DVB Logo
Home
မေးမြန်းခန်း
ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရန် ကုလညီလာခံမှာ​ မြန်မာနိုင်ငံခြားရေးဝန်ကြီး​ တောင်းဆို (မေး​​မြန်း​ချက်)
DVB
·
September 28, 2011
ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရန် ကုလညီလာခံမှာ​ မြန်မာနိုင်ငံခြားရေးဝန်ကြီး​ တောင်းဆို (မေး​​မြန်း​ချက်)
Donate to DVB

မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂအထွေထွေ​ ညီလာခံတွင်းမှာ တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးက အစိုးရသစ်လက်ထက် မြန်မာပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်နေမှု၊ စီးပွားရေး ဖွံဖြိုးအောင် လုပ်ဆောင်မှု၊ လူနေမှု ဘ၀မြှင့်တင်ရေး လုပ်ငန်းတွေနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးတွေ လုပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။

သမ္မတရဲ့ ပထမ​ လွတ်ငြိမ်းသက်သာခွင့်​ အမိန့်နဲ့ အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးခဲ့ပြီး ဖြစ်သလို မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်​ အမိန့် ထပ်ထုတ်ပြန်ဖွယ် ရှိတယ်လို့လည်း ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးကော်မရှင်ကို မေးမြန်းရာမှာ မြန်မာအပေါ် ဒဏ်ခတ်မှု မရုပ်သိမ်းသင့်သေးပါဘူးလို့ ဖြေဆိုပါတယ်။

ကိုအေးနိုင်က ကော်မရှင်ပြောခွင့်ရသူ ဦးမင်းလွင်ဦးကို မေးထားပါတယ်။

မြန်မာပြည်မှာ သိသာထင်းရှားတဲ့ ဒီမိုကရေစီဖော်ဆောင်မှုတွေ၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းတွေ၊ ပြည်သူတွေရဲ့ လူနေမှု ဘဝတွေ မြှင့်တင်တဲ့ လုပ်ငန်းတွေမှာ ဖော်ဆောင်နေတာ လုပ်ဆောင်ပြီးသွားပြီလို့ ဒါကြောင့် ဆန်ရှင်(sanction) ရုတ်သိမ်းချိန် တန်ပြီလားဗျာ။

“ပထမဦးဆုံး ပြောရမယ် ဆိုရင်တော့ အစိုးရသစ် တက်လာတာ ၆ လပဲ ရှိပါသေးတယ်။ ၆ လအတွင်းမှာ လိုအပ်တဲ့ ဥပဒေတွေကိုတောင်မှ ပြင်ဆင်ပြဌာန်းဖို့ လုပ်တုန်းပဲ ရှိပါသေးတယ်။ ဥပဒေ တခုရယ်လို့ ပီပီပြင်ပြင် မပြဌာန်းသေးပါဘူး။ နောက်ပြီးတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကိုလည်း သိသိသာသာ ခွင့်ပြုထားတာတွေ ကျနော်တို့ မတွေ့ရှိရသေးပါဘူး။ ဘာကြောင့် ဒီလို ပြောရလဲဆိုရင် မနေ့ကပဲ ဒီ ပြည်သူတွေ စုဝေးဆန္ဒပြပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို တင်သွင်းမယ် ဆိုတာကို သိရတယ်။ မနေ့တနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေပေါ်မှာ မူတည်ပြီးတော့ အရင်တုန်းက ဆန္ဒပြခွင့် မရှိဘူး။ အခုတော့ ဘုရားပေါ်တက် ဆုတောင်းခွင့်ပြုထားတယ်။ လမ်းလျောက်စီတန်း လှည့်လည်ခွင့် ပြုထားတယ် ဆိုတာမျိုး တွက်ရင်တော့ ကျနော်တို့ အများကြီး မှားလိမ့်မယ်လို့ ကျနော် ပြောချင်တယ်။ ဒါတွေဟာ ယုံကြည်လို့ မရသေးတဲ့ အခြေအနေ ဖြစ်တယ်ဆိုတာကို သိဖို့လိုတယ်။ နိုင်ငံတကာကလည်း ဒီ အချက်အလက်တွေကို အသေးစိတ် စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်။ နောက်တချက်က ဒီ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အတိအကျ အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့လိုတယ်။ ဥပမာအားဖြင့် ပြောရရင် တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အတိအကျ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ခုချိန်ထိ ထွက်လာတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ဒါကြောင့် အချိန် စောလွန်းသေးတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောဆိုချက်ထဲမှာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ဆိုလို့ရှိရင် နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အာမခံထားတယ် ဆိုပြီးတော့ ပြောပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာအနေနဲ့လည်း ဆန်ရှင်တွေ ရုတ်သိမ်းချိန်တန်ပြီဆိုတာ တင်ပြတာရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ရော။

“နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အာမခံထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ပြည်တွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်လျှင် နိုင်ငံသားတွေရဲ့ အခွင့်အရေး ခံစားခွင့် ရှိတယ်လို့ ပြောတယ်။ အဲဒီတော့ ပြည်တွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ ဥပမာအားဖြင့် ကျနော်ပြောရရင် ပြည်သူတွေ ဆန္ဒထုတ်ဖော်တဲ့ ပြဌာန်းမယ့် ဥပဒေ အခု ပြတောင် မပြဌာန်းရသေးဘူး။ ပြန်ဌာန်းလို့ရှိရင် ဘယ်လိုအချက်တွေ ပါမယ်မှန်း ကျနော်တို့ မသိရသေးဘူး။ အဲဒီတော့ အဲဒီအချက်တွေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကတော့ ကွန်စတီကျူးရှင်းမှာပါတဲ့အတိုင်း လွတ်လပ်ခွင့်တွေ အပြည့်အဝ ခံစားနေရပါပြီလို့ ဘယ်လို ပြောနိုင်မလဲ။ ဒါတွေကို ကျနော်တို့ ပြန်စဉ်းသားမိဖို့ လိုပါယ်။ ဒါတွေဟာ နိုင်ငံတကာက ထင်ယောင်ထင်မှားဖြစ်အောင် ဟန်ပြပြောဆိုနေတာတွေပဲ ဖြစ်တယ်လို့ ကျနော်ကတော့ မြင်တယ်။”

မြန်မာအစိုးရကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကို ဩဂုတ်လ ၁၈ ရက်ကနေ ပြန်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စဆောင်ရွက်ဖို့ရယ်၊ နောက်တချက်ကတော့ သမ္မတကြီး ကိုယ်တိုင်ကနေပြီးတော့ amnesty (လွတ်ငြိမ်းချမ်းသာခွင့်) ဆိုပြီးတော့ သုံးပါတယ်။ ၁၆ ရက် မေ ၂၀၁၁ တုန်းက (ဂျုလိုင်အထိ) ဆိုရင် amnesty ပေးတဲ့အတွက် အကျဉ်းသား ၂ သောင်း ပြန်လည် လွှတ်ပေးသွားပြီလို့ ပြောတယ်။ လွတ်ငြိမ်းချမ်းသာခွင့်လို့ သုံးလို့ ရပါသလားဗျာ သမ္မကြီးက လွှတ်လိုက်တဲ့ ၂ သောင်းကလေ ဘယ်လိုမျိုး ယူဆပါသလဲ။

“သမ္မတကြီးလွှတ်လိုက်တဲ့ ကိစ္စကတော့ ကျနော်တို့ ဒီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၁ ပါ ပြဌာန်းချက်နဲ့ အညီ လွှတ်ပေးတာဖြစ်တယ်။ ကင်းလွှတ်ခွင့် ပေးတာဖြစ်တယ်။ amnesty ဆိုတာကတော့ အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမိန့်မျိုး မဟုတ်ဘူး ဆိုတာကို ကျနော်တို့ သိတယ်။ ဒါကြောင့် ဒီတခေါက်လည်း ဦးဝဏ္ဏမောင်လွင်ကနေပြီးတော့ ကုလသမဂ္ဂမှာ သင့်လျော်လျောက်ပတ်တဲ့ အချိန်မှာ အန်နက်စတီကို ထုတ်ပြန်ဖို့ ရှိတယ်လို့ ထပ်မံပြီး ပြောဆိုခဲ့တာ ဖြစ်တယ်။ ယခင်ပေးခဲ့တဲ့ ဥစ္စာက amnesty မဟုတ်ပါဘူး။ ပြစ်ဒဏ်က ကင်းလွတ်ခွင့်အနေနဲ့ပဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။”

၆ လတာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကာလတွေကို ခြုံငုံကြည့်လို့ရှိရင် မြန်မာပြည်မှာ ဆန်ရှင်တွေ ရုတ်သိမ်းနိုင်လောက်အောင် ဖြစ်ထွန်း တိုးတက်မှုတွေ ရှိပြီလို့ ပြောလို့ရပါသလား။ အာရှလှု့အခွင့်အရေးကော်မရှင် အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျာ။

“ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ထိုက်သင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိတယ်လို့ ဆိုနေသော်လည်းပဲ သိသာထင်သာတဲ့ ပြောင်းလဲမှုတွေ မရှိသေးတာကို ကျနော်တို့ တွေ့ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စ၊ နောက်ပြီးတော့ တောင်သူလယ်သမားတွေ လယ်ယာမြေတွေ ဆုံးရှုံးနေရတဲ့ကိစ္စ၊ အလုပ်သမားတွေ ဖိနှိပ်ခံနေရတဲ့ ကိစ္စ၊ ကလေးစစ်သားတွေ ယခုတိုင် စစ်တပ်တွင်းကနေပြီးတော့ ပြန်လည်ခေါ်ယူလို့ မရသေးတဲ့ ကိစ္စရပ်တွေက ရှိနေဆဲပဲ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး အခြေအနေအရ တိုးတက်မှု မရှိသေးဘူးဆိုတာကိုပဲ ကျနော်တို့ ပြောချင်ပါတယ်ခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013