Home
မြန်မာသတင်း
စားသုံးသူကာကွယ်ရေးအတွက် နိုင်ငံတော်ပိုင်းမှ စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်
DVB
·
July 26, 2016
စားသုံးသူကာကွယ်ရေးအတွက် နိုင်ငံတော်ပိုင်းမှ စနစ်ကျသော ကုန်သွယ်မှုတရပ်နဲ့ စီမံခန့်ခွဲဖို့ လိုအပ်နေတယ်လို့ ကုန်သည်စက်မှု အသင်းချုပ်က ပြောပါတယ်။ စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးခဲ့ပေမယ့် နိုင်ငံတကာနဲ့ ကုန်သွယ်တဲ့အပိုင်းမှာ စနစ်ကျတဲ့ ကုန်သွယ်ရေး ပုံစံတခု မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ်။ ဒါမှပဲ စားသုံးသူတွေအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်တွေ မစားသုံးမိဖို့ ထိရောက်တဲ့ ကာကွယ်မှုတွေ ဖြစ်လာနိုင်မယ်လို့ ကုန်သွယ်စက်မှုအသင်းချုပ် အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။ “တရားမ၀င် ရောင်းဝယ်မှုကျတော့ တဘက်ကအားပေးတယ်။ တဘက်ကတော့ ဒီဥပဒေထုတ်ပြီး ငါတို့အရေးယူမယ်ဆိုတော့ မီးစတဘက်၊ ရေမှုတ်တဘက်လို ဖြစ်နေတယ်လို့ မြင်တာပေါ့နော်။ ပြည်တွင်းမှာထုတ်တဲ့ စက်ရုံတွေကိုကျတော့ အကြောင်းအမျိုးမျိုးနဲ့ အားမပေးဘဲနဲ့ ပိုပြီးခက်ခဲအောင်လုပ်တဲ့၊ ပိုပြီးအဆင်မပြေအောင် လုပ်လေ့လုပ်ထတွေ ရှိနေတဲ့အခါမှာ ပြည်ပက အိမ်နီးနားချင်း တိုင်းပြည်တွေမှာထုတ်တဲ့ စက်ရုံတွေရဲ့ ပစ္စည်းတွေဟာ ဈေးလည်းသက်သာတယ်၊ ထုပ်ပိုးမှုလည်းကောင်းတယ်၊ အရည်အသွေးလည်း ကောင်းတယ်ဆိုပြီးတော့ ၀င်လာတယ်။ ဆိုလိုတာက ပြည်ပကနေတောင်မှ တရားမ၀င် တင်သွင်းတင်သွင်း၊ တရားဝင် တင်သွင်းတင်သွင်း ရောက်လာတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ပြည်တွင်းကထုတ်တဲ့ စက်ရုံတွေက မယှဉ်နိုင်ဘူး ဆိုကတည်းက ပြည်တွင်းမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ များနေတယ်။ ပြည်ပကလည်း ၀င်လာတဲ့ ပစ္စည်းတွေကို အခွန်အခ ကောက်ခံမှု အားနည်းနေတယ်ဆိုတဲ့ အပိုင်းနှစ်ပိုင်းကို သွားတွေ့တယ်။” မြန်မာနိုင်ငံဟာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ အာဖတာကို ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် ပြည်တွင်း SME လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ အချိန်ကို ရောက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဥပဒေတွေ မပြည့်စုံသေးတဲ့အပြင် ကုန်သွယ်ရေးအပိုင်းမှာလည်း စနစ်ကျမှု အားနည်းနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယတို့လို လူဦးရေများပြားတဲ့ ဈေးကွက်ကြီးတွေနဲ့ နီးကပ်စွာ တည်ရှိနေတဲ့အပြင် ကုန်သွယ်မှုလမ်းကြောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေးစနစ်ကို ထိထိရောက်ရောက် မသုံးစွဲနိုင်ဘဲ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ များပြားနေပါတယ်။ အရင်အစိုးရလက်ထက်မှာ ကုန်သွယ်ရေးအခြေခံ ကုန်တွင်းဆိပ်တွေ တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် အခုအချိန်အထိ မတည်ဆောက်နိုင်သေးပါဘူး။ “အချို့အပိုင်းတွေမှာ ဦးတို့က အရေးယူမရဘူးတော့ မဟုတ်ဘူး။ ဗမာနိုင်ငံ အလှကုန်ဥပဒေရယ်လို့တော့ မရှိသေးတဲ့အတွက် လုံးဝချည်း အရေးယူလို့ မရဘူးတော့ မဟုတ်ဘူး။ တခြားဥပဒေနဲ့တော့ အရေးယူလို့ရတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးမှု အပိုင်းမှာတော့ လောလောဆယ်အထိပေါ့နော် အားနည်းနေသေးတဲ့ အနေအထားကို ဦးတို့ တွေ့ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ လက်ရှိ ဒီအစိုးရသစ်အနေနဲ့လည်း သူ့မှာ အရေးကြီးတဲ့ လုပ်စရာတွေ အများကြီးရှိနေတော့ ဦးတို့အလှည့်ကို ရောက်မလာသေးဘူးပေါ့။ ဒါပေမယ့်လည်း ဦးတို့အနေနဲ့တော့ ကိုယ့်အလှည့် ရောက်လာတဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်လို့ရအောင် ဦးတို့ကတော့ ဦးတို့ဘက်ခြမ်းမှာ အတတ်နိုင်ဆုံး ပြင်ဆင်ပေးထားမှာပါ” လို့ မြန်မာနိုင်ငံ အလှကုန်အသင်းဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တရားမ၀င်ကုန်သွယ်မှုကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တဲ့အပြင် ကုန်သွယ်ရေးလုပ်ငန်းပိုင်းမှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်နေကြပါတယ်။ သတင်း - ပြည့်ဖြိုးကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024