ဒီမိုကရေစီသို့ ခြေလှမ်း ၉၀

အီဂျစ်မှာ လူထုအုံကြွမှုနဲ့ အာဏာရှင် မူဘာရတ်ကို ဖြတ်ချနိုင်ခဲ့ပြီးတဲ့နောက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအကြောင်း ရေးထားတဲ့ ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။ ​ဆောင်းပါးရှင်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုလေဆိပ်ကနေ မြို့ထဲကို ကားမောင်းသွားရင် မြင်သမျှ အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်အသိုင်းအ၀ိုင်းက ပိုင်တာချည်းမို့ အီဂျစ်မှာ ဒီမိုကရေစီအမြစ်တွယ်ဖို့ မလွယ်သေးဘူးလို့ ကောက်ချက်ဆွဲပါတယ်။ အင်ဒိုနီးရှားမှာတော့ လေဆိပ်ကနေ ဂျာကာတာမြို့ထဲကိုသွားတဲ့ တလမ်းလုံးမှာ စစ်တပ်ယူနီဖောင်းတွေကို လုံးဝမတွေ့ရလို့ အင်ဒိုနီးရှားမှာ ဒီမိုကရေစီအတော်လေးကို အခြေကျနေပြီပဲလို့ အမှတ်ပေးမိပါတယ်။ ကုမ္မဏီပိုင်ရှင်မှ တက္ကစီသမားသို့ ဂျာကာတာ လေဆိပ်ကနေ မြို့ထဲကို ကားမောင်းပို့တဲ့ အသက် ၅၀ ၀န်းကျင် တက္ကစီဒရိုင်ဘာက အရင်က ရေနံဖက်စပ် ကုမ္မဏီတခုကို ပိုင်ခဲ့ဖူးသူပါ။ စီးပွားရေးသမား ဘ၀ကနေ တက္ကစီသမားဖြစ်လာသူဆီက ပညာရပ်ဆန်တဲ့ စကားတခွန်း တစွန်းတစ ကြားရပါတယ်။ “စီးပွားရေးမှာ ကိုယ့်ပြိုင်ဘက်ကို မယှဉ်နိုင်တော့ တက္ကစီမောင်းရတာပေါ့”လို့ သူက ရယ်ရယ်မောမောပဲ ပြောပါတယ်။ ဒါကပဲ အင်ဒိုနီးရှားရဲ့ လက်ရှိဈေးကွက်စီးပွားရေးရဲ့ လက္ခဏာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တက္ကစီသမားဘ၀မှာ ခရီးသည်တွေကို ရောက်ချင်တဲ့နေရာကို ပို့ပေးလိုက်၊ ကျန်တဲ့အချိန်မှာ အနားယူနိုင်၊ မိသားစုကိုလည်း အချိန်ပိုပေးနိုင်တာကြောင့် လက်ရှိဘ၀က ပိုကျေနပ်စရာကောင်းတယ်လို့ သူက ခံယူပါတယ်။ “တက္ကစီမောင်းရတာ ခေါင်းမစားရဘူး” လို့ ပြောပါတယ်။ သူ့ သားတယောက်က အထက်တန်း၊ သမီးတယောက်က တက္ကသိုလ်နောက်ဆုံးနှစ်၊ တက္ကစီမောင်းရင်း မိသားစု စားဝတ်နေရေးနဲ့ ကလေးတွေပညာရေးအတွက် ထောက်ပံ့နိုင်တယ်လို့ လည်း သူက ပြောပြပါတယ်။ ဂျာကာတာလမ်းတွေ ကားကြပ်ပုံကလည်း မှတ်သားလောက်ပါတယ်၊ ပုံမှန်နှုန်းနဲ့ မောင်းရင် နာရီဝက်သာသာကြတဲ့ခရီးက နှစ်နာရီကြာပါတယ်။ အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် လူတွေ ပိုချမ်းသာလာကြပြီး၊ ကားစီးနိုင်တဲ့လူ တစစ များလာတာကြောင့်လို့ တက္ကစီဆရာက ရှင်းပြပါတယ်။ အင်ဒိုနီးရှားအဝေးမြင် အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအပြောင်းအလဲကို ကျနော်စိတ်ဝင်စားခဲ့တာ ကြာပါပြီ၊ ၁၉၉၈ လူထုအုံကြွမှုကြောင့် ဆူဟာတို ပြုတ်ကျသွားတဲ့နောက်မှာ အင်ဒိုနီးရှား ဒီမိုကရေစီ အပြောင်းအလဲဟာ မြန်လည်းမြန်၊ လမ်းကြောင်းလည်း မှန်တဲ့အတွက် အားကျခဲ့တာလည်း ပါပါတယ်။ ဂျာကာတာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိက ဂျာတာတာကို ဘာလာ လုပ်သလဲလို့ မေးပါတယ်။ ကျနော်က မီဒီယာသင်တန်း လာတက်တာပါလို့ ရိုးရိုးပဲဖြေလိုက်တော့ ဘာမှ ထပ်မမေးတော့ဘဲ ရည်ရည်မွန်မွန်ပဲ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)စာအုပ်ကို ပြန်ကမ်းပေးလို့ အင်ဒိုနီးရှားက ထင်ထားတာထက်တောင် ရှေ့ရောက် နေပါလားလို့ အမှတ်ပေးလိုက် မိပြန်ပါတယ်။ လက်ရှိသမ္မတ ဆူစီလူဘန်ဘမ်းယူဒိုယိုနိုဟာ ဆူဟာတိုခေတ်က ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ သမ္မတ ဖြစ်လာသူပါ။ လွန်ခဲ့တဲ့ ၂ နှစ်က သမ္မတအဖြစ် ဒုတိယအကြိမ် အရွေးခံရပါတယ်။ သူရဲ့ သမ္မတသက်တမ်းအတွင်းမှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ အောင်မြင်ခဲ့ပါတယ်။ ဥပမာ ၂၀၀၅ ခုနှစ်မှာ ဆူမားတြားကျွန်းပေါ်က အနှစ် ၃၀ ကြာ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ စီးပွားရေးပိုင်းမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ တင်နေတဲ့ အကြွေး အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါးကို သတ်မှတ်ချိန်ထက် ၄ နှစ်စောပြီး၊ ၂၀၀၆ ခုနှစ်မှာ ပြန်ဆပ်နိုင်လိုက်ပါတယ်။ တခြားအောင်မြင်မှုတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် တခြားတဖက်မှာလည်း လောလောဆယ်အထိ အင်ဒိုနီးရှားက အချမ်းသာဆုံး လူစာရင်းမှာ ဆူဟာတိုရဲ့ ဂိုကာပါတီက ခေါင်းဆောင်တွေ ထိပ်ဆုံးက ရှိနေတုန်း၊ ဩဇာလွှမ်းနေတုန်းပါပဲ။ ဂျာကာတာမှာ ကျနော်ရောက်နေတဲ့ အချိန်မှာပဲ ခရစ်ယာန် ဘုရားကျောင်းတခုမှာ အသေခံဗုံးကွဲလို့ လူ ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။ ယူဒိုယိုနိုရဲ့ အစိုးရအပေါ် လူထုထောက်ခံမှုကလည်း ကျဆင်းနေပါတယ်။ အင်ဒိုနီးရှားက သတင်းစာတွေအရတော့ သမတကိုယ်တိုင်က သူ့အစိုးရအဖွဲ့ကို အလုပ်မဖြစ်လို့ စိတ်ပျက်နေပုံပါပဲ၊ သူ့အမိန့်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ အစိုးရအဖွဲ့က လေးဖင့်နေတာ၊ မနာခံတာတွေကြောင့်လို့ ဆိုပါတယ်။ အိုစမာဘင်လာဒင်တို့ တိုင်းပြည်ကလာခဲ့တယ် ဂျာကာတာက မီဒီယာသင်တန်းကို အာဖဂနစ္စတန်က သတင်းသမားတယောက်လည်း လာတက်ပါတယ်။ မုတ်ဆိတ်ဖားလျား၊ ၀န်ရုံပွပွနဲ့ ရန်လိုနေတဲ့ လူတော့ မဟုတ်ပါ၊ အသားဖြူဖြူ၊ ကိုယ်ဟန်နွဲ့နွဲ့နဲ့ ဟာသအလွန် ပြောတတ်တဲ့ အသက် ၂၁ နှစ်အရွယ်၊ သူ့ကိုယ်သူ မာလျာလို့ မိတ်ဆက်ပါတယ်၊ မာယာလို့ အလွယ် မှတ်ထားလိုက်ပါတယ်။ ကော်ဖီနားချိန်၊ နေ့လည်စာစားချိန်၊ ညစာစားတဲ့အချိန်တွေမှာ ဟာသတွေ အဆက်မပြတ် ပြောတတ်သူပါ။ ယဉ်ကျေးမှုချင်းကွာတာ၊ သူ့ရဲ့ စကားလုံးတိုင်းကို သေချာ နားမလည်တာကြောင့် သူ့ပုံပြင်သာ ဆုံးသွားပေမယ့် ဘယ်သူမှ မရယ်ပါ။ အဲဒီအခါမှ သူက “ပြီးပြီလေ၊ တယောက်မှ မရယ်ကြပါလား၊ ခင်ဗျားတို့ ရယ်အောင်လို့ ကျနော် ဘယ်လောက် အားစိုက်ရတယ်မှတ်လဲ” လို့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အားမလို အားမရဖြစ်တော့မှ လူတွေက တဟားဟား ပွဲကျတတ်ပါတယ်။ တချိန်မှာတော့ သူက ပုံပြင်တပုဒ်ကို အခုလို ပြောပြပါတယ်။ “အချိန်က အာဖဂန်နစ္စတန်ကို တာလီဘန်တွေ အုပ်ချုပ်နေတဲ့အချိန်။ လူတယောက်က စက်ဘီးစီးရင်း ခပ်အေးအေး သီချင်းညည်းလားတုန်းမှာ တာလီဘန်လုံခြုံရေးတပ်သားတဦးက ဖမ်းလိုက်ပါတယ်။ စစ်မေးဖို့ တာလီဘန် အရာရှိတယောက်ဆီ ခေါ်သွားပါတယ်။ အရာရှိ။ သူသီချင်းညဉ်းလာတဲ့အချိန်မှာ စက်ဘီးခေါင်းလောင်းကိုရော တီးသေးလား။ တပ်သား။ မတီးပါဘူး ဆရာ။ အရာရှိ။ အေး၊ ဒါဖြင့် သူ့ကို ပြန်လွှတ်ပေးလိုက်၊ သီချင်းဆိုတဲ့အမှု မမြောက်ဘူး။” တာလီဘန်ခေတ်မှာ သီချင်းညည်းရင်တောင် ရာဇ၀တ်မှုမြောက်တဲ့အကြောင်းပါ၊ သူ့ပုံပြင်ကို နားထောင်ပြီး တာလီဘန်ခေတ် အာဖဂနစ္စတန်ထက် ငါတို့ အခြေအနေကမှာ အများကြီး သာသေးတာပဲလို့ စိတ်ကူးမိပါတယ်။ သင်တန်းအတွက် သူယူလာတဲ့ သတင်းဆောင်းပါးက အာဖဂနစ္စတန်က အမျိုးသမီးတွေက သူတို့ နေဖို့ အိမ်အတွက်၊ အုတ်ဖုတ်တာအစ၊ လက်သမားလုပ်တာအဆုံး ယောကျာင်္သားတွေရဲ့ အကူအညီမယူဘဲ သူတို့ဘာသာ ဆောက်ကြတဲ့ အကြောင်း။ သူက အမေရိကန်အစိုးပေါ်လစီကို ဝေဖန်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် စာရင် အာဖဂနစ္စတန် အခြေ အများကြီး တိုးတက်လာတယ်လို့ ယုံကြည်သူ။ အင်ဒိုနီးရှား အခြေအနေ မရောက်သည့်တိုင်အောင် ဘာပဲဖြစ်ဖြစ် အခုတော့ သူ့နိုင်ငံမှာ တဖက်မှာ အသေခံ ဗုံးခွဲသမားတွေတော့ ကြောက်ရပေမယ့် တဖက်မှာတော့ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူနိုင်တဲ့ အခြေအနေ။ ဂန္ဒီတို့ တိုင်းပြည်က ဇာတ်ဆရာ သင်တန်းမှာ အသက်အကြီးဆုံးက အိန္ဒိက ဘောင်းထုပ် ခေါင်းဘောင်းတထောင်ထောင်၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွေးနဲ့ ဗလဗျစ်နဲ့ ဂျက်စီ၊ အသက် ၅၀ ကျော်ပေမယ့် အကွက်ကောင်းစောင့်ပြီး အတည်ပေါက်နဲ့ ရယ်စရာပြောတတ်သူ။ ဆေးပညာနဲ့ ဘွဲ့ရထားပေမယ့်  သတင်းထောက်လုပ်လိုက် ဗီဒီယို မှတ်တမ်းရိုက်လိုက်၊ ကြော်ငြာရိုက်လိုက်..။ ပိုက်ဆံရတာ အကုန်လုပ်တယ်လို့ ခပ်ရွှင်ရွှင် ပြောတတ်သူ။ ရေဒီယိုသတင်းဆောင်းပါးကို သဘင်ဆန်ဆန် သံနေ သံထားနဲ့ ဖွဲ့တတ်နွဲ့တတ်လွန်းလို့ သင်တန်း ဆရာက နှစ်ခါပြန်လုပ်ခိုင်းရသူ၊ သူက ကျနော်တို့ထဲက အသက်အငယ်ဆုံးဖြစ်တဲ့ မာလျာကို “ငါသတင်းထောက်စလုပ်တုန်းက မင်းမွေးတောင်မမွေးသေးဘူး ကိုယ့်လူ”လို့ စကားနာထိုးတတ်သေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်မှာ အိန္ဒိယက ၀ါရင့်သမ္ဘာရင့်မို့ နိုင်ငံရေးအကြောင်းပြောရင် သူက အလိုလို ဆရာဖြစ်သွားတတ်ပါတယ်၊ လေအေးအေးနဲ့ “အိန္ဒိယ ဒီမိုကရေစီက အခြေကျနေပြီးသား၊ ဥပဒေတွေကလည်း အသားကျနေပြီးသား၊ မီဒီယာကလည်း ပါဝါရှိသလားမမေးနဲ့၊ နေရာတကာ သတင်းထောက်ကဒ်ပြလိုက်ရင် ကိစ္စက ပြတ်ရော၊ အစိုးရအရာရှိတွေက အာဏာရှိတုန်း လာဘ်စားတယ်ဆိုရင် စားပေါ့၊  အေး သူတို့ အာဏာမဲ့သွားတဲ့ အချိန်ကျရင် ဥပဒေအတိုင်းခံရမှာပဲ၊ အိန္ဒိယ ထောင်တွေမှာ အဲ့သလို အရာရှိဆိုးတွေနဲ့ ပြည့်လို့ . ကိုယ့်လူတို့ရေ” သင်တန်းအတွက် သူယူလာတဲ့ သတင်းဆောင်းပါးက အိန္ဒိယက လူငယ်ပညာတတ်တွေ အမေရိကားကိုသွားဖို့ ရူးသွပ်ကြတဲ့အကြောင်း၊ မိဘတွေကလည်း သူတို့သားတွေ အမေရိကန်ဗီဇာရဖို့  လေယာဉ်ပျံရုပ်နဲ့ ဘုရားကျောင်းတခုမှာ ယတြာချေကြတဲ့အကြောင်း။ ဆူဟာတိုရဲ့ တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနောက်ခံမတူတဲ့ သတင်းထောက်တွေ ဆူဟာတိုရဲ့ အင်ဒိုနီးရှားမှာ ဆုံတာကို အဓိပ္ပာယ်ရှိတယ်လို့ ကျနော်က ယူဆပါတယ်။ သင်တန်းခန်းမနေရာကလည်း ဆူဟာတိုခေတ်က အတိုက်အခံတွေ ခိုအောင်းရာနေရာလို့ သိရတော့ ပို့လို့တောင် သဘောကျမိပါတယ်။ ဂျာကာတာမှာ ၇ နှစ်လောက် အလုပ်လုပ်နေတဲ့ ဩစတြေးလျသူ သင်တန်းနည်းပြက “အခုချိန်မှာတော့ အင်ဒိုနီးရှား မီဒီယာက အတော်လေး လွတ်လပ်ပါတယ်၊ တချိန်တည်းမှာ အသရေဖျက်မှုနဲ့ တရားစွဲခံရတဲ့ ကိစ္စတွေလည်း များပါတယ်၊” လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ သင်တန်းသားတွေကို နေ့လည်စာတည်ခင်းတဲ့ သတင်းဌာန အဆောက်အဦးရှေ့၊ စာပွဲတွေ ခင်းထားတဲ့ နေရာမှာ မနှစ်တုန်းကတော့ အစွန်းရောက်သမား တယောက်က လက်ပစ်ဗုံးတလုံး ပစ်သွင်းခဲ့ပါသေးတယ်။ ဂျာကာတာ မြို့ထဲမှာ ကားလိုက်စီးရင်း မြို့လည်တနေက ရင်ပြင်တခုအရောက်မှာ ဂျာကာတာမြို့ခံ သတင်းသမား ဘက်စတီက “ဒီမှာဘယ်သူဖြစ်ဖြစ် ကိုယ့်ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်လို့ရတယ်။ ဖရီးဘားမားလို့ သွားအော်လို့ ရတယ်” လို့ ပြောပါတယ်။ နောက် တနေရာအရောက်မှာတော့ “အဲဒီနေရာပေါ့။ ၁၉၉၈ လူထုအုံကြွမှုတုန်းက ကျောင်းသား ခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလေ။”  သူက လမ်းဆုံတနေရာကို ညွှန်ပြပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်ဆိုတော့ ဘာမှ သိပ်မကြာသေး။ ဒါပေမယ့် သူတို့က သမိုင်းထဲက အဖြစ်အပျက်တခုလို ပေါ့ပေါ့ပါးပါး ပြန်ပြောနိုင်တဲ့ အခြေအနေ။ မြန်မာပြည်မှာက လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ် အပျက်တွေကိုတောင် သမိုင်းထဲ မထားခဲ့နိုင်သေး။ ထားခဲ့လို့ မဖြစ်သေး။ ဂျာကာတာမှာရှိနေတဲ့အချိန်မှာပဲ ၂၀၀၇ သံဃာအရေးအခင်းနှစ်ပတ်လည် ဆန္ဒပြသူတွေကို ရဲက ဖမ်းသွားတဲ့ အင်တာနက် သတင်းတွေ ဖတ်ရပါတယ်။ သူတို့ နေရာ၊ ငါတို့နေရာ ဂျာကာတာကသတင်းသမား ဗစ်ထရီက “ငါတို့ နိုင်ငံပြဿနာက နေရာတိုင်းမှာ အကျင့်ပျက်ချစားနေတဲ့ ပြသနာပဲ”လို့ ပြောတော့ အိန္ဒိက ဂျက်စီကလည်း “အိန္ဒိယမှာလည်း အခုချိန်ထိ အပြောင်းအလဲတွေက လုပ်နေရတုန်းပါပဲ“လို့ ပြောပါတယ်။ အိန္ဒိယမှာ အကတိလိုက်စားမှုတွေ များတဲ့အတွက် အကတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပြဌာန်းဖို့ အစာငတ်ခံ ဆန္ဒပြတဲ့ အန်နာ ဟာဇာရီ ကို သူက ဥပမာပေးပါတယ်။ အာဖဂန်နစ္စတန်က မာလျာကတော့ ထုံးစံအတိုင်း “အာဖဂနစ္စတန်ကရော ဘာထူးလို့လဲ၊ အကတိ လိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖွဲ့ထားတဲ့ ကော်မတီကိုယ်တိုင်က လာဘ်စားနေတာ”လို့ ချက်ကျကျ ပြောတော့ ရယ်ကြပြန်ပါတယ်။ အိန္ဒိယနဲ့ အင်ဒိုနီးရှားက မီဒီယာလွတ်လပ်ခွင့် အခြေအနေ၊ လူလတ်တန်းစားတွေ ကြီးထွားနေတယ်လို့ နားလည်ထားတဲ့ ကျနော်က  “အင်ဒိုနီးရှားနဲ့ အိန္ဒိယအတွက်ကတော့ သိပ်ပူစရာမလိုပါဘူး၊”လို့ ၀င်ပြောတော့  “မြန်မာပြည်ကျတော့ရော ဘယ်တော့ပြောင်းမလဲ“လို့ ၀ိုင်းမေးကြပါတယ်။ “မြန်မာပြည်လား၊ နောက် ၂ နှစ်လောက်ကြာရင် ငါတို့ ရန်ကုန်မှာ ဆုံချင်ဆုံရမှာပေါ့။” လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ စကားပြောနေတာကို သတိရရင်း ပြောမိပြီးမှ ဘရိတ်ပြန်အုပ်ဖို့ ကြိုးစားရပါတယ်။ “အပြောင်းအလဲဖြစ်ဖို့က အခြေအနေ နှစ်ရပ်လိုတယ် ထင်တာပဲ၊ လူတွေ ကုန်းကောက်စရာမရှိ၊ စားစရာမရှိတဲ့ ငတ်ရင်ငတ်၊ အဲသလို မငတ်ရင် လူလတ်တန်းစားတွေ ကြီးထွားပေါ့၊ ကျနော်တို့ မြန်မာပြည်က အဲဒီ အခြေအနေနှစ်ခုလုံး မကိုက်တော့ အပြောင်းအလဲ မဖြစ်သေးတာထင်တာပဲ။” အတွေးကိုယ်စီ မပြန်ခင် တညမှာ ကျနော်က မာလျာနဲ့ ဂျက်စီကို အမှတ်တရ ဓာတ်ပုံရိုက်ဖို့ မေတ္တာရပ်ခံပါတယ်၊ သူတို့ နှစ်ယောက်ကြားမှာ ၀င်ရပ်လိုက်ပြီး “တယောက်က အိုစမာဘင်လာဒင်တို့ တိုင်းပြည်က၊ နောက် တယောက်က မဟတ္တမ္မဂန္ဒီတို့ တိုင်းပြည်က၊ အလယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုင်းပြည်က ပေါ့ကွာ။” ဒါပေမယ့် သူတို့က ကျနော့်ကို တခြားအမည်နဲ့ ကင်ပွန်းတပ်ချင်တပ်နိုင်ပါတယ်၊ မြို့ထဲမှာ ကားစီးတုန်းက အင်ဒိုနီးရှားသတင်းထောက် ဘက်စတီက လစ်ဗျားက ကဒါဖီနဲ့ မြန်မာပြည်က သန်းရွှေနဲ့ ယှဉ်ရင် ဘယ်သူက ပိုရက်စက်သလဲလို့ ကျနော့်ကို မေးခဲ့တယ် မဟုတ်လား၊ မပြန်ခင် ညစာစားပွဲမှာ ဂျာကာတာက မိတ်ဆွေတွေက ဂျာကာတာလာကြတဲ့ မြန်မာမှန်သမျှ ရည်မွန်ကြတာချည်းပဲလို့ ပြောတော့လည်း ကိုယ့်လူမျိုးအတွက် အမှန်ပဲ ဂုဏ်ယူရ၊ စကားအထအန ကောက်တတ်တဲ့ အိန္ဒိယက ဂျက်စီက “အိန္ဒိယနဲ့ အာဖဂန်စ္စတန်က လာတဲ့လူတွေကျတော့ မကောင်းတဲ့ သဘောပေါ့” လို့ ၀င်ထောက်တော့ ရယ်ရ၊ ပျော်ရပါတယ်။ တနေရာမှာတော့ တချိန်လုံး အရွှန်းဖောက်လာတဲ့ အာဖဂန်စနစ္စတန်က မာလျာက “အေးဗျာ၊ အာဖဂန်နစ္စတန်ဆိုရင်၊ လူတွေက အိုစမာဘင်လာဒင်၊ တာလီဘန်၊ အသေခံဗုံးခွဲသမား ဆိုတာလောက်ပဲ သိထားကြတယ်၊ ငါတို့ မျိုးဆက်သစ်တွေ လက်ထက်မှာပဲ လူတွေရဲ့ အဲသလို အမြင်တွေကို ပြောင်းလဲသွားအောင်လုပ်ရမယ်။”လို့ တွေးတွေးဆဆ ပြောပါတယ်။ သူ့စကားက အလေးအနက်မို့  ဘယ်သူမှ မရယ်ကြတော့ပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up