DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း​​ တင်​သွင်း
DVB
·
September 28, 2011
ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ  ဥပဒေကြမ်း​​ တင်​သွင်း
Donate to DVB

အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း တရပ်ကို ဒီလ ၂၆ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

လျှို့ဝှက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖတ်ရှုဖို့ ဖြန့်ဝေထားတဲ့ အဲ့ဒီ ဥပဒေမူကြမ်းထဲမှာတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်  ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရဖို့ လုပ်ဆောင်ရမယ့် အချက်တွေမှာ တင်းကြပ်မှုတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တဦးက အခုလို ပြောပြပါတယ်။

“အဆင့်ဆင့် ခွင့်တောင်းရမယ့် အခြေအနေပေါ့ဗျာ။ ဥပမာ နေရာတို့၊ ရက်ချိန်းတို့၊ နေ့ရက်တို့၊ ရည်ရွယ်ချက်တို့ အဲဒါမျိုးပါတယ်။ နောက်ပြီးတော့ လမ်းကြောင်းပေါ့။ သတ်မှတ်တဲ့ လမ်းကြောင်း စည်းကမ်းတွေပေါ့ဗျာ။ ဘယ်နေရာ မလုပ်ရ ဘာတွေပေါ့။ နောက်ပြီးတော့ ဟောပြောမယ့် ပုဂ္ဂိုလ်တွေ၊ ကိုယ်ရေး အချက်အလက်တွေ အဲဒါမျိုးတွေပေါ့။ တင်ရမှာကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို တင်ရမှာပေါ့။ မြို့နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့ပဲ အဲဒီလို ခွင့်ပြုမယ်ဆိုတဲ့ သဘောပါ။ ၇ ရက်ကြိုတင်ပြီးတော့ တင်ပြရမယ် ပြောတယ်။”

ဒီလုပ်ထုံးလုပ်နည်း တင်းကျပ်မှုတွေဟာ ဒီမိုကရေစီနည်းလမ်း ကျမကျကိုတော့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို စောင့်ကြည့်ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထုတ်တဲ့ ဥပဒေပေါ့။ အဲဒီထဲမှာတော့ စည်းကမ်းချက်တွေ တင်းကျပ်တာတွေ ဘာတွေတော့ ရှိမှာပေါ့။ အဲဒါမျိုးကိုကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်ပြီးတော့ ဆွေးနွေးရမှာပါ။ ဒီမိုကရေစီ ကိုက်၏ မကိုက်၏ ဆိုတာကတော့ တကယ်တမ်း လုပ်လာတဲ့အခါမှာမှ ဘယ်လိုပဲ သူတို့က အကြောင်းပြချက်နဲ့ ငြင်းပယ်သလဲ၊ တကယ်တမ်း ဥပဒေမှာ ပါပြီးတော့ ဥပဒေကြမ်း အရလုပ်ပြန်တော့လည်း ခွင့်မပြုတာမျိုး အဲဒါမျိုးတွေကို ကျနော်တို့က သုံးသပ်ပြီးမှ စစ်ဆေးပြီးမှ အဲဒါပြောလို့ ရမှာပါ။”

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်ကတော့ အစိုးရပြဌာန်းလာမယ့် ဒီဥပဒေတွေဟာ ထိန်းချုပ်မှုတွေနဲ့သာ ထွက်လာလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် ရှိတဲ့ နိုင်ငံတွေနဲ့စာရင်တော့ တင်းကျပ်မှုလေးတွေ ပိုများမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက စိုးရိမ်ကြောင့်ကြစိတ်နဲ့ ဒီမိုကရေစီ အနှစ်သာရ ပြည်စုံအောင် ဖြစ်နိုင်သေးတဲ့ အနေအထား မဟုတ်ဘဲကိုး ဒီလို အစိုးရမျိုးကိုး။ အဲဒီအစိုးရ ဝန်ကြီးတပါးက နေပြီးတော့ တင်တာဖြစ်တဲ့အတွက် သူတို့ အစီအမံနဲ့ တင်တာ ဖြစ်တဲ့အတွက် ဒီဟာတော့ဖြင့်ရင် ကျနော်တို့ နိုင်ငံတကာထုံးနည်းတွေနဲ့အညီတော့ ရေဘုယျအားဖြင့်တော့ သွားမှာပဲလို့တော့ မြင့်တယ်။ သို့သော် တင်းကြပ်မှုကတော့ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် နိုင်ငံတွေနဲ့ စာရင်တော့ သူက နည်းနည်း ပိုလိမ့်မယ်လို့ ထင်ပါတယ်။”

ဒီဥပဒေမူကြမ်းကို ဆွေးနွေးဖို့ အဆိုတွေကို ကိုယ်စားလှယ်တွေအနေနဲ့ ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းကြဖို့ ပြည်သူ့လွှတ်တော်က ကြောညာထားပြီး လာမယ့် သတင်းပတ်မှာ ဆွေးနွေး အတည်ပြုဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013