သဘာဝဓာတ်ငွေ့ တရုတ်ကိုရောင်းထား၍ ဒေသအကျိုးမသုံးနိုင်
DVB
·
September 27, 2011

ရခိုင်ပြည်နယ် ကမ်းလွန်ဒေသက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ဒေသအကျိုး အတွက် အနည်းငယ်တောင် အသုံးပြုလို့ မရဘူးလို့ စွမ်းအင်ဝန်ကြီးက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကနေ ဒေသမီးလင်းရေး အသုံးပြုဖို့ အစီအစဉ်ရှိမရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဘရှင်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးမြန်းတာကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက အဲဒီလိုဖြေကြားလိုက်တာလို့ မြေပုံမြို့နယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။
“ဒါတွေက တရုတ်ပြည်ကို ရောင်းထားတာ။ အဲဒီမှာသတ်မှတ်ချက်အတိုင်းပဲ အပြည့်ပေးရမှာမို့လို့ ဖောက်ပြီးတော့ သုံးစွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စာချုပ်စာတမ်းနဲ့ လုပ်ထားတာမို့လို့ အဲဒီအတိုင်း မပြည့်မီရင် လျော်ပေးရမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီတောင်းဆိုချက်ဟာ မဖြစ်နိုင်ဘူးလို့ သူက ပြန်ဖြေပါတယ်။ ဘာတခုမှကို မရလိုက် ပါဘူး။ သူတောင်းစားလိုပေါ့ဗျာ။ လက်ဖြန့်ပြီး တောင်းခံတော့လည်း မပေးဘူးဗျ။”
စွမ်းအင်ဝန်ကြီးရဲ့ အခုပြောကြားချက်ဟာ ပြီးခဲတဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောဆိုခဲ့တာနဲ့ ကွဲလွဲနေပါတယ်။ လျှပ်စစ်ဝန်ကြီးက ရခိုင်ကမ်းလွန် ‘ရွှေ’ သဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍတွေကို ဦးစားပေး ပို့လွှတ်မယ်လို့ ပြောခဲ့တာပါ။
စွမ်းအင်ဝန်ကြီးရဲ့ ပြောဆိုချက်မှာ ကိုရီးယားနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။
ဒီစီမံကိန်းက ထွက်ရှိမယ့် သဘာဝဓာတ်ငွေတွေကို တရုတ်နိုင်ငံကို စီမံကိန်း ကာလ နှစ် ၃၀ ရောင်းချဖို့ သဘောတူထားတာပါ။
ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကိုတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်ပေးမယ်လို့လည်း စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ ပြည်နယ်တွင်းက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေကို ပြည်နယ်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍတွေမှာ အနည်းငယ် ပြန်လည် အသုံးပြုပေးဖို့ ဒီအရင်ကလည်း ရခိုင်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်း မေးမြန်းဖို့ ကြိုးစားခဲ့ကြပေမယ့် ပယ်ချခံရဖူးပါတယ်။
