ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံ
DVB
·
July 25, 2016
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးပွဲကို တက်ဖို့ လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီတို့ ဇူလိုင် ၂၄ ရက်က သီးသန့် တွေ့ဆုံပါတယ်။
အဲဒီလို တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကတိပြုခဲ့ကြပါတယ်။
တရုတ်သမ္မတ ဇီကျင့်ပင်က ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ခွန်းဆက်လိုက်တဲ့ အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောပါတယ်။
တရုတ်နဲ့ မြန်မာတို့ဟာ လေးနက်တဲ့ဆက်ဆံရေး ရှိသလို အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ အပြန်အလှန် ပံ့ပိုးမှုတွေရှိတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ ရက် ၁၀၀ ဆောင်ရွက်ချက်တွေကိုလည်း ချီးကျူးစကားဆိုလိုက်ပြီး မြန်မာပြည်ရဲ့ အနာဂတ်မှာ တိုးတက်မှုတွေရှိစေဖို့ ဆန္ဒပြပြုတဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာ အဆင့်မြင့် ဆက်သွယ်ရေးအဆင့်ကို မြှင့်တင်ဖို့ ဆန္ဒရှိတဲ့အကြောင်း နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ ဆန္ဒရှိတဲ့ အကြောင်းလည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အိမ်နီးချင်းဖြစ်သလို နှစ်နိုင်ငံ ပြည်သူတွေကြားမှာ ကူးလူးဆက်ဆံမှုကလည်း ခိုင်မာတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကဏ္ဍတွေမှာ ကူညီ ထောက်ပံ့ပေးနေတာကို အသိအမှတ်ပြုတဲ့အကြောင်း ပြောပါတယ်။
ရှေ့လျှောက်လည်း တရုတ်နိုင်ငံက မြန်မာပြည်ကို မိတ်ဆွေကောင်းအနေနဲ့ အကူအညီပေးသွားမယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။