ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် မနက်ဖြန် တွေ့ဆုံမည်
အေးနိုင်
·
September 29, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ မနက်ဖြန်နေ့ခင်း တနာရီမှာ တွေ့ဆုံမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ မသိပါဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
[caption id="attachment_13223" align="alignleft" width="310" caption="၂၀၁၁ ဇူလိုင် လအတွင်း တွေ့ဆုံစဉ်"][/caption]
ဦးအောင်ကြည်ဟာ အစိုးရသစ်ရဲ့ ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး အဖြစ် တာဝန်ယူပြီး ဇူလိုင်လမှာတကြိမ် ဩဂုတ်လမှာ တကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်တာမို့ အခု တတိယအကြမ်မြောက် တွေ့ကြမှာဖြစ်ပါတယ်။
ဩဂုတ်လ တွေ့ဆုံမှုအတွင်းမှာတော့ ပြည်သူလူထု တရပ်လုံးရဲ့ လိုအပ်ချက် ဆန္ဒအတိုင်း ဖြည့်ဆည်းပေးတဲ့အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့နဲ့ အတူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကားလာစေရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားကြဖို့ နှစ်ဖက် သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။
ဒါ့အပြင် ပဋိပက္ခ အသွင်ဆောင်နေတဲ့ အမြင်သဘောထားတွေကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ဦးတည်သွားဖို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတဲ့ အချက်တွေကိုလည်း သဘောတူညီခဲ့ကြပါတယ်။
ဒီနောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်မှာ ဖိတ်ကြားတွေ့ဆုံမှု ကြုံခဲ့သလို ဒီလို ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက တိုးတက်ဖြစ်ထွန်းမှုအဖြစ် ထောက်ပြပြီး မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ကုလသမဂ္ဂညီလာခံမှာ တမြန်နေ့က တောင်းဆိုခဲ့ပါတယ်။