အိန္ဒိယ-မြန်မာ ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ

ဒီတခေါက် အိန္ဒိယကို ခရီးထွက်ဖြစ်ဖို့ ဖိတ်ကြားလာတဲ့ အဖွဲ့ကတော့ မြန်မာအိုင်းဆစ် (Myanmar ISIS) လို့ခေါ်တဲ့ အဖွဲ့အစည်းပါ။ မြန်မာအိုင်းဆစ်ဆိုတော့ ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ISIS (Islamic State of Iraq and Syria) ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ တစုံတရာ ပတ်သက်နေတဲ့ မြန်မာအဖွဲ့အစည်း ဖြစ်နေလေမလားလို့ စာဖတ်သူတို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ မပတ်သက်ပါဘူး။ အမှန်တော့ ဒီအဖွဲ့အစည်းဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပညာရှင်များ၊ သံအမတ်ဟောင်းများနဲ့ တရားဝင်ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အဖွဲ့တဖွဲ့ပါ။ Myanmar Institute of Strategic and International Studies လို့ ခေါ်ပါတယ်။ အရှေ့အလယ်ပိုင်းက အိုင်းဆစ် (ISIS) သို့မဟုတ် (ISIL) အဖွဲ့ နာမည်ဆိုးနဲ့ မကျော်ကြားလာခင် (၂၀၁၄ ခုနှစ်မတိုင်ခင်) ၂၀၀၉ ခုနှစ်လောက်ကတည်းက ဖွဲ့စည်းထားခဲ့တဲ့ မြန်မာ Think Tank အဖွဲ့အစည်းတခုပါ။ မူလက မြန်မာအိုင်းဆစ်လို့ အတိုကောက် ခေါ်နေရာကနေ အရှေ့အလယ်ပိုင်းက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ရောထွေးအထင်မှားမှာစိုးလို့ အခုအခါမှာ MISIS မိုင်းဆစ်လို့ ခေါ်ပါတယ်။ အဖွဲ့ရဲ့ ဥက္ကဋ္ဌက ဦးညွန့်မောင်ရှိန် (သံအမတ်ကြီးဟောင်း) ဖြစ်ပါတယ်။ ကျနော်က ဦးညွန့်မောင်ရှိန်၊ ဒေါက်တာခင်ဇော်ဝင်းတို့နဲ့အတူ တရုတ်ပြည် ဇိချွမ်းပြည်နယ် ချုံကင်း (ချုံချင့်) ကို အတူသွားဖူးလို့ တယောက်နဲ့တယောက် သိကျွမ်းနေကြတာပါ။ အဲဒီတုံးက (ဦးသိန်းစိန်အစိုးရလက်ထက်) လည်း တရုတ်ပြည် ဇိချွမ်းပြည်နယ်အစိုးရက Myanmar ISIS နဲ့ တမ္ပဒီပအဖွဲ့တို့ကတဆင့် ကျနော်တို့ကို ဖိတ်ကြားပြီး သူတို့ရဲ့ One Road One Belt မူဝါဒကို ရှင်းပြခဲ့ပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးရေး စိတ်ကူးစံတွေကို မြန်မာ Think Tank အဖွဲ့တခုကနေ မြန်မာအစိုးရကို အသိပေးလိုပုံ ရပါတယ်။ အခုလည်းပဲ အိန္ဒိယရဲ့ လွတ်လပ်တဲ့ Think Tank အဖွဲ့တခုဖြစ်တဲ့ India Foundation က မြန်မာ Think Tank ဖြစ်တဲ့ MISIS ကတဆင့် မြန်မာအစိုးရသစ်ကို သူတို့ အသိပေးလိုတာတွေကို ရှင်းပြရင်း မြန်မာရဲ့ထင်မြင်ချက်တွေကို နားထောင်ဖို့ ဖိတ်လိုက်တာပါ။ အဓိကကတော့ (BJP) Bharatiya Janata Party (ဘာရာတီယာ ဂျာနာတာပါတီ) ခေါင်းဆောင်၊ အိန္ဒိယ လက်ရှိအစိုးရ National Democratic Alliance (အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့) ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ (Narenda Modi) ရဲ့ Act East ပေါ်လစီကို