်မှာ ‘မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ရွေးချယ်ရမယ့် စတုတ္ထနည်းလမ်း’ အမည်ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာနှင့်တရုတ် နှစ်နိုင်ငံစလုံးက လက်ခံနိုင်သော ရေအားလျှပ်စစ်စီမံကိန်းများကို System Scale Planning သုံးပြီး လက်တွဲညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းရဲ့ နောက်ဆုံးဖြစ်ထွန်းမှု အခြေအနေနဲ့ပတ်သက်လို့ စိမ်းလန်းအမိမြေအသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လပိုင်းက မြန်မာဘက်က ရွေးချယ်စရာနည်းလမ်း ၃ ခုထဲက တခုကို ရွေးရမယ်ဆိုတာနဲ့ပတ်သက်လို့ ကြားခဲ့ကြတယ်။ အခုဆိုရင် တရုတ်ဘက်က မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ စီမံကိန်းဖျက်မယ်ဆိုလည်း နစ်နာကြေးတွေ မယူတော့ဘဲနဲ့ လျှော်ပစ်မယ်ဆိုတာမျိုးကြားနေရတယ်။ ဆရာတို့အနေနဲ့ရော ဒီမြစ်ဆုံနဲ့ပတ်သက်လို့ နောက်ဆုံးဖြစ်ထွန်းမှုတွေ ဘာတွေ သိထားသလဲခင်ဗျ။ “ကျနော်တို့လည်းဘာမှတော့ မကြားဘူးပေါ့ဗျာ။ စောစောကပြောတဲ့ ကြေးမုံသတင်းစာထဲမှာ ရေးတဲ့ဟာရယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာအိုမှာ တွေ့တဲ့အချိန်မှာ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တရုတ်-မြန်မာချစ်ကြည်ရေးတော့ မပျက်စေရဘူး လို့ပြောတဲ့ သတင်းတွေလည်း ဖတ်နေရတာပေါ့ဗျာ။ အဲဒါဆိုရင်တော့ တရုတ်ဘက်က အဲဒီသတင်းကို ကိုယ့်ဟာကို အဓိပ္ပာယ်ပြန်ရမယ်ဆိုရင်တော့ စောစောကပြောသလို ပေါ့နော် မြန်မာလူထုမကြိုက်ဘူးဆိုတာ တရုတ်ကသိတယ်။ ဒီပေါ်မှာ အထိခိုက်မခံဘူးဆိုတဲ့ သဘောမျိုးပေါ့နော်။ တရုတ်-မြန်မာ ချစ်ကြည်ရေးကို အထိခိုက်မခံဘူးဆိုတဲ့သဘောလို့ ကျနော်တို့ ကောက်ယူရင်တော့ ဒါအပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။” ဦးသိန်စိန်လက်ထက်တုန်းက သူ့သမ္မတသက်တမ်းကာလမှာ ဆိုင်းငံ့မယ်ဆိုတော့ အခု အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရတက်တာကလည်း လနဲ့ချီရှိလာပြီဆိုတော့ တကယ့်လုပ်ငန်း စည်းကမ်းအရဆိုရင် ဘယ်အချိန်မှာ သတ်မှတ်ချိန်ပြည့်သလဲ၊ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဘယ်အချိန်မှာ အကြောင်းပြန်ဖို့လိုပြီလဲ။ “အင်း အဲဒါကတော့ နှစ်ဘက်လုံးနဲ့ ဆိုင်လိမ့်မယ်ထင်တယ်။ ဆိုင်းငံ့တယ်ဆိုတာကလည်း ကျနော်တို့က ဦးသိန်းစိန်အစိုးရက တဖက်သတ် ဆိုင်းငံ့တယ်လို့ ပြောတာပေါ့ဗျာ။ သို့သော်လည်းပဲ တဖက်သတ်ဆိုင်းငံ့တာတော့မဟုတ်ဘူး၊ အဲဒီအခြေအနေတုန်းက ဖြစ်ပေါ်တိုးတက်မှု အခြေအနေက နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်ကို ဒါစဉ်းစားပြီးတော့ ဒါက လိုအပ်တဲ့ဆုံးဖြတ်ချက်တခုကို လုပ်တယ်လို့ပဲ ဆရာတို့က အဲလိုပဲမြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအရ ဒီကောင်ကိုဆက်သွားရင် နိုင်ငံရေးအရ အုံကြွမှုတွေဖြစ်နိုင်တယ်။ ဥပမာ လက်ပံတောင်းပဲကြည့်လေ ဟုတ်လား၊ လက်ပံတောင်းဆိုတာ မြစ်ဆုံနဲ့ကြည့်ရင် ဘာမှမပြောပလောက်တဲ့ကိစ္စလေးပဲ။ ဆိုတော့ ဒါတောင်မှ လက်ပံတောင်းမှာ ကျနော်တို့က အကြိတ်အခဲတွေဖြစ်လာတယ်၊ နောက်တခုက ရပ်ဆိုင်းတဲ့ကာလမှာတင် ကျနော်တို့ ဒေသတွင်းမှာ စစ်မက်တွေပြန်ပြီးဖြစ်ပွားတယ်။ ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပြန်ပြီးတော့ တိုက်ပွဲတွေဖြစ်တယ်။ နောက်တခုက စီပီအိုင်ရဲ့ ရုံးဝင်းထဲမှာတင် ဗုံးတွေမိတာတို့၊ ပေါက်ကွဲမှုတွေဖြစ်တယ်ဆိုတာ မှတ်မိမယ်ထင်ပါတယ်။ ဆိုတော့ ဒါတွေက အခြေအနေအရကို ဒါ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ဆိုင်းငံ့ပေးလိုက်ရတဲ့သဘောလို့ ကျနော်က ကောက်ယူစေချင်တယ်။ ဒါက တဖက်သတ်ကြီးပေါ့နော် ဆိုင်းငံ့တယ်လို့တော့ မတွက်စေချင်ဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒါနောက်ပိုင်းမှာ ဒါကို အကောက်အယူလုပ်တဲ့အခါမှာ အရေးကြီးတဲ့ ကိစ္စရပ်လေးတရပ်ဖြစ်တဲ့ အတွက်ပေါ့နော်။ အဲဒါတခုပေါ့။ အဲဒီတော့ ပြန်စချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ကပဲ ကမ်းလှမ်းရမှာလား၊ တရုတ်ကပဲ ကမ်းလှမ်းရမှာလားဆိုတဲ့ မေးခွန်းဖြစ်လာတာပေါ့နော်။ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတုန်းကတော့ ဒီကိစ္စကို မေးမြန်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာကို မဖတ်ရသေးဘူးလို့ သူတို့ပြောတယ်ပေါ့နော်။ သို့သော်လည်းပဲ အဲဒါကိုတရုတ်တွေက တရားဝင် အဖြေတောင်းပြီလားဆိုတာလေးကို ကျနော်တို့က မသိဘူးဖြစ်နေတာပေါ့။ အစိုးရချင်းဆောင်ရွက်တာဖြစ်တဲ့အတွက်။ မြန်မာနိုင်ငံဘက်က ရှင်းတာကတော့ ဒါကြီးကို အချိန်ဆွဲထားလိုတဲ့ဆန္ဒမရှိဘူး။ အစိုးရအနေနဲ့ကလည်း အချိန်ဆွဲချင်တဲ့ဆန်ဒရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူကစပြီး ဒီ Issue အရေးကိစ္စကို ဖြေရှင်းဖို့တောင်းဆိုမလဲဆိုတာကတော့ စဉ်းစားစရာတွေအများကြီးပေါ့၊ မြန်မာဘက်ကပဲ တောင်းဆိုမှာလား၊ သူတို့ဘက်ကပဲတောင်းဆိုမှာလား။ ကျနော်မြင်တာကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတော့ တရုတ်တွေအနေနဲ့ကတော့ ဒါကိုတရားဝင် တင်ပြတောင်းဆိုဖို့လိုမယ်။ နော် ဒါကို လူကြီးချင်းတွေ့ပြီးတော့ ပြောယုံသက်သက်တင်မကဘဲနဲ့ တရုတ်ကုမ္ပဏီတွေက တင်ပြတောင်းဆိုဖို့လိုမယ်လို့ ကျနော် အဲလိုပဲ သုံးသပ်တယ်။ အဲဒီတော့ တောင်းဆိုပြီးပြီလား၊ မတောင်းဆိုပြီးပြီလားတော့ ကျနော်မသိဘူးပေါ့ဗျာ။” ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်ဘက်မှာ မဲဆွယ်စည်းရုံးပွဲတခုမှာ အန်အယ်လ်ဒီအစိုးရဖြစ်တဲ့အခါ မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ ပြည်သူတွေကိုချပြမယ်ဆိုပြီး ကတိတခုပေးခဲ့တယ်။ အခု အစိုးရလည်းဖွဲ့ပြီးပြီဆိုတော့ ချပြဖို့ အခက်အခဲဘာရှိမလဲ ဒါမှမဟုတ် တရုတ်အစိုးရနဲ့ ကြိတ်ညှိနေတဲ့သဘောလား၊ ဆရာတို့ ဘယ်လိုကောက်ယူလဲ။ “စောစောကပြောသလိုပေါ့ဗျာ တစ်အချက် ပြည်သူတွေ မနှစ်သက်ဘူးဆိုတာကို ဒေါ်စုတို့အစိုးရက သတိထားမိတယ်ပေါ့ဗျာ။ ဒါကတော့ ရှင်းတယ်။ အဲဒီတော့သူတို့က အဖြေကောင်းပေါ့ ပြည်သူတွေမျှော်လင့်ချင်တယ်။ နောက်တခုက မြစ်ကြီးနားခရီးစဉ်မှာ ပြောတဲ့ဟာကလည်း ပြည်သူတွေမကြိုက်တဲ့စီမံကိန်းတွေတော့ မလုပ်ဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ နော် ပြည်သူမကြိုက်ရင် မလုပ်ဘူး၊ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်မယ် သူပြောခဲ့တယ်လေ။ ဆိုတော့ အဲဒီကိစ္စမှာ သူက အဖြေကောင်းသယ်ဆောင်ပေးချင်တဲ့အတွက် လိုအပ်သလို ညှိနေတယ်၊ ညှိနေတဲ့အခါမှာ အဖြေကောင်းကြားရမယ့်သဘောတွေပေါ့ဗျာ၊ ကျနော်အခုကြားနေ ရတယ်ပေါ့ဗျာ။ အဲဒီတော့ ဒါတွေမထွက်သေးလို့ သူတို့ အနေနဲ့ ချမပြသေးတဲ့သဘောလားပေါ့ဗျာ ဒါလည်းကျနော်တို့ က စဉ်းစားတယ်။ နောက်တခုက ရက် ၁၀၀ ဆိုတာ ရက် ၁၀၀ ပဲဗျာ။ အစိုးရအနေနဲ့က ပင်ပန်းကြီးစွာနဲ့ ဖြတ်သန်းနေရတယ်။ နောက်တခုက နိုင်ငံရေးဆွေးနွေးပွဲကလည်း အရေးကြီးတဲ့ကိစ္စ ဦးစားပေးဆောင်ရွက်တာ ဒါ မြန်တယ်လို့ ကျနော်မြင်တယ်လေ။ အဲဒီတော့ ကျန်တဲ့ကိစ္စတွေမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်ဖို့ကတော့နော် ထိန်းထိန်းသိမ်းသိမ်းနဲ့၊ သိုသိုဝှက်ဝှက်လေးလုပ်ရမယ့်အနေအထားပဲလို့ သုံးသပ်တယ်။ အဲဒီတော့ ဆိုလိုတာက ဦးသိန်းစိန်တကယ်ရပ်ခဲ့တာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရပ်ခဲ့တာလေ။ အဲဒီတော့ ဒေါ်စုတို့ရဲ့ Time Table (အချိန်ဇယား) ကြည့်ရင် အခုသြဂုတ်လထဲမှာ ကျနော်ထင်တယ် သူတို့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်။ အနည်းဆုံးတော့လည်း အဖြေလေးတခု ရလာမယ်လို့ ကျနော်ထင်တယ်။ ဒီအချိန်တပြိုင်တည်းမှာပဲ သူတို့ ဟိုဘက်ကနဲ့ လိုအပ်သလို ပြောဆိုညှိနှိုင်းနေတာတွေ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ ဒါကြောင့်မို့လို့ အခု တရုတ်အစိုးရဘက်ကထွက်လာတဲ့ အသံတွေကြည့်ရတာ ဒီ ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ အရိပ်အယောင်ပေါ့ဗျာ၊ ဖြစ်နိုင်ခြေရှိတဲ့ အဖြေအရိပ်အယောင်တွေ ထွက်တယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ အဲဒီတော့ ဒီအစိုးရအနေနဲ့ ဘာမှမလုပ်ဘဲ ဒီအတိုင်းထားတာတော့ မဟုတ်ဘူးလို့တော့ ကျနော်တို့က အဲလို ကောက်ယူလို့ရတယ်တော့ထင်တာပဲ။ အချိန်မကျသေးလို့ မထုတ်ပြန်သေးတာပေါ့ဗျာ။” မြစ်ဆုံရေကာတာကနေထွက်လာမယ့် လျှပ်စစ်တွေက မြစ်ဆုံရေကာတာရပ်ရင် (လက်ရှိ လူဦးရေရဲ့ သုံးပုံတပုံသာ လျှပ်စစ်မီးရရှိသေး) မြန်မာပြည်က လျှပ်စစ်မီးရရှိရေး မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတော့မလား။ တခြားနည်းလမ်းတွေရှိမလား။ ရပ်ဆိုင်းရင်းရော မြန်မာတွေအတွက် ကိုယ်ခံအားကောင်းကောင်းနဲ့ ရင်ဆိုင်နိုင်မလား။ “မြစ်ဆုံရေကာတာမဆောက်တဲ့အတွက် မြန်မာနိုင်ငံ လျှပ်စစ်မီးမရဘူးဆိုတဲ့ အကောက်အယူ တော့ ဒါ မှားတယ်လို့ထင်တယ်။ လျှပ်စစ်ရနိုင်တဲ့နည်းလမ်းတွေ အများအပြားရှိတာပဲ၊ ဒါလည်း နိုင်ငံတော်က ကြံဆပြီးတော့ ကြိုးစားနေတယ်။ လောလောလတ်လတ်ကို ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အဆောတလျင်ဆောင်ရွက်လို့ရမလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ဒီအစိုးရက ဆောင်ရွက်နေတယ်လို့ ကျနော်တို့ သတိထားမိတယ်ပေါ့နော်။ ကျနော်ကိုယ်တိုင်လည်း လွှတ်တော်အထူး ရေးရာကော်မတီ တွေရဲ့ဆွေးနွေးပွဲမှာ ပါဝင်တော့ ဒီဟာလေးကို ကျနော်တို့ ရိပ်မိတယ်ပေါ့ဗျာ။ ဒါက နိုင်ငံတော်က ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို သုံးသပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်နော်။ အဲဒီတော့ ပုံစံပြောရရင် လောလောလတ်လတ် ကျနော်တို့ သဘာဝဓာတ်ငွေ့ကကို ကျနော်တို့က ကုဗပေ သန်း ၁၀၀ လောက်ရနိုင်တဲ့အလားအလာရှိတယ်။ ဒါကို တကယ်ထုတ်မယ်ဆိုရင် မီဂါဝပ် ၆၀၀။ ဒါမှမဟုတ် ၄၀၀ လောက်ပေါ့ဗျာ။ ရမယ်ဆိုရင်လည်း ဒါ ရန်ကုန်မြို့ရဲ့လိုအပ်ချက်ကို ၂ နှစ်အတွင်း ဖြည့်ဆည်းနိုင်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ ကျေးလက်မီးရရေးကလည်း စောစောကပြောတဲ့ ဒေါ်လာသန်း ၄၀၀ ပေါ့ ကမ္ဘာ့ဘဏ်က ထုတ်ချေးပြီးသား။ ဒါတွေက ဆက်အကောင်အထည်ဖော်ဖို့တွေရှိတယ်။ ဒီကြားထဲမှာလည်း ကျန်တဲ့ ဆည် စီမံကိန်းလေးတွေ၊ အလယ်အလတ်ဆည်လေးတွေပေါ့ဗျာ ရှိတာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေအကုန်လုံးတော့ လုပ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါ အရင်အစိုးရကလည်း စီမံခဲ့တဲ့ဟာကို လက်ရှိအစိုးရက ဆက်လက်ဆောင်ရွက်နေတဲ့ သဘောပေါ့။ အဲဒီတော့ သူတို့ လောလောဆယ် ဦးစားပေးတာက ရန်ကုန်မြို့နဲ့ စက်မှုဇုန်ဒေသတွေမှာ လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးဖြည့်ဆည်းပေးရေး လာဦးတိုက်နေတာ။ ကျန်တာတွေကတော့ ပုံမှန်အတိုင်းပေါ့ဗျာ။ စီမံချက်ဆွဲထားတာတွေကို ဆက်လုပ်နေတယ်လို့ ပြောလို့ရပါတယ်။” မြစ်ဆုံရေကာတာ ပြန်လည်လုပ်ဆောင်ရေးနဲပတ်သက်လို့ မြစ်ကြီးနားကို တရုတ်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံတကာစီးပွားရေးဌာနညွှန်မှူးလိုပုဂ္ဂိုလ်တွေ လာရောက်တယ်။ အဲဒီမှာ ရွေးချယ်စရာ နည်းလမ်းသုံးခုကို မြန်မာဘက်က ရွေးချယ်ဖို့အဆိုပြုတယ်၊ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရင် ဒေါ်လာသန်း ၈၀၀ လျော်ကြေးပေးခြင်း၊ စတင်မယ်ဆိုင်ရင် စတင်လည်ပတ်ရင် တနှစ်ကို ဒေါ်လာသန်း ၅၀၀ ရယူခြင်း၊ ဆက်လက်ဆိုင်းငံ့ခြင်းအားဖြင့် တနှစ်ကို ဒေါ်လာသန်း ၅၀ အတိုးပေးခြင်းဆိုပြီးပေါ့။ အဲဒီကမ်းလှမ်းချက်က ခိုင်မာလား၊ ဆရာတို့ ဘာတွေကြားထားတာရှိလဲ။ “သူကတော့ သူ့ဘက်ကတရားဝင်ပြောတာဖြစ်တဲ့အတွက် ရပ်မလား၊ ဆိုင်းထားမှာလား၊ လုပ်မှာလား ဒါပဲမေးတာလေ။ အဲဒီတော့ ကျနော်က စောစောကပြောတာလေ။ ဆိုင်းထားစရာတော့အကြောင်းမရှိဘူးပေါ့ဗျာ။ ကစားမလား၊ နားမလား နှစ်ခုပဲရှိတယ်ပေါ့၊ ဆက်လုပ်မလား၊ ရပ်မလားပေါ့။ အဲဒီတော့ ဆက်လုပ်မယ်ဆိုရင်တော့လည်း ဒီစီမံကိန်းဟာ မြန်မာပြည်အတွက် အကျိုးရှိကြောင်း၊ ပတ်ဝန်းကျင်မထိခိုက်တဲ့အကြောင်း တရုတ်တွေ ပိုပြီးတော့ ပြည့်စုံအောင် လေ့လာဖို့လိုတယ်။ ပြီးရင်တော့ ပြည်သူတွေ ယုံကြည်အောင် ချပြဖို့လိုတယ်၊ ပြည်သူလက်ခံအောင်ပေါ့နော်။ လက်ရှိပတ်ဝန်းကျင်ဥပဒေအရကို ဒါက ဒီတွေ့ရှိချက်တွေကို လူထုကြားနာပွဲတွေ လုပ်ဖို့လိုတယ်ပေါ့ဗျာ။ လူထုကြားနာပွဲလုပ်ဖို့ဆို စဉ်းစားစရာရှိတာက ဒီမြစ်ကြီးက ကျယ်တယ်၊ ရှည်တယ်ဆိုတော့နော် ဘယ်လောက်ထိ လူထုကြားနာပွဲကိုလုပ်မလဲဆိုတာတော့ လွှတ်တော်မှာတော့ မေးမြန်းပြီးတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်။ ဒီကြားနာပွဲတွေဟာ လူထုလက်မခံဘူးဆိုရင်တော့ ဒါဟာ ဒီစီမံကိန်းဆောင်ရွက်တဲ့လူတွေအနေနဲ့ကတော့ သူတို့ဟာ အရည်အချင်းမပြည့်မီဘူးလို့ပဲ၊ ပြည်သူကိုယုံကြည်အောင် မလုပ်နိုင်တဲ့အတွက်၊ အရည်အချင်းမပြည့်မီတဲ့အတွက် ရပ်နားဖို့ လိုတယ်ပေါ့ဗျာ ကျနော်ဒီလိုပဲ ကောက်ယူတယ်။ သူတို့ကောင်းပါတယ် ဘယ်လောက်ပြောပြော ပြည်သူက ယုံဖို့လိုသေးတာကိုး။ ဆိုတော့ အဲဒါကို သူတို့သွားမလားပေါ့။ အဲဒါဆိုရင်တော့ တရုတ်အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ပိုပြီး အဆင်ပြေမှာပေါ့ဗျာ။ ထပ်ပြီးတော့ study တွေလုပ်၊ ပြီးတော့မှ ပြည်သူက မရွေးဘူးဆိုရင်တော့လည်း သူတို့ ဘာနစ်နာကြေးမှလည်း ရစရာမရှိဘူးပေါ့။ သူတို့ ဒါစီမံကိန်းကိုအကောင်အထည်ဖော်နိုင်ခွင့်မရှိဘူးလို့ပဲ သတ်မှတ်ရ မှာပေါ့။ ဆိုတော့ ဒီလမ်းကိုသွားမလား၊ ဒါမှမဟုတ် ရပ်မယ်၊ ရပ်မယ်ဆိုရင်လည်း စောစောကပြောသလို သူတို့ နစ်နာသွားတာတွေရှိတယ်၊ ရှိတော့ သူတို့က စောစောကပြော သလိုပေါ့ တဖက်သတ်ရပ်တဲ့အတွက် နစ်နာတယ်လို့ ပြောရင် ကျနော်တို့ကပြောရမှာက တဖက်သတ်ရပ်တာမဟုတ်ဘူး၊ နှစ်ဦးအကျိုးစီးပွားအတွက် အနေအထားအရ လိုအပ်လို့ ရပ်လိုက်တာလို့ အရင်ဆုံးကျနော်တို့က ပြောရမှာပေါ့နော်။ အဲဒီအပေါ်မှာမှ နစ်နာကြေးကို သူတို့က ဆက်ပြီးတော့ လုပ်မယ်လို့ပြောရင်တော့ ဟုတ်ပြီ၊ သူတို့ကိုယ်တိုင်တွေ ရေးတဲ့ စာတွေထဲမှာ တရုတ်အစိုးရက သူတို့ ဒီအစိုးရက မလုပ်ချင်ပါဘူး ဗမာအစိုးရက အတင်းတောင်းဆိုတယ်၊ တရုတ်အစိုးရကလည်း နိုင်ငံရေးအရ ဒါ အားပေးအားမြှောက် လုပ်တဲ့အနေနဲ့ သူတို့ကိုလုပ်ခိုင်းလို့ ဆုံးရှုံးတယ်ဆိုရင် အရင်ဆုံး သူတို့ တရုတ်အစိုးရဆီမှာပဲ သူတို့ရဲ့လျော်ကြေး သူတို့ဖာသာသူတို့ ပြန်တောင်းပေါ့ဗျာ။ သူတို့နစ်နာတဲ့ဟာကို သူတို့ပြန်တောင်းပေါ့။ အဲဒါဆိုရင်လည်း ပြီးသွားမှာပေါ့။” “အဲဒီဘက်ကို သူတို့က မတောင်းနိုင်ဘူးပေါ့နော်၊ ဗမာအစိုးရပဲ လျော်ရမယ်လို့ သူတို့က ဒါကို ပြောလာရင်တော့ အရင်ဆုံး ကျနော်တို့က ‘အိုခေ ဒီကိစ္စရပ်ကို လက်ခံစဉ်းစားဖို့လိုတာပေါ့။ လက်ခံစဉ်းစားမယ်ဆိုရင် အရင်ဆုံး ဒီစီမံကိန်းရဲ့ တရားဝင်မှု Legitimacy ကို အရင်ဆုံး ဆန်းစစ်ရမှာပေါ့ဗျာ။ ဆန်းစစ်တဲ့အခါကျတော့ စစ်အစိုးရကလုပ်ခဲ့တဲ့ စီမံကိန်းက တရားဝင်လား၊ မ၀င်လား ဒါတွေ စိစစ်ရမယ်။ ၂ အချက်က ခုနပြောတဲ့ ဒီစီမံကိန်းက တရားဥပဒေအတိုင်းလုပ်ရဲ့လား၊ တည်ဆဲဥပဒေအတိုင်း။ အဲဒါက တရုတ်ဥပဒေ၊ မြန်မာဥပဒေ ဒီနှစ်ခုအတိုင်းရော ဘောင်ပြည့်မီအောင် လုပ်ရဲ့လား။ ဥပမာ ဆိုပါတော့ဗျာ စီမံကိန်းတခုဆိုတာ EIA (သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း)၊ SIA (လူမှုဝန်းကျင်ထိခိုက်မှုစစ်တမ်း) ပြီးမှလုပ်ရတဲ့သဘောရှိတယ်။ သူတို့က မပြီးသေးဘဲနဲ့ တောတွေရှင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်ဆိုတော့ လုပ်ပိုင်ခွင့်အပြည့်အ၀ မရသေးဘဲနဲ့ လုပ်နေတာတွေကရော ဘောင်ဝင်ရဲ့လားပေါ့။ တရားနည်းလမ်းကျရဲ့လား။ ဆိုတော့ ဒီဟာတွေကို ဆန်းစစ်ရမှာ ဖြစ်တယ်။ နောက်တခုက အဆိုးဝါးဆုံးက ဘာလဲဆိုတော့ နှစ်ခုပေါ့။ တခုက ဒီစီမံကိန်းကြီးမှာ လာဘ်ပေးလာဘ်ယူတွေရှိတယ်လို့ အကြီးအကျယ်စွပ်စွဲနေတာတွေရှိတယ်။ ဒါတွေကိုလည်း စစ်ဆေးရမှာဖြစ်တယ်။ နောက်တခုက ဒီစီမံကိန်းကြောင့် ခုနကပြောတဲ့ တရားဝင်မှု Legitimacy လို့ပြောတဲ့နေရာမှာ၊ ဒီစီမံကိန်းလုပ်တဲ့နေရာမှာ လာဘ်ပေးလာဘ်ယူ ရှိတယ်ပေါ့ဗျာ ၁၀ ရာခိုင်နှုန်းလားမသိဘူး သူတို့ပေးရတယ်ဆိုတာ ထုတ်ပြောထားတာရှိတာကိုး။ ဒါတွေကို သူတို့ဘယ်လိုတာဝန်ယူမလဲ။ နောက်တခု Human Rights Violation ပေါ့နော်၊ တိုင်းရင်းသားတွေက စွပ်စွဲတာက ဒါ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတာ။ ဒါတွေကို အရင်ဆုံးတာဝန်ယူဖြေရှင်းဖို့လိုတယ်။ အဲဒါပြီးတော့မှ အိုကေ အဲဒါတွေကို ဖြေရှင်းပြီးသွားပြီဆိုတော့မှ ကျန်နေတဲ့ ကုန်ကျစရိတ် Cost ကိုတွက်ရင်၊ အမှန်တကယ်ကုန်ကျစရိတ်၊ သက်ဆိုင်တဲ့ စီမံကိန်းနဲ့သက်ဆိုင်တဲ့စရိတ်၊ တချို့စရိတ်တွေက ခွင့်ပြုချက်မရှိဘဲ လုပ်တဲ့ကိစ္စတွေက မသက်ဆိုင်ဘူးလို့ယူဆရင် အဲလို စရိတ်ကိုခွဲရမယ်။ ပြီးတော့ သူတို့လုပ်သွားတဲ့အတွက် ကျနော်တို့တောတွေပျက်တာတွေ၊ မြေကြီးတွေ သယ်သွားတာတွေ၊ အစရှိသည်ဖြင့် ပတ်ဝန်းကျင်ရေးရာ နစ်နာတာတွေရှိတယ်။ ဇီဝမျိုးကွဲတွေ နစ်နာတာတွေရှိတယ်။ အဲဒီအတွက် လျော်ကြေးကို ပြန်သတ်မှတ်ပြီး ပြန်နှုတ်ပေါ့နော်၊ ဒီလိုဆင့်ကဲဆင့်ကဲသွားရမယ်ထင်တယ်။ အဲဒီတော့ အငြင်းပွားမှုဖြစ်လာပြီ သူတို့ သဘောမတူဘူးပေါ့၊ အဲဒါဆိုရင်တော့ ကျနော်တို့က တတိယကြားနေအဖွဲ့ကိုတော့ ခေါ်ဖို့လိုတာပေါ့နော်။ Third party arbitration (သည်ဟိဂ်အခြေစိုက် အနုညာတ တရားရုံး) ကိုသွားမယ်။ အဲဒီတော့ Third Party ကပဲ ဖြေရှင်းသွားရင်တော့ ကျနော်ကတော့ အခု South China Sea တောင်တရုတ်ပင်လယ်မှာ ဟိဂ်ကနေ ကမ္ဘာ့တရားရုံးကနေ ဆုံးဖြတ်သလိုမျိုး ဒါမျိုးကို ကျနော်တို့ သတ်မှတ်ပြီးတော့ သွားမလား။ (မှတ်ချက်။ ။ တောင်တရုတ်ပင်လယ်ပင် ဧရိယာတော်တော်များများကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာချက်အပေါ် ဖိလစ်ပိုင်နိုင်ငံက မကျေနပ်သဖြင့် ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂလက်အောက်ရှိ သည်ဟိတ်အခြေစိုက် အနုညာတ တရားရုံးသို့ တင်ပြတိုင်တန်းခဲ့ရာ၊ တရားရုံးက ပြီးခဲ့သည် ဇူလိုင် ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံက ဆိုသည့်အတိုင်း ပိုင်ဆိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်ခဲ့သည်) ဒီလိုတွေ ဆင့်ကဲဆင့်ကဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်လျော်ရမယ်၊ သွားရမယ်ဆိုတဲ့ message လေးတော့ ပေးဖို့လိုမယ်။ အဲဒီ message ကို ရတဲ့အခါကျတော့ ဒီ process ကို မသွားချင်ရင်တော့ သူ့ဟာသူ လျော်ပေါ့ဗျာ။ သူ့ဖာသာ ကောက်သိမ်းလိုက် ဒါပဲရှိတာပဲ။ ဒါက ကျနော်တို့က ဘေးကအမြင်နဲ့ပြောတာပေါ့။ ကြည့်ရတာကတော့ သူတို့လည်း သဘောပေါက်တဲ့အတွက် ကိုယ့်ဖာသာကိုယ်ပဲ လျော်ပြီးသွားမယ့်သဘောလားတော့ မသိပါဘူး။” မြစ်ကြီးနားမှာ တရုတ်ကုမ္ပဏီကိုယ်စားလှယ်တွေရဲ့ ရွေးချယ်ခွင့်ပြောအပြီးစကားနဲ့ မနေ့တနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့တုန်းက ပြောကြားတဲ့ တရုတ်အနေနဲ့ မြန်မာကို စံပြမိတ်ဖက်နိုင်ငံဖြစ်ချင်တယ်ဆိုတဲ့ ပြောစကားတွေအကြားမှာ နိုင်ငံရေးအရ ရွေ့နေတာတွေရှိနေတယ်လို့ ဆရာ သုံးသပ်နိုင်မလား။ “အဲလိုယူဆတယ်။ တရုတ်ဘက်က ကုမ္ပဏီဘက်က ကျတော့လည်း သူ့ဘက်က ဘယ်ကရရ၊ ဗမာပြည်ကရရ၊ တရုတ်အစိုးရဆီကရရ ရဖို့အတွက်ကတော့ သူက ဇာတ်နာအောင်ပြောရမယ့် အပိုင်းရှိတာပေါ့ဗျာ။ အဲဒီတော့ သူက တရုတ်အစိုးရက သူ လုပ်ခြင်းမလုပ်ခြင်းထက် သူတို့နစ်နာကြေးပြန်ရဖို့အတွက် အဓိကပြောနေတဲ့သဘောပဲလို့ ဖြစ်နိုင်တယ်။ အဲဒီတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးထွက်တဲ့သဘောကတော့ ဒါကိုပဲ ပြေလည်အောင်ဆောင်ရွက်လိုက်မယ်ဆိုတဲ့သဘောဖြစ်တယ်လို့ ကျနော်ထင်တယ်။” မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ တခြားဘာတွေပြောစရာရှိဦးမလဲ။ မှတ်ချက်ဖြစ်ဖြစ်ပေါ့။ “တကယ်လို့ သူရပ်မယ်ဆိုရင်လည်း ဒီအတိုင်းမရပ်ပါနဲ့၊ တရုတ်-မြန်မာ ဆက်ဆံရေးက အရေးကြီးပါတယ်။ ဒီအပေါ်မှာ တရုတ်တွေ ခရစ်ဒစ် နာမည်ကောင်း ယူဖို့လိုတယ်။ နော် ဒီအတိုင်းကြီးပိတ်သွားရင် သူတို့လည်း နစ်နာတာတော့ အမှန်ပဲလေ ကျနော်မြင်တာ၊ ဟုတ်တယ်နော်။ အဲဒီတော့ သူတို့က ဒီဟာကို မြန်မာနိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေးကို ကြည့်ပြီးတော့ လုပ်ပါတယ်ဆိုရင်လည်း ဒါကို ပြည်သူတရပ်လုံးသိအောင် သူတို့က မှန်မှန်ကန်ကန်လေးပြောပြီးတော့။ ဘာဖြစ်လို့လည်းဆို ကျနော်တို့နိုင်ငံထဲမှာလည်း လူမျိုးရေးပေါ့ဗျာ။ စောစောကလို တရုတ်လူမျိုးရေးကိစ္စတွေမှာ မြန်မာလူမျိုးတွေကနေပြီးတော့ စိတ်ခုနေတဲ့အပိုင်းလေးတွေရှိတော့ ဒါတွေကိုလည်း ပြေပျောက်အောင် လုပ်ဖို့လိုတယ်။ နို့မို့ဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေးက မရနိုင်ဘူးလေ။ အဲဒီတော့ တရုတ်တွေက ဒီဟာကို အရှည်စဉ်းစားပြီးတော့ ဆောင်ရွက်ပေးတယ်ဆိုရင်လည်း ဒါလေးကို ပေါ်လွင်အောင် နှစ်နိုင်ငံအစိုးရက သေသေချာချာကြိုးစားအားထုတ်ပြီး နှစ်နိုင်ငံသော ပြည်သူတွေသိအောင်လုပ်ပေးဖို့လိုတယ်။ ဒီအတိုင်းလေးကွက်ပြီး ပြီးသွားတာမျိုး မဟုတ်ဘဲနဲ့လေ။ ဒါ တကယ်ကို ပေါ်လွင်အောင်လုပ်ခြင်းအားဖြင့် ကျနော်တို့ချစ်ကြည်မှု ပိုခိုင်မာအောင်ပေါ့ဗျာ ပြည်သူတွေကြားထဲမှာ ရှိနေတဲ့သံသယတွေ ပျောက်ပြီးနော်။ ဒါလေးလိုပါတယ်၊ ဒီလိုလေးဆောင်ရွက်ပေးပါလို့ ကျနော်တို့က တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024