မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်များ ထပ်မံပစ်ခတ် (ရုပ်သံ)

1.7K
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်တွေကို ဇူလိုင် ၁၉ ရက်က ထပ်မံပစ်ခတ်တယ်လို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်းက ဟွမ်ဂျူးမြို့ (Hwangju) ကနေ အရှေ့ဘက် ဂျပန်ပင်လယ်ထဲကို ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
ပထမ ၂ စင်းကတော့ တာတိုပစ် စကဒ် (Scud) ဒုံးကျည်တွေ ဖြစ်နိုင်ပြီး တတိယတစင်းကတော့ တာလတ်ပစ် ရိုဒေါင် (Rodong) ဒုံးကျည်တွေ ဖြစ်နိုင်တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အဆင့်မြင့် ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ကို ချထားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ကြေညာခဲ့အပြီး မြောက်ကိုရီးယားနိုင်ငံက အခုလို ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံကို အခုလို တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်တာတွေ၊ နျူကလီးယား စမ်းသပ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံတွေက တားမြစ်ထားပြီး စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူထားကြတာပါ။
ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ မြောက်ကိုရီးယားက ၄ ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့အပြီး ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုအရှိန် မြင့်တက်နေတာပါ။