တရုတ်အမျိုးသားဥယျာဉ်တခုတွင်း ကျားတိုက်ခိုက်ခံရပြီး အမျိုးသမီးတဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၊ ဘာဒလင်း သားရိုင်းတိရစ္ဆာန်ဥယျာဉ်တခုတွင်းမှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက အမျိုးသမီးတဦး ကျားတကောင်တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသမီးဟာ တခြားအဖော် ၂ ဦးနဲ့အတူ ဥယျာဉ်တွင်းကို ကားနဲ့ လာရောက်ခဲ့တာဖြစ်ပြီး သူဟာ ကားတံခါးကိုဖွင့်ပြီး ဆင်းခဲ့ချိန်မှာ ကျားက အလစ်ဝင်ပြီး ခုန်အုပ်ပြီး သူ့ကို တရွတ်တိုက် ဆွဲခေါ်သွားခဲ့တာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူနဲ့အတူပါလာတဲ့ အဖော်တွေက ကယ်တင်ဖို့ အပြေးအလွှား လိုက်ပါသွားခဲ့ပေမယ့် မအောင်မြင်ဘဲ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ အဆိုပါဥယျာဉ်အနေနဲ့ လာရောက်လည်ပတ်ကြသူတွေကို ဆာဖာရီဥယျာဉ်ပုံစံအတိုင်း ကိုယ်ပိုင်ကားတွေနဲ့ လှည့်လည်ခွင့်ပြုထားတာဖြစ်ပြီး ဥယျာဉ်တွင်းမှာလည်း တိရစ္ဆာန်တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားတာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ သူ့ရဲ့အသက်ကို အလေးမထားဘဲ ကားပေါ်ကဆင်းခဲ့လို့ ခုလိုဖြစ်ခဲ့ရတာလို့ သတင်းမီဒီယာတွေက ဝေဖန်ပြောဆိုပါတယ်။ ဒီဥယျာဉ်တွင်း ခုလိုတိုက်ခိုက်ခံရမှုဟာ ပထမအကြိမ်မဟုတ်ဘဲ ၂၀၁၄ ခုနှစ်တုန်းကလည်း ကျားတကောင် တိုက်ခိုက်ခံရလို့ လုံခြုံရေးဝန်ထမ်းတဦး သေဆုံးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up