DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သမ္မတပြောကြားချက်အပေါ် ကြိုဆို
DVB
·
October 1, 2011
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သမ္မတပြောကြားချက်အပေါ် ကြိုဆို
Donate to DVB

သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းတွေကို ရပ်ဆိုင်းကြောင်း စက်တင်ဘာ ၃၀ ရက်နေ့မှာ လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပညာရှင်တွေနဲ့ ဒေသခံတွေက  ကြိုဆိုကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၀န်ကြီး ဦးအောင်ကြည်နဲ့ တတိယအကြိမ် တွေ့ဆုံမှုအပြီး သတင်းထောက်တွေက ဒီအပေါ်အမြင်ကို မေးမြန်းရာမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“သ၀ဏ်လွှာမှာ သမ္မတကြီးကနေ ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ မြစ်ဆုံ ရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ မှာကြားလိုက်တယ်လို့ ကျမနားလည်ပါတယ်။ ဒါကတော့ ကျမအမြင်မှာ ပြည်သူရဲ့ အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒါက အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ။ ပြည်သူရဲ့ အသံကို နားထောင်တယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ ဒါကြောင့်မို့ ကျမက ဒါကို ကြိုဆိုပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဧရာဝတီမြစ်ဆုံ စီမံကိန်းတွေဟာ သဘောထားကွဲလွဲစရာတွေ ရှိနေတာကြောင့် အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ဖို့ အိတ်ဖွင့်ပေးစာတစောင်ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကချင်ပြည်နယ် ဒေသခံလည်းဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့်ရသူ ဦလနန်းကလည်း ဒီလို သမ္မတအနေနဲ့ ရပ်ဆိုင်းလိုက်တဲ့အပေါ် သံသယနဲ့ ကြိုဆိုတယ်လို့ ဆိုပါတယ်။

“သတိကြီးကြီးနဲ့ စောင့်ကြည့်ရဦးမှာပါ။ လူထုတွေ အားလုံး လိုလားတာက ခေတ္တခဏ ရပ်ဆိုင်းထားတာမျိုး မဟုတ်ပါဘူး။ ရာသက်ပန် မြစ်ဆုံဆည်ကို မဆောက်ဖို့ လူထုတွေက ပြောဆိုကြတာပါ။ အဲတော့ ဒီအစိုးရ လက်ထက်မှာပဲ ခေတ္တာခဏ ရပ်ဆိုင်းထားမယ်ဆိုတာကတော့ လူထုတွေရဲ့ ဆန္ဒကို ထိပ်တိုက်မဖြစ်အောင် ရှောင်လွဲတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အိုကတော့ ဘာမှ ပြောဆိုမှု ရှိဦးမှာ မဟုတ်ဘူး။ သတိနဲ့ စောင့်ကြည့်ရဦးမယ်ဗျ။ ”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းကကလည်း သမ္မတရဲ့ လုပ်ဆောင်ချက်အပေါ် “ပြည်သူလူထုရဲ့ ဆန္ဒကို မဆန့်ကျင်ဘူးဆိုတဲ့ သဘောကတော့ ၀မ်းသာရမှာပေါ့ဗျာ။ သို့သော်လည်း ခဏပဲ ရပ်တာလား၊ သုံးလေးငါးနှစ်နေရင် ပြန်လုပ်မှာလား။ ဒါတော့ မသိဘူးပေါ့ဗျာ။ လောလောဆယ်တော့ ရပ်ဆိုင်းထားတယ်၊ အဘက်ဘက်က လူထုဆန္ဒ၊ ကချင်ပြည်နယ်ရဲ့ အခြေအနေ။ ကျနော်တို့ကတော့ အရမ်းကျေးဇူးတင်ပါတယ်။ နိုင်ငံတော် အစိုးရက ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဘူးဆိုတာ ဒါဟာ ပြယုဂ်တခုလို့ ကျနော်ယူဆပါတယ်။”

ဒါ့အပြင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးလျှက်ရှိတဲ့ စာရေးဆရာ ကာတွန်းအော်ပီကျယ်ကလည်း “ကျနော်ကတော့ သဘောကျပါတယ်။ ဒါကတော့ သမ္မတ၀င်ပြီး ဆောင်ရွက်မှ အောင်မြင်မယ့်ကိစ္စပဲ။ ဒါက လောလောဆယ်တော့ ခပ်မြန်မြန်ရပ်ဖို့ လိုတာကိုး။ တဘက်ကလုပ်ရတဲ့ လူကလည်း ရပ်မှန်းမသိ၊ မရပ်မှန်းမသိ၊ စာချုပ်ချုပ်ထားတဲ့သူကလည်း သူဆက်လုပ်ရမလား မလုပ်ရမလား။ ဆိုတော့ အခုလို ပြတ်ပြတ်သားသား ပြောတော့ကောင်းတာပေါ့။ ဒီကိစ္စကို အရင်အစိုးရ လက်ထက်က သဘောတူထားတဲ့ဟာဆိုတော့ သူတို့လည်း ငွေကြေးကုန်ကျမှုတွေ အများကြီး ရှိတယ်လေ။ သူတို့ကလည်း အင်အားကြီးနိုင်ငံလေ၊ ရိုးရိုးပြည်တွင်းစီးပွားရေးသမားအနေနဲ့ လုပ်ထားတဲ့ ပရောဂျက်ကို ရပ်လိုက်တာ မဟုတ်ဘူးလေ။ တဘက်နိုင်ငံက အစိုးရနဲ့ သဘောတူပြီး လုပ်ထားတဲ့ အရာဆိုတော့ သမ္မတ အနေနဲ့ ဆက်လုပ်ရမယ့် အရာတွေတော့ အများကြီးပဲ ရှိမှာပဲ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ အစိုးရက မြစ်ဆုံစီမံမံကိန်းတွေနဲ့ ပတ်သက်ပြီ  အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွေ ရေအားလျှပ်စစ်စီမံကိန်း ၈ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

အဲ့ဒီထဲက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေကာ ကျန်စီမံကိန်း ၆ ခုကတော့ စူးစမ်းလေ့လာရေးနဲ့ တည်ဆောက်ရေးအကြို လုပ်ငန်းတွေသာ ဆောင်ရွက်နေတဲ့အကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အခြားပညာရှင်တွေကတော့ အစိုးရဲ့ မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်မှုတွေဟာ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့လည်း ပြောဆိုကြအပြီး နိုင်ငံတော်သမ္မတက စီမံကိန်းတွေကို ရပ်ဆိုင်းကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013