တက်တက်ကြွကြွ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ India Foundation က Myanmar ISIS ကို ဖိတ်လိုက်တဲ့အခါ ထင်ရှားတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်စေချင်တယ် ဆိုတာကြောင့် အန်အယ်လ်ဒီ၊ ယူအက်စ်ဒီပီ၊ အေအန်ပီနဲ့ အက်စ်အန်ဒီပီ ပါတီတွေက ပြောဆိုဆွေးနွေးနိုင်တဲ့သူတွေကို ဖိတ်ပါတယ်။ ဒီလိုနဲ့ပဲ အန်အယ်လ်ဒီကိုယ်စားလှယ်အနေနဲ့ ဗေဒါအင်စတီကျုက ကိုမျိုးထိုက်တန်သိန်း၊ ယူအက်စ်ဒီပီက ဒေါက်တာ မောင်မောင်ဌေး (ယခင် သာသနာရေး ဒု-ဝန်ကြီးဟောင်း)၊ အေအန်ပီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မရကျော်၊ အက်စ်အန်ဒီပီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျနော်၊ အပြင်က စီးပွားရေးပညာရှင် Myanmar Development Resource Institute က ဦးခင်မောင်ညို ခင်မောင်ညို(ဘောဂဗေဒ)၊ Regional Centre for History and Tradition (SEAMEO CHAT) က ဒေါ်ကာရိုးလ်အန်းချစ်သာတို့နဲ့ MISIS က သံအမတ်ကြီးဟောင်း ဦးဝင်းလွင်၊ MISIS အဖွဲ့ဝင် သံတမန်ဟောင်း ဦးဘလှအေး၊ MISIS အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးတို့နဲ့ MISIS က ကိုထူးကျော်တို့ အားလုံး ၁၀ ယောက်အဖွဲ့ နယူးဒေလီကို သွားဖြစ်ကြပါတယ်။ သံအမတ်ကြီးဟောင်း ဦးညွန့်မောင်ရှိန်ကတော့ သွားခါနီးမှာ ကျန်းမာရေးမကောင်းလို့ မလိုက်ဖြစ်တော့ပါဘူး။ အစည်းအဝေးကို ဂျူလိုင်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ကျင်းပပြီး ၇ ရက်နေ့မှာတော့ အဂ္ဂရာမှာရှိတဲ့ တပ်ဂ်ျမဟာ ကိုလိုက် ပို့ခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ Act East ပေါ်လစီက သူ့အရင်က အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဝန်ကြီးချုပ် နာရာဆင်ဟာရောင်းက ၁၉၉၂ ခုနှစ်ကစတင်ချမှတ်ခဲ့တဲ့ Look East ပေါ်လစီရဲ့ အဆက်လို့ ဆိုရလိမ့်မယ်ထင်ပါတယ်။ Look East ပေါ်လစီက အိန္ဒိယက သူ့ရဲ့အရှေ့ဘက် အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ အရှေု့တောင်အာရှနိုင်ငံများနဲ့ စီးပွါးရေးအရ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တွေထူထောင်ဖို့ဖြစ်ပေမဲ့ သူ့နောက်ဆက်ခံတဲ့ အစိုးရများဖြစ်ကြတဲ့ ဗီဟာရီ ဗာ့ဂ်ျပါးယီး နဲ့ မန်မိုဟန်ဆင်း တို့လက်ထက်မှာ ဒေသရဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာ မိတ်ဖွဲ့မှု (ယေဘူယျအားဖြင့် ဒေသတခုလုံးနဲ့ဆောင်ရွက်ဖို့ဖြစ် ပေမဲ့ အထူးအာရုံစိုက်မှုအရတော့ ဗီယက်နမ်၊ ဂျပန်တို့နဲ့ အလေးထားလုပ်ဆောင်ဖို့) အတွက် အားစိုက်ဖို့ဖြစ်ပါတယ်။ မကြာသေးမှီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူးရှမ ဆွာရာဂ်ျ (မ) ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ကိုသွားခဲ့တဲ့ခရီးစဉ်မှာ အိန္ဒိယရဲ့ ဆယ်စုနှစ်ခုလောက်ကြာခဲ့ပြီဖြစ်တဲ့ Look East ပေါ်လစီကို ပိုမိုတက်ကြွတဲ့နိုင်ငံခြားရေးပေါ်လစီဖြစ်တဲ့ Act East ပေါ်လစီနဲ့ အစားထိုးဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ ဒီ Act East ဆိုတဲ့ စကားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၂၀၁၁ ဂျူလိုင်လက အိန္ဒိယကိုလာလယ် စဉ် မိန့်ခွန်းပြောရာမှာ “ အရှေ့ဘက်ကိုကြည့်ရုံဘဲ မကြည့်ပါနဲ့၊ အရှေ့နဲ့ပူးပေါင်းပါဝင်ပါ- ဆက်သွယ်ဆောင်ရွက်ပါ” Not just to look East, but to engage East and act East.” လို့ပြောသွားရာကနေ ထင်ရှားလာတာပါ။ ကျနော်တို့ အစည်းအဝေးပြုလုပ်တဲ့ နေရာကတော့ နယူးဒေလီ၊ လိုဒီလမ်းပေါ်က India Habitat Center မှရှိတဲ့  Habitat World မှာ။ ကျနော်တို့ တည်းခိုနေထိုင်ရာနေရာနဲ့ အစည်းအဝေးခန်းမက တဆောင်ထဲမဟုတ်ပေမဲ့ ကွန်ပေါင်းတခု ထဲမှာဖြစ် လေတော့ သိပ်မဝေးလှဘူး။ ရန်ကုန်က ခရီးစတင်မထွက်ခွါခင်ကတည်းက အစည်းအဝေးအတွက် အကြမ်းဖျင်းအစီအစဉ်ကို အီးမေးလ်နဲ့ ကြိုတင်ပေးပို့ ထားပြီး ခေါင်းစဉ်က India-Myanmar: Paradigms of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ ပုံစံများ) ဖြစ်ပေမဲ့ တကယ်အစည်းအဝေးစတဲ့အခါ ခေါင်းစဉ် ကပြောင်းသွားပါတယ်။ India Foundation-MISIS Bilateral Conference on India-Myanmar : Frontiers of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ)  ဖြစ်သွားပါ တယ်။ အစည်းအဝေး ပထမရက်မှာ Trade & Connectivity (ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး) ရယ်၊ People to People Contact (ပြည်သူအချင်းချင်း ဆက်ဆံရေး) ဆိုတဲ့ ခေါင်းစဉ်နှစ်ခုနဲ့ဆွေးနွေးကြပြီး၊ ဒုတိယရက်မှာတော့ India-Myanmar Relations; under NDA & NLD Governments (NDA နှင့် NLD အစိုးရများလက်အောက် အိန္ဒိယ-မြန်မာ ဆက်ဆံရေး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြပါတယ်။ အစည်းအဝေးပထမနေ့မှာ ပြောသွားကြတဲ့အထဲက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ( ၂၀၁၃-၁၆) Mr. Gautam Mukhopadhaya မစ္စတာ ဂေါတမ် မုခိုပါဒါရာ က တော်တော်လေး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ပြောသွားပါတယ်။ သူ့ပြောဆိုတင်ပြသွားချက်တွေကို သီးသန့် ရေးသားပါဦးမယ်။ ဒီမှာတော့ အစည်းအဝေးမှာ အိန္ဒိယဘက်က ဆွေးနွေးသွားသူ များရဲ့ ယေဘူယျပြောကြားချက်တွေကို ရေးပါ့မယ်။ ၂၀၁၆ ခုနှစ်အတွင်း မြန်မာ-အိန္ဒိယ အပြန်အလှန်ကုန်သွယ်ရေးဟာ ဒေါ်လာသန်းပေါင်း ၃ ထောင်လောက်ရှိလာပြီဖြစ်ပေမဲ့ ဒါဟာဖြစ်သင့်ဖြစ်ထိုက်တဲ့ပမာဏထက်နဲနေပါသေးတယ်။ မိုရေး-တမူး နယ်စပ်ကုန်သွယ်ရေးဟာ လိုအပ်ချက်တွေရှိနေပြီး အခက်အခဲတွေ များစွာရှိနေသေးတဲ့အတွက် တရားမဝင်ကုန်သွယ်မှုပမာဏကမြင့်မားနေဆဲပါ။ နယ်စပ်ကုန်သွယ်ရေးမှာ ဒီထက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးပြီး ကုန်ကျစားရိတ်တွေလျော့ချနိုင်မယ်ဆိုရင်ဒီထက်အများကြီးတိုးတက်လာဖို့ရှိ နေပါ တယ်။ လက်ရှိကာလမှာတော့ အိန္ဒိယဟာ မြန်မာရဲ့ ၁၁ ခုမြောက် အကြီးဆုံး ရင်းနှီးမြှပ်နှံသူအဆင့်ဘဲရှိနေပါသေးတယ်။ စွမ်းအင် ကဏ္ဍမှာ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှပ်နှံမှုပြုထားတာက သိသာထင်ရှားတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ပေမဲ့ ဒါကလွဲရင် အိန္ဒိယကုမ္ပဏီ များဟာ တခြားကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ လက်မှတ်ရေးထိုးထားတာမရှိသေးပါဘူး။ ကုလားတန်မြစ်စီမံကိန်းဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယရဲ့ အရှေ့ဘက်ကမ်းခြေကနေ သူ့ရဲ့ အရှေ့မြောက်ပြည်နယ်များ ဖြစ်ကြတဲ့ အာသံ၊ မဏိပူရ၊ ထရီပူရ၊ နာဂလန်း စတဲ့ မြန်မာနဲ့ နယ်စပ်ဒေသတွေကို ရေလမ်းကနေအလွယ်တကူဆက်သွယ် သွားလာ ပို့ဆောင် နိုင်အောင် အဓိကရည်ရွယ်တာဖြစ်ပြီး ခရီးသွားလာရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာဖို့ အများကြီး မျှော်လင့်နိုင်ပါတယ်။ မြန်မာ့မြေ ပေါ်မှာရှိတဲ့ ဒီစီမံကိန်းကို အိန္ဒိယက အပြည့်အဝတာဝန်ယူထားပေမဲ့ အကောင်အထည်ဖေါ်မှုမှာ နှောင့်နှေးနေပါတယ်။ ယခုလောလောဆယ် လေကြောင်းဆက်သွယ်ရေးကလည်း အားရစရာမရှိပါဘူး။ ရန်ကုန်-ကလကတ္တား-ဗုဒ္ဓဂါယာ တပတ်သုံး ကြိမ်နဲ့ ရန်ကုန်-ဒေလီ တပတ်တကြိမ် ခရီးစဉ်ကိုပြေးဆွဲနေတဲ့ အဲယားအင်ဒိယ လေကြောင်းတစ်ခုသာရှိပါ တယ်။ ကျနော်တို့ ဧပြီလကုန်လောက်က  အိန္ဒိယ အရှေ့မြောက် ရှီးလုံကိုသွားပြီး အစည်းအဝေးလုပ်တဲ့ရက်က ရန်ကုန်-ဂါယာ- ကလကတ္တား ပြေးဆွဲတဲ့လေယာဉ်ကို စီးခဲ့ရဘူးပါတယ်။ ဘုရားဖူးရာသီမဟုတ်တဲ့အတွက် လေယာဉ်က ခရီးသယ်တဝက် လောက်ဘဲပါပါတယ်။ ဒီတခေါက် ရန်ကုန်-ကလကတ္တား တိုက်ရိုက်လေယာဉ်စီးတော့လည်း ခရီးသယ်က မပြည့်ပါဘူး။ လက်ရှိ အခြေအနေအရ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေခြင်းဟာ  ရုပ်ဘဝဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အ ခက်အခဲများကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားတို့က တိုးတက်သင့်သလောက်မတိုးတက်ဘဲ နှောင့်နှေးနေရခြင်းဖြစ်ပါ တယ်။ ပြည်သူအချင်းချင်းအကြားဆက်ဆံရေး မှာဆိုရင်လည်း နယ်စပ်ဒေသကိုဖွင့်ပေးလိုက်ပြီးကတည်းက နှစ်နိုင်ငံနယ်စပ်နေပြည်သူ များ ဆက်ဆံရေးများတိုးတက်သင့်သလောက်တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံဟာ ပညာရေး၊ သတင်းဆက် သွယ်ရေးနည်းပညာ နဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အရည်အချင်းမြှင့်တင်မှုပေးနှိုင်မဲ့ အင်စတီကျူးရှင်းများကိုတည်ဆောက်ရေးအ တွက် ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။ သို့သော်လည်း အစိုးရများက ဦးဆောင်ဦးရွက်ပြုခဲ့ရုံသာတတ်နိုင်ခဲ့ပြီး ပြည်သူလူထု အများအပြားအတွက် အကျိုးရှိစေပြီး ပိုမိုကျယ်ပြန်တဲ့လူထုပါဝင်လာဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကြားဆက် ဆံရေးမှာ ဂျာနယ်လစ်တွေအကြား၊ အစိုးရ အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များအကြားနဲ့ တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆက်ဆံမှုတွေကို တိုးချဲ့ဖို့လည်းလိုအပ်နေပါသေးတယ်။ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာသင်ကြားရေး မြန်မာ- အိန္ဒိယ စင်တာဟာ အောင်မြင်မှု၊ လူအများစိတ်ဝင်စားမှုရခဲ့လို့ ဒါကို တိုးချဲ့ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ စီးပွါးရေးတံခါးဖွင့် လိုက်တာနဲ့ အညီ ပွင့်လာမဲ့ အခွင့်အရေးတံခါးပေါက်တွေကို ဝင်ရောက်ဖို့ ဘာသာစကားတတ်မြောက်မှု၊ ဆက်ဆံရလွယ်ကူမှု တွေက အထောက်အကူပြုမှာဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များဟာလည်း ၂၀၁၄ ခုနှစ်က နယ်စပ်လုံခြုံရေးနဲ့ ပေါင်းစပ်ကင်းလှည့်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးကတည်းက တိုးတက်မှုတွေရှိလာပါတယ်။ အိန္ဒိယနယ်နိမိတ်ထဲကနေ မြန်မာ့နယ်မြေထဲ ကိုပုန်းခိုဖို့ပြေးဝင်လာတဲ့ ခွဲထွက်ရေးသူပုန်များကိုနှိမ်နင်းရာမှာ ဒီသဘောတူညီမှုက များစွာအထောက်အကူပြုပါတယ်။ သို့သော် လည်း လက်နက်ငယ်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုလိုကိစ္စတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်နှိမ်နင်းနိုင်ဘို့အတွက် အပြန်အလှန်သတင်းဖလှယ်ရေးရှိဖို့နဲ့ နယ်စပ်ဂိတ်များကို စနစ်တကျ စီမံအုပ်ချုပ်မှု ရှိဖို့ လိုအပ်ဆဲဖြစ်ပါတယ်။ မြန်မာလက်နက် ကိုင်တပ်များကို ခေတ်မီရေး အကူအညီပေးမယ်ဆိုတဲ့ ကတိကဝတ်ဟာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေ ပါလိမ့်မယ်။ အိန္ဒိယဘက်ကဆွေးနွေးကြတဲ့အထဲမှာ အဓိကအားဖြင့်တော့ သူတို့နိုင်ငံဘက်က Look East Policy ၊ Act East ပေါ်လစီ စသည်ဖြင့် ချမှတ်ပြီးနှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြတဲ့နေရာမှာ သူတို့နိုင်ငံဘက်က (သို့မဟုတ်) သူတို့အစိုးရ ဘက်က လိုအပ်ချက်တွေကို သုံးသပ်တင်ပြသွားတာများပါတယ်။ ကျနော်တို့ဘက်က ဆွေးနွေးကြတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားဟာ အိန္ဒိယနဲ့ တရုပ်အတွက် အရေးပါတဲ့ ဆုံချက် နေရာဖြစ်နေလို့ တရုပ်-အိန္ဒိယ တို့ရဲ့ ရှေ့တန်းစစ်မျက်နှာဖြစ်နေမလားဆိုတဲ့ သုံးသပ်ချက်မျိုးပါဝင်ပါတယ်။ ဆိုလိုတာက ပြိုင် ဆိုင်မှုပြင်းထန်မဲ့နေရာဆိုတာမျိုးပါ။ ဥပမာ ရခိုင်ကမ်းရိုးတန်းက ဆိပ်ကမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တရုပ်ကလည်း