ဂျပန်အမျိုးသမီးတဦး ကျောက်ပန်းတောင်းမှာ သတ်ဖြတ်ခံရ
နော်နိုရင်း
·
September 29, 2011
နိုင်ငံခြားခရီးသွား ဂျပန်အမျိုးသမီး တဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်အကွာ တောတွင်းတနေရာမှာ သတ်ဖြတ်ခံရတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။
လည်ပင်းမှာ ညိုမဲတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဂျပန်အမျိုးသမီးရဲ့ အလောင်းကို ကျောက်ပန်းတောင်းကနေ ညောင်ဦးအသွား လမ်းဘေးက တောတွင်း တနေရာမှာ ၂၈ ရက်နေ့ညနေက တွေ့ရှိတယ်လို့ ရဲက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူ အသက် ၃၀ အရွယ် ဂျပန်အမျိုးသမီးကို သတ်တဲ့တရားခံကို ဖော်ထုတ်နိုင်အောင် အဲဒီအမျိုးသမီး ငှားရမ်းစီးနင်းတဲ့ ဆိုင်ကယ်ကယ်ရီသမားကို သံသယနဲ့ ထိန်းသိမ်းစစ်မေးနေတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက ဒု-ရဲအုပ်စိုးလွင်က ပြောပါတယ်။
“ဂျပန်လူမျိုးပါ။ နာမည်တော့ စုံစမ်းတုန်းဖြစ်လို့ ဂျပန်ကောင်စစ်ဝန်ရုံးကို ဆက်ပြီး မေးနေတုန်းပါ။ မနေ့က လေးနာရီကျော်လောက်မှာဖြစ်တာ၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်မှာဖြစ်တာပါ။ သူတို့က ရွာသားတွေက အဲဒီထဲကို ဆိုင်ကယ်ဝင်သွားတာကို တွေ့လို့ ရွာသားတွေက ၀ိုင်းထားပေးပြီးတော့ အဖြစ်ကု အော်မှ သိတာ။ ရဲစခန်းကို အကြောင်းကြားတော့ ရဲတွေက လိုက်သွားပြီး သေသွားတဲ့ အလောင်းကိုပဲ တွေ့ရတယ်။ သူ့ပစ္စည်းတွေကို ဓာတ်ပုံရိုက်နေတုန်းပဲ။ ရင်ခွဲရုံမှာ စစ်ဆေးနေတုန်းပါ။ တကယ်သတ်တယ် ဆိုရင်တော့ မုဒိမ်းကျင့်ခံရရင်လည်း၊ မုဒိမ်းမှုပေါ့။ လူသတ်မှုတို့ ၂ ခုလုံးနဲ့ အရေးယူဖို့ စဉ်းစားထားပါတယ်။ အခုတော့ အမှုတော့ ဖွင့်ထားတယ်။ တရားခံကိုတော့ စစ်ဆေးတုန်းပါ။ ဂျပန်ကိုလည်း လောလောဆယ် အမှုကိစ္စ လုပ်နေတုန်းမို့လို့ အတိအကျ မဖြေနိုင်ပါဘူး။”
ဒီအမျိုးသမီးသေဆုံးမှုကို ရဲကသိပုံကတော့ အဲဒီဂျပန်အမျိုးသမီးကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားတာကို တွေ့လိုက်တဲ့ဒေသခံတွေက အမျိုးသမီးတဦး အော်သံနဲ့ ဆက်စပ်ပြီး သတင်းပေးလို့ တွေ့ရှိခဲ့တာပါ။
အခုအချိန်မှာ အဲဒီအမျိုးသမီးထံက ပစ္စည်းလုယက်မှုနဲ့ အဓမ္မပြုကျင့်မှု ရှိမရှိ ပိုင်ဆိုင်မှုနဲ့ ဆေးစစ်မှုစတဲ့ ကိစ္စတွေကို ဆောင်ရွက် စစ်ဆေးနေတုန်းပဲလို့ ဒု-ရဲအုပ်က ပြောပါတယ်။
အသတ်ခံရသူ ဂျပန်အမျိုးသမီးရဲ့အလောင်းကို ကျောက်ပန်းတောင်း ဆေးရုံမှာပဲထားရှိပြီး နေပြည်တော်က မှုခင်းဆရာဝန် လာရောက် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
ဂျပန်ကောင်စစ်ဝန်ရုံးက သူတို့ဆီပို့ပေးဖို့ တောင်းဆိုထားချက်အရ အလောင်းကို ၂၉ ရက်နေ့ညနေမှာ ရန်ကုန်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဒု-ရဲအုပ်စိုးလွင်က ပြောပါတယ်။
ဒေသခံတွေအပြောအရ အဲဒီ ဂျပန်အမျိုးသမီးဟာ ကျောက်ပန်းတောင်းမြို့ကနေ ညောင်ဦးမြို့ကို ဆိုင်ကယ်ကယ်ရီငှားပြီး အသွားမှာ အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားပုံကို ဒေသခံတဦးက အခုလို ရှင်းပြပါတယ်။
“ကျောက်ပန်းတောင်းမှာ ညောင်ဦးသွားတဲ့ ကားဂိတ်ရှိတယ်။ အဲဒီမှာ ဆိုင်ကယ် ကယ်ရီက ၇ စီး၊ ၈ စီးလောက် အမြဲတမ်း ထိုင်နေတယ်။ ကားမစီးချင်တဲ့ ဧည့်သည်တွေကိုဆိုရင် ဆိုင်ကယ်နဲ့ သွားကြတယ်။ သူက အဲဒီဆိုင်ကယ်နဲ့ သွားတော့ ဟိုနားဒီနား ဓာတ်ပုံရိုက်လို့ရတယ်လေ။ ကျောက်ပန်းတောင်းက ထွက်ပြီးမှ ၁၂ မိုင်လောက်မှာ တောအုပ်လေးထဲမှာ ဖြစ်တာ။ ၀ါခင်းကြီးဆိုတဲ့ ရွာနားလေးမှာဖြစ်တာ။ လူသွားလူလာ နည်းနည်းပြတ်တယ်။ ဒါပေမယ့် ကျွဲကျောင်းသား၊ နွားကျောင်းသားတွေတော့ ရှိတာပေါ့။ အဲဒီမှာ သူတို့က တွေ့တယ်။ အော်သံလည်း ကြားတယ်ပေါ့။ ဆိုင်ကယ်လည်း ဝေါကနဲ့ ထွက်သံလည်းကြားတော့ အဲဒီမှာ ကျောက်ပန်းတောင်း ရဲစခန်းက ရောက်လာပြီး ဒေသခံတွေနဲ့ လိုက်ရှာတော့ ကျောက်ပန်းတောင်းနယ်ထဲမှာပဲ လာမိတယ်။”
ရဲက ဆိုင်ကယ်ကယ်ရီသမားတဦးကိုပဲ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖြေပေမယ့် မြို့ခံတွေကတော့ ဆိုင်ကယ်ကယ်ရီသမားရဲ့ ညီကိုပါ ထိန်းသိမ်း စစ်မေးခံနေရတယ်လို့ ပြောပြပါတယ်။