လိုလားသလို အိန္ဒိ ယကလည်းလိုလားနေတယ်။ တရုပ်က ရခိုင်ကမ်းရိုးတန်းကျောက်ဖြူဆိပ်ကမ်းကနေ ရေနံနဲ့သဘာဝဓါတ်ငွေ့များ ကို ပိုက်လိုင်းနဲ့ ယူနန်ပြည်နယ်ကိုပို့သလို အဝေးပြေးကားလမ်း ရထားလမ်းဖေါက်ပြီး တရုပ်ပြည်ရဲ့ ကုန်းတွင်းပိုင်း ပြည်နယ်တွေကို အနီးဆုံး ပင်လယ် ထွက်ပေါက်ရချင်နေပါတယ်။ အိန္ဒိယကလည်း ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းကတဆင့် ကုလားတန်မြစ်ကြောင်းတ လျှောက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး သူ့ရဲ့ အရှေ့မြောက်က ချောင်ပိတ်မိနေတဲ့ ပြည်နယ်တွေနဲ့ ကူးသန်းဆက်သွယ်ချင်ပါ တယ်။ ဒါ့အပြင် မြန်မာကိုဖြတ်ပြီး အရှေ့နဲ့ အရှေ့တောင်အာရှကို ကူးလူးဆက်ဆံချင်ပါတယ်။ သူရဲ့အရှေ့ကိုမျှော်မှန်းချက်ကို ပြောတဲ့အခါ တရုပ်ကိုဘယ်သူကမှ ထည့်မပြောပါဘူး။ အမှန်က တရုပ်ပြည်မှာ ကျယ်ပြန့်တဲ့ဈေးကွက်ကြီးတစ်ခုဖြစ်လို့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒမှာ တရုပ်ပြည်ကိုထည့်မပြောတာကို ကျနော်အံ့သြပါတယ်။ နောက်ပိုင်းစားကြသောက်ကြရင်း ရင်းရင်းနှီးနှီးပြောဆိုကြည့်ကြတော့မှ သူတို့ဟာ တရုပ်ပြည်က လူသုံးကုန်ပစ္စည်းတွေ၊ စက်မှု လုပ်ငန်းသုံးပစ္စည်းတွေ သူတို့ဈေးကွက်ထဲလှိမ့်ဝင်လာမှာစိုးရိမ်နေတာကို ရိပ်မိလာပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွါးရေးအင်အားကြီးဖြစ်လာနေတဲ့ တရုပ်ပြည်က အိန္ဒိယသမုဒ္ဒရာ ကိုစိုးမိုးဗိုလ်ကျလာမှာကိုလည်း စိုးရိမ်နေပုံရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရုပ်တနိုင်ငံထဲရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ကျရောက်မသွားစေဘို့ ထိန်းညှိလိုစိတ်လည်း ရှိပါ လိမ့်မယ်။ တရားဝင်ပြောကြတဲ့အထဲမှာတော့ အဲဒီကိစ္စကို ရှောင်ရှားကြပါတယ်။ အခုဆွေးနွေးပွဲမှာ ကျနော်တို့ မြန်မာအဖွဲ့ဝင်တွေက တရုပ်အစိုးရနဲ့ ပုဂ္ဂလိကပိုင်းက မြန်မာဈေးကွက်ကိုထိုးဖေါက်တာ၊ ရင်းနှီးမြှပ်နှံမှုတွေစီးဝင်လာတာ၊ ပြည်သူအချင်းချင်းဆက်သွယ်ဆက်ဆံရေးတွေဟာ အိန္ဒိယ အစိုးရနဲ့ ပုဂ္ဂိလိကပိုင်းက လုပ် ဆောင်တာထက် ပိုမိုသွက်လက်မြန်ဆန်တယ်ဆိုတဲ့အချက်ကို ပြောကြားခဲ့ ကြပါတယ်။ NDA အစိုးရနဲ့ NLD အစိုးရနှစ်ခုရဲ့အောက်မှာတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်အရ မြန်မာနိုင်ငံဟာ နိုင်ငံ အားလုံးနဲ့ သင့်တင့်မျှတစွာဆက်ဆံသွားမှာဖြစ်တဲ့အကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြတဲ့ နိုင်ငံတွေဖြစ်တာနဲ့အ ညီ အစိုးရ အချင်းချင်းကြားမှာရော၊ ပြည်သူအချင်းချင်းကြားမှာပါ ဆက်သွယ်ဆက်ဆံရေးတွေဟာ ပိုမိုတိုးတက်လာလိမ့်မယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။  ရဲထွန်း (သီပေါ )

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up